Healthy Life Ad
International

လိင်ကိစ္စနှင့် ဟင်းခတ်အမွှေးအကြိုင်ရှောင်ခြင်းက အသက်ရှည်ခြင်း၏ လျှို့ဝှက်ချက်ဟု သက်တော် ၁၂၀ ဟိန္ဒူဘုန်းတော်ကြီး မိန့်ဆို

၊ မိုးမင်းထွန်း ၊

တရားဝင်နိုင်ငံကူးလက်မှတ်အရ ၈ ရက် ၈ လ ၁၈၉၆ ခုနှစ်ကမွေးဖွားခဲ့တဲ့ ဟိန္ဒူဘုန်းတော်ကြီး ဆွာမိသီဝနန္ဒဟာ အခုအခါမှာ သက်တော် ၁၂၀ ရှိနေပြီဖြစ်ပါတယ်။ သူအသက်ရှည်ခြင်းရဲ့ လျှို့ဝှက်ချက်က လိင်ကိစ္စရှောင်ရှားတာနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ မစားတာကြောင့်လို့ ပြောကြားလိုက်ပါတယ်။

အိုမင်းနေပေမယ့် ဆွာမိက နေ့စဉ်နာရီပေါင်းများစွာ ယောဂကျင့်ဖို့ အားအင်လုံလုံလောက်လောက် ရှိနေပါသေးတယ်။ ဆင်းရဲတဲ့မိသားစုက မွေးဖွားခဲ့ပြီး အသက် ၆ နှစ်အရွယ်မှာ မိဘနှစ်ပါးလုံး ကွယ်လွန်သွားခဲ့ပါတယ်။ ဆွေမျိုးတွေက ဘာသာရေး ဆရာတစ်ယောက်ဆီအပ်နှံခဲ့ပြီး ဆရာနဲ့အတူ အိန္ဒိယနိုင်ငံတစ်လွှား ခရီးသွားခဲ့ပါတယ်။ နောက်ပိုင်းမှာ ဝိနည်း၊ ယောဂကျင့်ကြံပြီး အိမ်ရာမထူထောင်တဲ့ ဘုန်းကြီးတစ်ပါး ဖြစ်လာခဲ့ပါတယ်။ ဆီနဲ့ဟင်းခတ်အမွှေးအကြိုင်မပါတဲ့ ဟင်းပူပူ၊ ထမင်းနဲ့ ငရုတ်သီးနှစ်တောင့်ပါတဲ့ ပဲဟင်းကိုသာ စားသောက်ပါတယ်။ နွားနို့နဲ့ အသီးတွေကိုလည်း မစားပါဘူး။

ကလေးဘဝတုန်းက ဝမ်းဗိုက်ဟောင်းလောင်းနဲ့ နေ့ပေါင်းများစွာနေဖူးတယ်လို့ ပြောပါတယ်။ ၅ပေ ၂ လက်မ အရပ်အမောင်းရှိတဲ့ ဆွာမိက ပျဉ်ပြားကို ခေါင်းအုံးလုပ်ပြီး ကြမ်းပြင်မှာ ဖျာခင်းအိပ်စက်ပါတယ်။ သူက တစ်ကိုယ်တော်နေထိုင်ပြီး အကူအညီမပါဘဲ ခရီးသွားနိုင်ပါတယ်။ ခေတ်ပေါ်နည်းပညာတွေ အသုံးမပြုဘဲ နေထိုင်တဲ့ဆွာမိက ပိုင်ဆိုင်မှု နည်းနည်းလေးနဲ့သာ ပျော်ရွှင်မှုရနိုင်တယ်လို့ ပြောပါတယ်။

လူသိများတာကို မခံလိုပေမယ့် တပည့်တွေက တိုက်တွန်းတာကြောင့် ဂင်းနက်စ်စံချိန်တင်နိုင်အောင် လျှောက်ထားတော့မယ်လို့ သိရပါတယ်။ ၂၀၁၃ ခုနှစ်က အသက် ၁၁၆ နှစ်အရွယ်မှာ သေဆုံးသွားတဲ့ ဂျပန်မှကီမူရာက အသက်အရှည်ဆုံး လူသားအဖြစ် စံချိန်တင်ထားပါတယ်။ ဆွာမိရဲ့အသက်ကိုသာ အတည်ပြုနိုင်ရင် သမိုင်းတစ်လျှောက် ကမ္ဘာ့အသက် အရှည်ဆုံးလူသားအဖြစ် စံချိန်ချိုးနိုင်မှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top