Healthy Life Ad
Life Style

ကိုယ်ကိုယ်တိုင်က အရှုံးမပေးသေးသရွေ့ မရှုံးဘူးဆိုတဲ့ အနာကြီးရောဂါသည် ဒေါ်သီတာ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ငယ်နာမည် မအေးသန်း၊ ပညာတော်ပြီး ပညာသင်ယူဆဲ အရွယ်တွင် အနာကြီးရောဂါ ခံစားခဲ့ရရာ ရောဂါသည်ဘဝတွင် နာမည်ဟောင်း မသုံးလိုတော့သဖြင့် ဒေါ်သီတာဆိုသော အမည်ပြောင်းခဲ့သူ၊ စိတ် ဓာတ်မာကျောပြီး ရခဲလှသည့် လူ့ဘဝတွင် ဘဝကို အရှုံးမပေးဘဲ ရပ်တည်နေထိုင်ခဲ့သူ၊ ဘဝတူများ အ ခွင့်အရေးရရှိစေရန် စွမ်းစွမ်းတမံကြိုးပမ်းနေသူ၊ ပရဟိတအလုပ်လုပ်ရင်း တရားဘာဝနာဖြင့် ဘဝကို တန်ဖိုးရှိစွာ နေထိုင်ရပ်တည်နေသူ၊ ၇၅ နှစ်အရွယ်နှင့် မလိုက်ဖက်လှစွာ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ရင်း ဘဝကိုတည်ငြိမ်စွာဖြတ်သန်းနေသူ . . ဒေါ်သီတာ၏ ဘဝကောက်ကြောင်းက စိတ်ဝင်စားဖွယ်ရာ ကောင်းလှသည်။

“အမေကြီးက ရန်ကုန်ဆေးရုံကြီးရှေ့ကဗဟိုစံပြကျောင်းမှာ ပထမနှစ်အောင်ပြီးပြီ၊ ဒုတိယနှစ်တက်တဲ့အချိန်မှာ ဒီလက်တွေက စဖြစ်လာတယ်။ ပထမတော့ ညာဘက်လက်မောင်းမှာ အဖြူကွက်လေး စပေါ်တယ်။ ကျောင်းမှာ ဆေးလာစစ်တော့ အဲဒီအဖြူ ကွက်လေးတွေ့တာနဲ့ ဆေးရုံကိုလာပြပါလို့ ခေါ်တယ်။ သွားစစ်တော့ အမေကြီးမှာ အနာကြီးရောဂါ (Leprosy)ရှိနေတယ်ဆိုတာ သိလိုက်ရတယ်။ အမေကြီး အတော်စိတ်မကောင်း ဖြစ်သွားခဲ့တယ်။

အမေကြီးတို့ခေတ်တုန်းက High School Final၊ SSE ရယ်၊ မက်ထရစ်ရယ်က တစ်ပေါင်းတည်း ဖြေရတာ။ အမှတ်များရင် မက်ထရစ်တက်ခွင့်ရမယ်၊ အမှတ်နည်းရင်တော့ High School Final၊ SSE အောင်တယ်။ အမေကြီးက မက်ထရစ်ကော High School Final ကော ဖြေလို့ရတယ်။ ဒီလိုဖြစ်သွားတော့ အမေကြီး ဘာလုပ်လို့ရတော့မလဲ”ဟု အဘွားဒေါ်သီတာက သူ့ငယ်ဘဝ၌ ရောဂါစတင်ခံစားခဲ့ရပုံကို ပြန်ပြောင်း ပြောပြခဲ့သည်။

အသက် ၁၆ နှစ်သမီးတွင် အဖြူကွက်ပေါ်ပြီး တဖြည်းဖြည်း လက်ချောင်း၊ ခြေချောင်းများ အားနည်းလာကာ အာရုံကြောများ ထုံကျဉ်လာကြောင်း၊ နောက်ပိုင်း အပူအအေး မသိတော့ဘဲ လက်ချောင်း များကိုင်းသွားကြောင်း အဘွားဒေါ်သီတာကဆိုသည်။

“ဆေးရုံက ဆရာဝန်က ‘မော်လမြိုင်တောင်ပိုင်းမှာ ခွဲစိတ်ကုသပေးတဲ့ ဆရာဝန်ရှိတယ်။ အဲဒီ ဆရာဝန်ကို သွားပြလိုက်ရင် နှစ်လ-သုံးလအတွင်း လက်တွေက အကုန်ကောင်းသွားမှာ’လို့ ပြောတယ်။ အမေကြီးကလည်း ‘ငါ ကျန်းမာရေးကောင်းရင် ငါ့ မိဘကိုလည်း ငါလုပ်ကျွေးနိုင်မယ်’ဆိုတဲ့ စိတ်အားထက်သန်မှုနဲ့ မော်လမြိုင်တောင်ပိုင်းဆေးရုံကို သွား ပြခဲ့တယ်”

၁၉၆၀ပြည့်နှစ်တွင် ဒေါ်သီတာသည် မော်လမြိုင်တောင်ပိုင်းဆေးရုံသွားပြခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် ရန်ကုန်သို့ ပြန်လာခဲ့ကြောင်း သိရသည်။

“သုံးနှစ်အတွင်း မော်လမြိုင်တောင်ပိုင်း ဆေးရုံမှာ အမေကြီးလက်တွေ ၁၀ ချောင်းစလုံး ခွဲခဲ့တယ် . . ဒါပေမဲ့ အဲဒီမှာ ကုသိုလ်ဖြစ်အနေနဲ့ တစ်နေ့လေးနာရီ လုပ်အားပေးရတယ်၊ တချို့ရက်ကန်းခတ် ရတယ်၊ တချို့ စပါးလှန်းရတယ်၊ အမေကြီးက စာလေးဘာလေးတတ်တော့ ကျောင်းဆရာမလုပ်ရတယ်။ အဲဒီမှာ ကျောင်းသားလေးတစ်ယောက် မြေအောက်ခန်းထဲ ကျန်နေလို့ သွားခေါ်လိုက်တာ တံခါး ညပ်ပြီး လက်နှစ်ချောင်းက ပြတ်သွားတယ်၊ အဲဒီလို ဖြစ်ပြီး ရန်ကုန်ပြန်လာတယ်၊ အဲဒီအချိန်မှာ အမေ ကြီးတို့ရောဂါသည်တွေက ထောက်ကြန့်မှာပဲ နေရတယ်။ ထောက်ကြန့်ရောက်တော့မှ အမေကြီး အိမ် ထောင်ကျတယ်”ဟု အဘွားဒေါ်သီတာက ပြောသည်။

ထိုအချိန်က အနာကြီးရောဂါသည်များအဖို့ စားဝတ်နေရေးအတွက် တောင်းစားခြင်းနှင့် တော အရက်ချက်ခြင်းဆိုသည့် အလုပ်နှစ်မျိုးသာ ရွေးချယ်ခွင့်ရှိခဲ့ရာ ဒေါ်သီတာက တောအရက်ချက်ခြင်း အလုပ်ကို ရွေးချယ်ခဲ့သည်။

“အမေကြီးတို့ဘဝမှာလမ်းနှစ်လမ်းပဲ ရွေးစရာရှိတယ်၊ အရက်ချက်မလား၊ တောင်းစားမလား၊ အမေကြီးက ဘယ်နည်းနဲ့မှ တောင်းမစားနိုင်ဘူး၊ ဒါနဲ့ တောအရက်ချက်ခဲ့တယ်။ စီးပွားလည်း ဖြစ်ပါတယ်။ သားသမီးနှစ်ယောက်ရခဲ့တယ်”

ထောက်ကြန့်တွင် ကြာကြာနေခွင့် မရတော့ဘဲ ၁၉၈၉ခုနစ်တွင် မြို့တော်စည်ပင်သာယာရေး စီမံချက်အရ ထောက်ကြန့်မှ မရမ်းချောင်းမြို့နယ်သို့ ပြောင်းရွှေ့ခဲ့ရရာ ဒေါ်သီတာတို့မိသားစုလည်း ပါဝင်ခဲ့သည်။

“အဲဒီမှာ တောအရက်ကို တစ်နှစ်-နှစ်နှစ် လောက်ပဲချက်လို့ရတယ်။ လှည်းကူးအထိ ဈေးဝယ်ရတယ်ဆိုတော့ လမ်းစရိတ်ကလည်း ကုန်တယ်။ ပြီးတော့ ရဲစခန်းငါးခုလောက်ကျော်မှ ဖောက်သည် ဆီရောက်တယ်ဆိုတော့ အဆင်မပြေတာနဲ့ အဲဒီအလုပ်ကိုမလုပ်တော့ဘူး။ သူများတွေကတော့ မီးသွေးတို့ ဘာတို့လုပ်ကြတယ်။ အမေကြီးက ဘာလုပ်သလဲ ဆိုတော့ ထင်းစည်းလေးတွေကို တစ်စည်း ၄၀ ကျပ် နဲ့ကောက်ပြီး ဖောက်သည်လာယူရင် ၅၀ ကျပ်နဲ့ ပြန် ရောင်းတဲ့အလုပ်လုပ်တယ်။ ပန်းထိမ်ငိုပန်း၊ ဂမုန်းပန်း၊ ရွက်လှပန်းစိုက်ပြီး ဘုရားပန်းရောင်းတယ်”ဟု အဘွားဒေါ်သီတာက ဝမ်းရေးအတွက် အသက် မွေးဝမ်းကြောင်းပြုခဲ့ပုံကို ပြောပြခဲ့သည်။

အနာကြီးရောဂါအတွက် ဆေးကုထုံးပေါ်လာသဖြင့် ဆေးကုသမှု ပြီးပြတ်သည်အထိ ခံယူပြီးသော်လည်း လက်အကြော၊ အရိုးများ မကောင်းတော့ကြောင်း အဘွားဒေါ်သီတာက ဆိုသည်။

အခုကျတော့ ဂေဟာမှာနေတဲ့သူတွေပဲ ထူထောင်တာများတယ်။ တကယ်ဆိုရင် ရောဂါသည်တွေက လူမှုပတ်ဝန်းကျင်မှာ ဝင်ဆန့်ရမယ်၊ အားလုံး လက်ခံနိုင်ရမယ်၊ အဲဒီလိုနေနိုင်ဖို့ဆိုရင် ကိုယ့်အိမ်နဲ့ ကိုယ့်ခြံနဲ့နေတဲ့သူမှ ဖြစ်မှာပေါ့။ ဂေဟာမှာနေပြီး ပေးထားတဲ့ ကုတင်ပေါ်မှာ အိပ်၊ ကုတင်ပေါ်မှာစားနေရင် ကုတင်ပေါ်မှာပဲ သေရုံပဲလေ . . ဘာလုပ်စားလို့ ရမှာလဲ . . .

“အမေကြီးတို့ရောဂါက ပတ်ဝန်းကျင်ကို ဒုက္ခမပေးပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ ဒုက္ခပေးတယ်။ အဲဒါနဲ့ နောက်ပိုင်း ဘာအလုပ်မှ မလုပ်နိုင်တော့ဘူး။ လက်ရှိဆိုရင် မရမ်းချောင်းမှာ မေတ္တာပရဟိတဂေဟာရှိပြီး လူ ၁၃၂ ယောက်ရှိတယ်။ အဲဒီပရဟိတမှာ အမေကြီးက ကော်မတီဥက္ကဌအဖြစ် ဆောင်ရွက်တယ်။ လူကြီးတွေလာရင် အမေကြီးတို့ကပဲ ပြောဆိုဧည့်ခံရတယ်၊ စီမံခန့်ခွဲရတယ်။

စာရေးဆရာ ဦးချစ်စံဝင်းတို့အဖွဲ့ဆိုရင် ၂၀ဝ၀ ပြည့်နှစ်ကတည်းက မရမ်းချောင်းကို လာခဲ့တာ၊ အဲဒီတုန်းက ဘာမှ မရှိသေးဘူး။ ဆရာတို့က ရောဂါသည်တွေကို ကူညီတာ၊ ရောဂါသည်မိသားစုတွေကို ထောက်ပံ့တာတွေ လုပ်ပေးတယ်။ ၂၀ဝ၅ ခုနှစ်မှာ အမေကြီးက ပညာရေးထောက်ပံ့မှုကော်မတီထဲမှာလည်း အဖွဲ့ဝင်အဖြစ် ဝင်ရောက် လုပ်ဆောင်ပေးတယ်။ အခုကျတော့ အစိုးရက ကျောင်းလခမယူတော့ဘူးဆိုတာနဲ့ ဆရာတိုရဲ့ ပညာရေးထောက်ပံ့မှု မရှိတော့ပါဘူး။ ဒါပေမဲ့ မေတ္တာအားမန်အဖွဲ့က ငါးတန်းကနေ ၉ တန်းအထိ တစ်နှစ်မှာ နှစ်သောင်းကျပ်၊ ၁၀တန်းအတွက် တစ်နှစ်မှာ ငါးသောင်းကျပ်ပေးတယ်။ အဲဒါတွေကို အမေကြီးက စီမံပေးရ တယ်။ ဆုရတဲ့ ကလေးတွေကို ချီးမြှင့်ဖို့ တင်ပြပေးရတယ်” ဟု အဘွားဒေါ်သီတာက သူပါဝင်ဆောင် ရွက်လျက်ရှိသော ပရဟိတလုပ်ငန်းများကို ပြောပြခဲ့သည်။

အိမ်ထောင်ဘက် သေဆုံးပြီးနောက် အိမ်ထောင်ကျသွားသည့် သားသမီးများကလည်းခွဲထွက်သွားကြရာ ကိုးတန်းတက်နေသည့် မြေးလေးတစ်ဦးနှင့် အတူနေထိုင်လျက်ရှိသော ဒေါ်သီတာသည် ယခုအခါ အသက် ၇၅ နှစ်ရှိပြီ ဖြစ်သည်။ အနာကြီး ရောဂါကို နှစ်ပေါင်း ၅၀ ကျော် ခံစားလာခဲ့သူဖြစ်သဖြင့် အခြားရောဂါသည်တို့အား ခွဲခြားဆက်ဆံခံရခြင်း မရှိစေလိုဘဲ အများနည်းတူ လူဝင်ဆန့်စေချင်မှာ အဘွားဒေါ်သီတာ၏ ပြင်းပြသော ဆန္ဒပင်ဖြစ်သည်။

အိမ်မှာ ‘အတ္တဟိအတ္တနော နာထော၊ မိမိကိုယ်သာ အားကိုးရာ’ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ထားတယ်။ အမေကြီး စိတ်အားငယ်သလို ဖြစ်လာရင် အဲဒီဆိုင်း ဘုတ်လေးကြည့်ပြီး စိတ်အားပြန်တက်လာတယ်။ အမေကြီးက စိတ်ဓာတ်ကို မာအောင်ထားတယ်။ ဘယ်ဘာသာနဲ့ပဲကြည့်ကြည့် လူ့ဘဝဆိုတာ ရခဲပါတယ်။ ရောက်လာတဲ့ဘဝမှာ ကိုယ်က အရှုံးပေး သွားရမယ်ဆိုတာ ဘယ်ဟုတ်မလဲ၊ ကိုယ်ကိုယ်တိုင်က အရှုံးမပေးသေးသရွေ့မရှုံးဘူး . . .

“အနာကြီးရောဂါသည်တွေကို ပြန်လည်ထူ ထောင်ရေးလုပ်တယ်ဆိုတာ နှစ်ချက်ရှိတယ်။ ဂေဟာမှာနေတဲ့ သူတွေကို ပြန်လည်ထူထောင်ပေးတာနဲ့ ကိုယ့်အားကိုကိုးပြီး ကိုယ့်ခြေထောက်ပေါ် ရပ်တည်နေတဲ့သူတွေကို ပြန်လည်ထူထောင်ပေးတာဆိုပြီး နှစ်ချက်ရှိပါတယ်။ အခုကျတော့ ဂေဟာမှာနေတဲ့ သူတွေပဲ ထူထောင်တာများတယ်။ တကယ်ဆိုရင် ရောဂါသည်တွေက လူမှုပတ်ဝန်းကျင်မှာ ဝင်ဆန့်ရမယ်၊ အားလုံးလက်ခံနိုင်ရမယ်၊ အဲဒီလို နေနိုင်ဖို့ ဆိုရင် ကိုယ့်အိမ်နဲ့ ကိုယ့်ခြံနဲ့နေတဲ့သူမှ ဖြစ်မှာပေါ့။ ဂေဟာမှာနေပြီး ပေးထားတဲ့ ကုတင်ပေါ်မှာအိပ်၊ ကုတင်ပေါ်မှာစားနေရင် ကုတင်ပေါ်မှာပဲ သေရုံပဲလေ . . ဘာလုပ်စားလို့ ရမှာလဲ။
အမေကြီးကိုယ်တိုင် ရောဂါခံစားရတာ နှစ်ပေါင်း ၅၀ ရှိပြီဖြစ်လို့ မရမ်းချောင်းမှာ အနာကြီးရောဂါသည် ဘယ်လောက်ရှိတယ်ဆိုတာ သိတယ်၊ သူတို့ကို ကူညီဖို့ အမေကြီး စိတ်ဓာတ်က ပြင်းတယ်။ အမေကြီးက ကိုယ့်အိမ်နဲ့ ကိုယ်ပဲနေတယ်၊ အိမ်မှာ ဆိုင်းဘုတ်ချိတ်ထားတယ်။ ‘အတ္တဟိအတ္တနော နာထော၊ မိမိကိုယ်သာ အားကိုးရာ’ဆိုတဲ့ ဆိုင်းဘုတ် ချိတ်ထားတယ်။ အမေကြီး စိတ်အားငယ်သလို ဖြစ်လာရင် အဲဒီဆိုင်းဘုတ်လေး ကြည့်ပြီး စိတ်အားပြန် တက်လာတယ်။ အမေကြီးက စိတ်ဓာတ်ကိုမာအောင်ထားတယ်။ ဘယ်ဘာသာနဲ့ပဲကြည့်ကြည့် လူ့ဘဝ ဆိုတာရခဲပါတယ်။ ရောက်လာတဲ့ဘဝမှာ ကိုယ်က အရှုံးပေးသွားရမယ်ဆိုတာ ဘယ်ဟုတ်မလဲ၊ ကိုယ်ကိုယ်တိုင်က အရှုံးမပေးသေးသရွေ့ မရှုံးဘူး။ အဲဒါကြောင့် အမေကြီး စိတ်ဓာတ်မကျဘူး။

အခုဆိုလည်း မျက်စိက ရေတိမ်ခွဲထားရတာ၊ ဝေးဝေးသွားရရင် သူများတွဲမှသွားနိုင်တယ်။ အလုပ် မလုပ်နိုင်ပေမယ့် ဘဝတူ ရောဂါသည်လေးတွေ ကျောင်းနေနိုင်အောင် လုပ်ပေးတယ်။ အမေကြီးက ပညာ လည်း နည်းနည်းပါးပါးတတ်တော့ အမျိုးသမီးရေးရာမှာလည်း နာယကအဖြစ်ထမ်းဆောင်တယ်၊ ဘာသာ ရေးကျတော့လည်း ဘုရားတည်၊ ကျောင်းဆောက်၊ ကထိန်ပွဲအတွက် ဂေါပကအတွင်းရေးမှူးအဖြစ်လုပ် ဆောင်တယ်။ အမေကြီးက ပရဟိတအလုပ်ကို ဝါသနာလည်းပါတော့ ကိုယ်စွမ်းဆောင်နိုင်တာအကုန် လုပ်ပါတယ်။

အခုကျတော့ တရားအလုပ်တွေ လုပ်တယ်၊ သင်္ကြန်တရားစခန်းဆိုရင် အမေကြီး ဦးဆောင်ပြီး လုပ်တာ ၁၁ ကြိမ်ရှိသွားပြီ”ဟု အနိုင်မခံ၊ အရှုံးမပေး စိတ်ဓာတ်ပြင်းပြပြီး ထက်မြက်လှသော အဘွားဒေါ်သီတာက လက်ရှိရပ်တည်မှုအကြောင်း ပြောပြခဲ့သည်။

သီချင်းရေးသားခြင်း၊ သီချင်းဆိုခြင်း၊ ကဗျာရေးသားခြင်းတို့ကို ဝါသနာပါပြီး စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ခံစားရတိုင်း လက်ပံတန်း- စောနဏ်းဧ ကလောင်အမည်ဖြင့် ကဗျာရေးလေ့ရှိကြောင်း အဘွားဒေါ်သီတာက ပြောပြခဲ့ရာ သူရေးထားသည့် ကဗျာတစ်ပုဒ်ကို လေးစား ဂုဏ်ယူစွာ ဖော်ပြလိုက်ပါသည်။

မေတ္တာဖြန်းမှ လန်းမည့်ပန်း

တို့ဘဝလမ်း၊ ရေလှိုင်းကြမ်းတွေ
မုန်တိုင်းမွှေ၍၊ ဘယ်ဆွေဘယ်မျိုး
အားမကိုးနိုင်၊ ငုတ်တုပ်ထိုင်လျက်
ငေးငိုင်ဒူးထောက်၊ လက်မမြှောက်ဘူး
ဘယ်လောက်နှိပ်စက်၊ စိတ်မပျက်ဘူး
တို့လက် တို့ခြေ၊ တိုပါစေဦး
တို့ပြုံးပြုံးပဲ။

တို့များဇွဲခိုင်၊ အားမြိုင်မြိုင်နှင့်
ပန်းတိုင်ကိုမျှော်၊ ကယ်သူပေါ်လာ
မေခလာမှ၊ ဇနက္ကပုံ
လက်ငင်းကြုံပြီ၊ ရင်ခုန်သံလား
ပုံပြင်လား။

နိမ့်ကျဆုံးသူ၊ တို့လိုလူကို
မေတ္တာယိုစီး၊ အားမာန်ကြီးနှင့်
ခရီးဝေးကွာ၊ ယုဇနာမှ
ဖွေရှာကြိုးစား၊ “မေတ္တာအားမန်”
အဖွဲ့မှန်သည်၊ ဧကန်မုချ
တို့ဘဝတွက်၊ လိုအပ်ချက်။ ။

လက်ပံတန်း- စောနဏ်းဧ

(ဓာတ်ပုံများနှင့် ကဗျာကို အဘွားဒေါ်သီတာ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်း ဖြစ်ပါသည်။ အယ်ဒီတာ)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top