Healthy Life Ad
Life Style

ရင်သားကင်ဆာရှိသူ ပဲနို့မသောက်ရဆိုသည်မှာ မမှန်

ဇွန်ခိုင်ဦး ( ဆေးဝါးတက္ကသိုလ် )
ရင်သားကင်ဆာရှိသူများတွင် ပဲနို့မသောက်ရ ဆိုသည့် သုတေသနစာတမ်းအချို့ ထွက်ရှိခဲ့သော်လည်း ယခုအခါတွင် မမှန်ကန်တော့ဘဲ ပဲနို့၊ ပဲပိစပ်ဆီများကို စားသုံး၍ရကြောင်း အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က အာဟာရဆိုင်ရာ ဟောပြောပွဲတွင် ပြောကြားခဲ့သည်။

“ အရင်တုန်းက လေ့လာမှုတချို့အရ ရင်သားကင်ဆာရှိသူတွေ ပဲနို့မသောက်ရဘူးဆိုတာမျိုး ထွက်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ပြန်ဖျက်ထားပါတယ်။ ရင်သားကင်ဆာ ရှိသူတွေက ပဲနို့သောက်လို့ရပါတယ်။ ပဲပိစပ်ဆီ စားလို့ရပါတယ်” ဟု ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ဆိုသည်။ပြောင်းလဲဆီ (Trans Fat)များစွာ စားသုံးခြင်းကလည်း ရင်သားကင်ဆာနှင့် ဆက်စပ်နေကြောင်း သိရသည်။

“ အဆီတွေအများကြီး စားရင် ရင်သားကင် ဆာနဲ့ ဆက်စပ်နေပါတယ်။ ကျွန်မတို့ဆီလာပြတဲ့ ကင်ဆာသမားတွေ၊ အထူးသဖြင့် ရင်သားကင်ဆာ သမားတွေကို ‘ သူတို့ ဘာကြိုက်လဲ’ လို့ မေးကြည့်လိုက်ရင် များသောအားဖြင့် ဟင်းအနှစ်ကို အရမ်းကြိုက်ကြတယ်၊ အကြော်တွေကြိုက်ကြတယ်၊ မြန်မာလူမျိုးအများစုကလည်း ဘူးသီးကြော်၊ ဗယာကြော် စသဖြင့် များများစားကြတယ်။ ဆီတွေက ထပ်ခါထပ်ခါ ပြန်ကြော်ထားတဲ့အတွက် ပြောင်းလဲဆီတွေ ဖြစ်သွားတော့ ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ တိရစ္ဆာန်ဆီတွေကနေလည်းTrans Fatတွေ ရပါတယ်။ ဒီအဆီတွေကိုယ်တိုင်က ကင်ဆာကို ဖြစ်စေတဲ့အပြင် ဒီအဆီတွေက ဗိုက်ထဲရောက်သွားတဲ့အခါ Free Fatty Acid အဖြစ် ပြောင်းသွားပြီး ကင်ဆာအဖြစ် ကူးပြောင်းသွားပါတယ်”ဟု ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ရင်သားကင်ဆာ ဖြစ်နှုန်း မြင့်မားလျက်ရှိရာ အမျိုးသမီးများအနေဖြင့် ရင်သား အကျိတ်ဖြစ်ခြင်း၊ ရင်သားအရေပြား ပြောင်းလဲခြင်း၊ နို့သီးခေါင်း ပုံမမှန်ဖြစ်ခြင်း စသည့် မသင်္ကာဖွယ်ရာ လက္ခဏာများ ဖြစ်ပေါ်ပါက သက်ဆိုင်ရာ ကျွမ်းကျင်သူဆရာဝန်များနှင့် အမြန်ဆုံးပြသသင့်ကြောင်း၊ ရင်သားကင်ဆာသည် အစောပိုင်းအဆင့်တွင် သိရှိရပါက ပျောက်ကင်းနိုင်ခြေများကြောင်း သိရသည်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top