Healthy Life Ad
Q & A

ရင်သားအား မိမိဖာသာစမ်းသပ်နည်း (Breast self-examination)

———-၊ ဒေါက်တာတင့်ဆွေ ၊———–

(ကန်တော့)

၁။ မင်္ဂလာပါဒေါက်တာရှင့် ကျွန်မအသက်က ၃၀ ပါ အပျိုပါ။ ရင်သားအောက်ဘက်နားမှာ အကျိတ်တွေ့လို့ပါရှင့်။ ရင်သားကင်ဆာနဲ့ပက်သက်တဲ့ အကြောင်းအရာနဲ့ ရိုးရိုးအကျိတ်ဖြစ်တဲ့အကြောင်း ခွဲခြားပြီး ပြောပြပေးပါရှင့်။ သိတာ ၂ရက်ရှိပါပြီ။

၂။ ရိုသေစွာဖြင့် မေးမြန်းပါသည်ဆရာရှင့်။ ရင်သားကင်ဆာရဲ့လက္ခဏာတွေက ဘယ်လိုမျိုးစသိနိုင်ပါသလဲ။ ကျွန်မသည် ကလေး ၂ ယောက်မိခင် အသက် ၃၄ နှစ်ပါ။ ကလေးတွေကိုမွေးပြီး ၃ လကျော်အထိဘဲ နို့တိုက်ဖူးပါတယ်။ ၃ လခံထိုးဆေး ထိုးဖူးပါတယ်။ ကျွန်မ၏ရင်သား ၂ ဖက်က အရွယ်မတူတာကို သတိထားမိလို့ပါ။ ဘယ်ဘက်ရင်သားက နဲနဲ ပိုငယ်နေပါတယ်။ အကျိတ်အဖုတော့ မတွေ့မိပေမယ့် ရင်သားကင်ဆာမျိုးရိုးလဲမရှိပေမယ့် ကင်ဆာဖြစ်မှာစိုးရိမ်လို့ပါ။ ဘယ်လိုမျိုးများ စမ်းသပ်မှုတွေ လုပ်သင့်ပါသလဲရှင်။ ကျေးဇူးတင်ပါတယ်။

ရင်သားအရွယ်မတူတာ လူတိုင်းလိုလိုမှာရှိတယ်။ စိုးရိမ်စရာမရှိပါ။ ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာဖြစ်တဲ့ ကင်ဆာမျိုးစုံရဲ့ ၁ဝ့၄% ရှိတယ်။ ၂ဝဝ၄ ခုနှစ်က တကမ္ဘာလုံးမှာ ၅၁၉ဝဝဝ ယောက် ဒီရောဂါနဲ့ သေဆုံးခဲ့ရတယ်။ သေဆုံးသူစုစုပေါင်းရဲ့ ၁% ဖြစ်တယ်။ ကင်ဆာကြောင့် သေဆုံးသူထဲကဆိုရင် ၇% ဖြစ်တယ်။ ယောကျာ်းတွေမှာလည်း ဖြစ်တတ်ပေမဲ့ အမျိုးသမီးတွေမှာက အဆ ၁ဝဝ ပိုတယ်။

ရင်သားအား မိမိဖာသာ စမ်းသပ်နည်း

ဘယ်ဘက်ရင်သားစမ်းသပ်ရန် ညာဘက်လက်ကိုသုံးပါ။ ညာဘက်ရင်သားစမ်းသပ်ရန် ဘယ်လက်ကိုသုံးပါ။ ဖိအားခပ်တင်းတင်းသုံး၍ စမ်းပါ။ ဘာ Lotion လိမ်းစရာမှ မသုံးပါနဲ့။ ရင်သားတပြင်လုံးကို –

(၁) နာရီလက်တံသွားသလို စက်ဝိုင်းလည်၊

(၂) နာရီလက်တံ ပြောင်းပြန်သွားသလို စက်ဝိုင်းလည်၊

(၃) အထက်မှအောက်၊

(၄) အောက်မှအထက်၊ စမ်းပါ။ ဘီးစပုတ်တံများလိုလည်း စမ်းနိုင်တယ်။ နေရာအနှံ့ထိမိစေဘို့သာ အရေးကြီးတယ်။

မှန်ရှေ့မှာ မျက်နှာချင်းဆိုင်ရပ်ပါ။ ရင်သားတဖက်စီအား သပ်သပ်စီကြည့်ပါ။ အရွယ်အစား၊ ပုံပန်း၊ အရောင်၊ နို့သီး၏အနေအား (ခွက်ဝင်နေသလား၊ အရောင်မတူဘူးလား၊) နှင့် အရွယ်အစား၊ တဖက်နှင့်တဖက် ညီသလား။ နို့သီးမှ အရည် (နို့၊ အကြည်ရည်၊ သွေး၊ ပြည်) ထွက်သလား ညှစ်ကြည့်ပါ။ အပေါ်ယံအရေပြား၏ နူးညံ့မှုပြောင်းသွားသလား။ လက်တဖက်ကို ခေါင်းပေါ်မြှောက်ပါ။ ဘယ်-ညာ ဖြေးဖြေးလှည့်ပါ။ ရင်းသားကိုကြည့်ပါ။ အထဲမှာ အလုံး-အကျိတ် ရှိနေလို့ တနေရာမှာ ဖေါင်းနေသလား၊ ခွက်ဝင်နေသလား။ ရှေ့ကို နည်းနည်းကုန်းပါ။ ထူးခြားတာ ဘာမြင်ရသလဲ။

• လှဲအိပ်လိုက်ပါ။ ရင်သားကို လက်ဝါးသုံးပြီး တဖက်ချင်းစမ်းပါ။

• ဂျိုင်း၊ ရင်သားဘေးနား နေရာများမှာ အလုံး၊ အကျိတ်၊ အနာ ရှိသလား။

သတိထားရမည့် တွေ့ရှိချက်များ

• ရင်သားမှာ အလုံး-အကျိတ်ရှိတိုင်း မစိုးရိမ်ပါနဲ့၊ တခုခုတွေ့သူတွေထဲက ၁ဝ ယောက် ၁ ယောက်မှာသာ ကင်ဆာ ဖြစ်တာပါ။

• အလုံး-အကျိတ်တွေ့ရင်၊ နေရာ၊ အရွယ်အစား၊ ပုံသဏ္ဌာန်၊ အပြော့-အမာ (ပြော့-တင်း-မာ-အလွန်မာ)၊ ရွေ့ ရ-မရ၊ နာ-မနာ၊ တို့ကိုပါ စမ်းပါ။

• အလုံး-အကျိတ်ဟာ ကင်ဆာ၊ ကင်ဆာ မဟုတ်တဲ့အကျိတ်၊ နို့နာ၊ ဟော်မုန်းအပြောင်းအလဲ (အပျိုဝင်ချိန်၊ ကိုယ်ဝန်ရှိစဉ်၊) ကြောင့်ဖြစ်တဲ့ ရောဂါမဟုတ်တဲ့ ပြောင်းလဲမှု ဖြစ်တတ်တယ်။

• အလုံး-အကျိတ်ဟာ ဘေး၊ ဘယ်-ညာ၊ အထက်-အောက်၊ ရွေ့၍ရလျှင် ကင်ဆာဖြစ်ခဲပါတယ်။

• အသက်ငယ်လျှင် ကင်ဆာမဖြစ်တာများတယ်။

• နာလျှင်အနာ (နို့ရောင်-ပြည်တည်နာ) သဘောသာ ဖြစ်တတ်တယ်။

• မာလျှင် ကင်ဆာဖြစ်ဘို့ နီးစပ်တယ်။

• နို့သီးထိပ်ခွင်ဝင်နေရင် ကင်ဆာဖြစ်ဘို့များတယ်။

• နို့ထိပ်မှ သွေးထွက်ရင် ကင်ဆာဖြစ်နိုင်တယ်။

• အရေပြားဟာ လိမ်မော်သီးအခွံလိုနေလျှင် အထဲမှာ ကင်ဆာဖြစ်တတ်တယ်။

• ချိုင်း အကျိတ်တွေ့လျှင် ကင်ဆာ သို့မဟုတ် နို့နာကနေ လာတာဖြစ်နိုင်တယ်။

• ရင်သား၊ ဂျိုင်း (ဘယ်-ညာ) နေရာမှာ အလုံး၊ အကျိတ်၊ အနာ တခုခုရှိခြင်း၊ (နို့နာ သို့မဟုတ် ကင်ဆာ ကနေလာတာ၊)

• ရင်သား အရေပြား တနေရာမှာ ခွက်ဝင်နေခြင်း၊ ဖေါင်းနေခြင်း၊ (အထဲမှာ အလုံး-အကျိတ်ရှိနေခြင်း၊)

• နို့သီးထိပ်မှ မညှစ်ဘဲဖြစ်စေ၊ ညှစ်လို့ဖြစ်စေ သွေးထွက်ခြင်း၊ (ကင်ဆာ)

• ရင်သားအနာ အကြာကြီး မပျောက်နိုင်ခြင်း၊ (ကင်ဆာ)

• ရင်သားမှာ ထူးပြီး နာ၊ ယား၊ နီမြန်းခြင်း၊ (ကင်ဆာ၊ ပိုးဝင်ခြင်း၊)

• နို့သီးထိပ် ခွက်ဝင်နေခြင်း၊ (ကင်ဆာ)

Most Popular

Healthy Life Ad
To Top