Healthy Life Ad
Life Style

ပြင်သစ်လှပျိုဖြူတို့၏ ကျက်သရေရှိရှိ သွယ်လျလှပရခြင်းလျှို့ဝှက်ချက်

၊ ငွေကြယ်စင်ယံ ၊

ပြင်သစ်အမျိုးသမီးတွေဟာ ချောကလက်တွေ၊ ချိစ်တွေစားနေရင်း၊ ဝိုင်သောက်နေရင်း သူတို့ခန္ဓာကိုယ်ကိုသွယ်လျပြီး ကျက်သရေရှိရှိ ဆွဲဆောင်မှုရှိနေအောင် ထိန်းထားနိုင်စွမ်းရှိတာကို ကမ္ဘာလှည့်ခရီးသွားတွေက မကြာခဏအံ့အားသင့်ကြပါတယ်။ ဒါကြောင့် သူတို့ ဘယ်လိုစားသောက်နေထိုင်တဲ့အတွက် ဒီလိုခန္ဓာကိုယ်သွယ်လျလှပကြည့်ကောင်း နေရသလဲဆိုတဲ့ လျှို့ဝှက်ချက်ကို ဖော်ပြလိုက်ပါတယ်။

– အဆင်သင့်အစာမစားခြင်း

ပြင်သစ်လှပျိုဖြူတွေရဲ့အဓိကလျှို့ဝှက်ချက်က အဆင်သင့်အစာတွေကို မစားတာပါပဲ။ စားသောက်ဆိုင်နဲ့ ကော်ဖီဆိုင်တွေမှာ နေ့လယ်စာနဲ့ညစာကို မကြာခဏ စားလေ့ရှိပေမယ့် အဆင် သင့်အစာတွေကို တတ်နိုင်သမျှရှောင်ပါတယ်။

– အရည်အသွေးကောင်းမွန်မှုကို ဦးစားပေးရွေးချယ်ခြင်း

ပြင်သစ်အမျိုးသမီးတွေကအကောင်းဆုံး၊ အလတ်ဆတ်ဆုံး၊ အသန့်ရှင်းဆုံး ဆိုတာကိုမှရွေးချယ်လေ့ရှိပါတယ်။ ပြောရရင်ချောကလက်စားတဲ့အခါ အဖြူရောင်ထက် အညိုရောင်ချောကလက်ကို ရွေးချယ်ပါတယ်။ ဈေးသက်သာတဲ့ ကြက်သားထက် လတ်ဆတ်တဲ့ ငါးကိုရွေးစားပါတယ်။

– ဆားများများ၊ သကြားများများရှောင်ခြင်း

ပြင်သစ်ဟင်းလျာတွေက အရသာရှိပါတယ်။ အဓိကအားဖြင့် ပင်ကိုအရသာကို ဟင်းခတ်အမွှေးအကြိုင်ထည့်ပြီး အရသာရှိရုံပဲလုပ်ထားတာပါ။ ကိတ်မုန့်ဆိုရင်လည်း မချိုလွန်း၊ မအီလွန်းအောင်လုပ်ထားသလို ဘယ်အစာမဆို ဆားမများပါဘူး။ ဆီနဲ့လည်း အလွန်အမင်း မကြော်ထားပါဘူး။

– တစ်ကြိမ်နှင့် တစ်ကြိမ်ကြား သရေစာစားခြင်း

နေ့လယ်စာစားပြီး သရေစာအနေနဲ့ ဟင်းရွက်သုပ်၊ အသားတွေကို စားလေ့ရှိပါတယ်။ ဒါဆိုရင် ဆာလောင်လွန်းတဲ့ စိတ်နဲ့ ညစာကို အလွန်အမင်းမစားဖြစ်တော့ပါဘူး။ များသောအားဖြင့် သရေစာ အဖြစ် ဒိန်ချဉ်သောက်လေ့ရှိပါတယ်။

– အသင့်အတင့်၊ မျှမျှတတစားခြင်း

ပြင်သစ်အမျိုးသမီးတွေက တစ်နေ့တည်းနဲ့ ကိတ်မုန့်၊ ချိစ်၊ ပေါင်မုန့်စတာတွေ စုပြီးမစားကြပါဘူး။ အစာကိုနည်းနည်းနဲ့ စိတ်ကျေနပ်ရုံပဲ အသင့်အတင့်စားပါတယ်။ ဒီနေ့ကိတ်မုန့်တစ်တုံးလောက် စားတယ်ဆိုရင် ညနေဘက်မှာ ဟင်းရွက်သုပ်များများ၊ ကြက်ရင်ပုံသားစသဖြင့် စားပါတယ်။ နောက် တစ်နေ့ကျမှ ချောကလက်စားပြီး နောက်ရက်မှာ ဝိုင်သောက်တာမျိုးလုပ်ပါတယ်။

– ဇွန်း၊ ခက်ရင်းကိုချထားခြင်း

ပြင်သစ်အမျိုးသမီးတွေက ပါးစပ်ထဲအစာတစ်ဇွန်းပြီး တစ်ဇွန်းအဆက်မပြတ်ထည့်တဲ့ အကျင့်မရှိပါဘူး။ အစာကို ဖြည်းဖြည်းချင်းစားပြီး အစာတစ်လုတ်ချင်းကို ကြေညက်အောင်ဝါးစားပါ တယ်။ ပြီးတော့ အတူစားတဲ့သူကိုစကား စမြည်လေးပြောလိုက်၊ အစာဝါးလိုက်နဲ့ အေးအေးလူလူ စားသောက်တတ်ပါတယ်။

– လေ့ကျင့်ခန်းလုပ်ခြင်း

ပြင်သစ်အမျိုးသမီးတွေက လေ့ကျင့်ခန်းကိုလည်း နေ့တိုင်းလုပ်ဆောင်ပါတယ်။ မနေ့က အစာတွေအများကြီး စားခဲ့တဲ့အတွက် ဒီနေ့အစာအငတ်ခံပြီး လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ် မယ်ဆိုတာမျိုး မရှိပါဘူး။ လေ့ကျင့်ခန်းကို နေ့စဉ်ပုံမှန်ဖြည်းဖြည်းချင်း လုပ်ဆောင်လေ့ရှိပါတယ်။ အသင့်အတင့်နဲ့ ဖြည်းဖြည်းချင်းဆောင်ရွက်တာက သူတိုရဲ့ဘဝနေနည်း အနုပညာလို့လည်း ဆိုရမလိုပါပဲ။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top