Healthy Life Ad
Life Style

ပန်းသေပန်းညှိုးရောဂါဆိုင်ရာ ထင်မြင်ချက်များ

၊ ကိုထက် ၊

ပန်းသေပန်းညှိုးရောဂါနဲ့ပတ်သက်ပြီး အယူအဆအမျိုးမျိုးကို သင်ကြားဖူးမှာပါ။ ဒီလိုကြားဖူးတာတွေက မှန်ကန်မှုရှိရဲ့လားဆိုတာ သိနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

ထင်မြင်ချက် (၁)– ပန်းသေပန်းညှိုးရောဂါဟာ အမျိုးသားတွေအသက်ကြီးလာတိုင်း ပုံမှန်ဖြစ်တတ်တဲ့ ရောဂါပါ။

အမှန်
ပန်းသေပန်းညှိုးရောဂါက အသက်ကြီးတဲ့သူတွေမှာ ပိုအဖြစ်များပေမယ့် အသက်ကြီးလာတိုင်း ဖြစ်တတ်တဲ့ ပုံမှန်ရောဂါတော့ မဟုတ်ပါဘူး။ အသက်ကြီးလာပေမယ့် တချို့အမျိုးသားတွေက ပုံမှန်အ တိုင်းစွမ်းဆောင်နိုင်ပြီး လိင်မှုဘဝမှာ အဆင်ပြေ ပျော်ရွှင်တတ်ကြပါတယ်။

ထင်မြင်ချက် (၂) – ပန်းသေပန်းညှိုးရောဂါက လူငယ်တွေမှာမဖြစ်ဘူး။ သက်ကြီး အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ ပြဿနာတစ်ရပ်ပဲဖြစ်ပါတယ်။

အမှန်
ပန်းသေပန်းညှိုးရောဂါက အသက် ၇၅နှစ် ကျော်အမျိုးသားတွေမှာ ပိုအဖြစ်များပေမယ့် ဘယ် အသက်အရွယ်မှာမဆို အမျိုးသားတိုင်းဖြစ်တတ်တဲ့ ရောဂါဖြစ်ပါတယ်။

ထင်မြင်ချက် (၃)– ပန်းသေပန်းညှိုးရောဂါက စိတ်အနှောင့်အယှက်ပေးပေမယ့် အန္တရာယ်မရှိပါဘူး။

အမှန်
ပန်းသေပန်းညှိုးရောဂါတစ်ခုတည်းက အန္တရာယ်မရှိပေမယ့် ဒါက တစ်ခါတစ်ရံမှာ အခြေခံ ကျန်းမာရေး အခြေအနေတစ်ခုခုရဲ့ အစောပိုင်းသတိပေး လက္ခဏာတစ်ရပ်ဖြစ်နေနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ အန္တရာယ်ရှိပါတယ်။ အဖြစ်များဆုံးအခြေခံ ကျန်းမာရေးပြဿနာက ဆီးချိုသွေးချိုရောဂါပဲ ဖြစ်ပါတယ်။ နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ တခြား နှလုံးသွေးကြောကျဉ်းတဲ့အခြေအနေတွေရဲ့ လက္ခဏာတစ် ရပ်လည်းဖြစ်နေနိုင်သလို ဟော်မုန်းဟန်ချက်မညီ တာနဲ့ ပါကင်ဆန်ရောဂါလို နာ့ဗ်ကြောပြဿနာ ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပန်းသေပန်းညှိုးဖြစ်နေရင် ဆရာဝန်နဲ့ပြသဖို့ အရေးကြီးပါတယ်။

ထင်မြင်ချက် (၄)– ပန်းသေပန်းညှိုးဖြစ်ရတာက သင့်ဘဝအဖော်က ဆွဲဆောင်မှုမရှိလို့ပဲ။

အမှန်
ပန်းသေပန်းညှိုးဖြစ်ရတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။

– သွေးတိုးတာ၊ သွေးကြောကျဉ်းတာနဲ့ နှလုံးရောဂါ တို့ဖြစ်ရင် ပန်းသေပန်းညှိုးဖြစ်တတ်ပါတယ်။

– ဆီးချိုရောဂါရှိသူ ၃၅ နဲ့ ၅၀ ရာခိုင်နှုန်းကြားဟာ ပန်းသေပန်းညှိုး ဖြစ်တတ်ပါတယ်။

– သွေးတိုးကျဆေးတချို့၊ စိတ်ကျဆေးတချို့ကို ရေ ရှည်စွဲသောက်တာကြောင့် ပန်းသေပန်းညှိုး ဖြစ်နိုင်ပါတယ်။

– ပါကင်ဆန်ရောဂါလို နာ့ဗ်ကြောဆိုင်ရာဝေဒနာ၊ ဟော်မုန်းမမျှတမှု၊ စိတ်ဖိစီးမှုများတာ၊ ပူပင်သော ကများတာတို့ကြောင့်လည်း ပန်းသေပန်းညှိုးဖြစ်နိုင် ပါတယ်။

– ဆေးလိပ်သောက်တာ၊ အရက်အလွန်အကျွံသောက် တာတို့လို ဘဝနေထိုင်စားသောက်မှုပုံစံကလည်း ပန်းသေပန်းညှိုးနဲ့ ဆက်စပ်မှုရှိပါတယ်။

– ဆီးကျိတ်နဲ့ ဆီးအိတ်ခွဲစိတ်ကုသမှု တချို့ကလည်း ပန်းသေပန်းညှိုးရောဂါ ရှားရှားပါးပါး ဖြစ်တတ်ပါ တယ်။

ထင်မြင်ချက် (၅)– ပန်းသေပန်းညှိုးရောဂါဖြစ်ရင် ဆေးဖက်ဝင်အိမ်သုံးဆေးနဲ့ ဖြည့်စွက်ဆေးတွေသုံး ပြီး ကုနိုင်တယ်။

အမှန်
ပန်းသေပန်းညှိုးရောဂါအတွက် ဆေးဖက်ဝင် အိမ်သုံးဆေးကို မိမိဘာသာသောက်မယ်ဆိုရင် အန္တရာယ်များပါတယ်။ ဒီဆေးတွေရဲ့ ပါဝင်ပစ္စည်းအ ကြောင်းနဲ့ တခြားဆေးနဲ့ ဓာတ်ပြုမှုရှိ၊ မရှိ သေချာ မသိနိုင်လို့ပါ။ ပြီးရင် ဒီဆေးတွေကိုရေရှည်သောက်သုံးတဲ့အတွက် ဘယ်လိုဘေးထွက်ဆိုးကျိုးကို ရလာ နိုင်သလဲဆိုတာကိုလည်း တိတိကျကျ မပြောနိုင်ပါဘူး။ တကယ်လို့ သင်ခံစားနေရတဲ့ ပန်းသေပန်းညှိုး ဝေဒနာကဆီးချိုရောဂါနဲ့ နှလုံးရောဂါတွေလို အခြေ ခံရောဂါတစ်ခုခုရဲ့လက္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ တတ်ကျွမ်း နားလည်တဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ ပန်းသေပန်းညှိုး ရောဂါကို ကုသမှုခံယူသင့်ပါတယ်။ပန်းသေပန်းညှိုးရောဂါကုသဖို့အတွက် FDA အတည်ပြုထားတဲ့ ဆေးဝါးတွေ ရှိသလို သောက်ဆေး၊ လိင်တံထဲတိုက်ရိုက်ထိုးရတဲ့နည်းနဲ့ ဆီးပြွန်ထဲ ဆေးထိုးရတဲ့နည်း စသဖြင့် အမျိုးမျိုးရှိပါတယ်။ ပန်း သေပန်းညှိုးရောဂါရဲ့ တချို့သောအခြေအနေတွေ မှာ ဆေးလိပ်ဖြတ်တာ၊ ကိုယ်အလေးချိန်များနေရင် လျှော့ချတာ၊ အရက်ကို လျှော့သောက်တာ၊ စိတ်ဖိစီးမှု လျှော့ချတာစတဲ့နည်းတွေနဲ့ ပြန်လည်အဆင် ပြေလာတာမျိုးလည်းရှိပါတယ်။

(Ref; ED)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top