Healthy Life Ad
Life Style

လူနာရှင်၏ ဆုံးဖြတ်ချက် သို့မဟုတ် ဆရာဝန်၏ ဆုံးဖြတ်ချက် (၂)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

လူနာ (၂) ။ ။ အသက် ၅၈နှစ်ရှိ ဒေါ်လှစိန် ဆိုတဲ့လူနာက နယ်ကလာပြတာပါ။ သည်းခြေအိတ်ရောင်လို့ ဖျားတယ်။ အသားတွေဝါပြီး မျက်စိဝါလာတယ်။ စစ်ဆေးကြည့်လိုက်တော့ သည်းခြေအိတ်မှာရော သည်းခြေပြွန်မှာရော ကျောက်တွေရှိနေတာ တွေ့ရပါတယ်။ သူ့ကို ခွဲစိတ်ဆရာဝန်နဲ့ လွှဲအပ်ပြီး ဆက်ကုရပါတယ်။ မခွဲဘဲ ဒီအတိုင်းထားရင်လည်း အသက်အန္တရာယ်ရှိတယ်၊ ခွဲရင်လည်း လူနာမှာ နှလုံးရောဂါရှိတာကြောင့် စွန့်စွန့်စားစား ကုရပါလိမ့်မယ်။ ဆရာဝန်က ခွဲစိတ်ပြီး ကုမှကောင်းမယ့် အကြောင်းပြောပြတော့ လူနာကလည်း ‘ဆရာကောင်းသလို ကြည့်ပြီး ဆုံးဖြတ်ပေးပါ၊ ဆရာ့ကိုပဲ အပ်ထားတာပါ’ဆိုပြီး ဆရာဝန်ကိုယုံကြည်မှုအပြည့်နဲ့ ခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဆရာဝန်ကလည်း ဒီအတိုင်းထားရင် လုံးဝမကောင်းနိုင်ဘဲ ခွဲလိုက်ရင်တော့ အသက်ရှင်နိုင်မယ့် အလားအလာပိုကောင်းမယ်လို့ အပြည့်အဝ ယုံကြည်နေပါတယ်။ ဒီရောဂါမျိုးကခွဲရင်ကောင်းတာ လူတိုင်းသိတဲ့အချက်ဖြစ်လို့ ကောင်းတာကို ဇောင်းပေးပြောခဲ့ပြီး မကောင်းတာလည်း ဖြစ်နိုင်ကြောင်း သိပ်မပြော ဖြစ်ခဲ့ပါဘူး။ ‘ခွဲပါ၊ ခွဲရင် ကောင်းသွားမယ်’လို့ ဆရာဝန်က တိုတိုရှင်းရှင်းပဲ ပြောလိုက်ပါတယ်။

ဒါကြောင့် သဘောတူလက်မှတ်ထိုးပြီး လူနာက ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။ ခွဲပြီးစမှာ ကောင်းလာပေမယ့် ကံမကောင်းတော့ ဒုတိယနေ့မှာ သွေးပေါင်ကျပြီး လူနာဆုံးပါးသွားခဲ့ပါတယ်။ နှလုံးရောဂါကြောင့် ဒါမှမဟုတ် သွေးထဲမှာ ပိုးတွေပြန့်နှံ့ပြီး အဆိပ်တက်လို့ သေဆုံးရတာ ဖြစ်ပါတယ်။ လူနာနဲ့ သမီးနဲ့တိုင်ပင်ပြီး ခွဲစိတ်မှုခံယူဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ အခု မိခင်သေဆုံးပြီးနောက် မကျေနပ်သံတွေ ကြားလာရပါတယ်။

“ခွဲလို့ ဒီလိုသေတတ်မှန်းသိရင် မခွဲပါဘူး”
ဆရာဝန်ကလည်း ရောဂါအတွက် ပိုကောင်းတဲ့ ဆုံးဖြတ်ချက်ကို ရောက်ရှိအောင် လမ်းညွှန်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဆုံးဖြတ်ခဲ့တာဟာ မှန်ကန်တဲ့ကုထုံးကို ရွေးချယ်ခဲ့တာမှန်ပါတယ်။ ဒါပေမဲ့ ဆရာဝန်နဲ့ လူနာဆက်ဆံတာက Paternalistic Approach ဖခင်က ဆုံးဖြတ်ပေးတဲ့ ပုံစံမျိုး ဖြစ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်မှာ ဖခင်အရာဖြစ်တဲ့ ဆရာဝန်ရဲ့ ဆုံးဖြတ်ချက်က အဓိက လွှမ်းမိုးနေခဲ့တာ ဖြစ်ပါတယ်။ မကောင်းတတ်တာကို ချန်လှပ်ထားပြီး ကောင်းသွားမယ့် မျှော်လင့်ချက်ကို ပိုပေးထားမိတာ ဖြစ်ပါတယ်။ လူနာနားလည်အောင် ဒီ့ထက်ပိုပြီး သေသေချာချာ ရှင်းပြပြီးမှ သဘောတူခဲ့သင့်ပါတယ်။

ဆေးဝန်ထမ်းတွေက လူနာရှင်တွေ နားလည်အောင် ဂဃနဏရှင်းပြတဲ့ လူနာနဲ့ ဆရာဝန် ဆက်ဆံရေးစနစ်ကို ပိုပြီး ကျင့်သုံးဖို့လိုပါတယ်။ လူနာရှင်တွေရဲ့ ပညာအဆင့် အတန်းပေါ်မူတည်ပြီး ရှင်းပြရမှာဖြစ်ပါတယ်။ ဆေးပညာ ဗဟုသုတ လုံးဝမရှိသူတွေ ဖြစ်နေပြန်ရင် သော်လည်းကောင်း၊ ရောဂါရဲ့ ရှုပ်ထွေးလှတဲ့ ကုထုံးတွေကြောင့် သော်လည်းကောင်း ရှင်းပြပေမယ့် နားမလည်နိုင်ရင် ဆရာဝန်ကိုပဲ ပြန်ပြီး အပ်နှံလေ့ရှိတတ်ပါတယ် . . .

ဒါပေမဲ့ ဆေးဝန်ထမ်းတွေက လူနာရှင်တွေ နားလည်အောင် ဂဃနဏရှင်းပြတဲ့ လူနာနဲ့ ဆရာဝန် ဆက်ဆံရေးစနစ်ကို ပိုပြီး ကျင့်သုံးဖို့လိုပါတယ်။ လူနာရှင်တွေရဲ့ပညာ အဆင့်အတန်းပေါ်မူတည်ပြီး ရှင်းပြရမှာဖြစ်ပါတယ်။ ဆေးပညာဗဟုသုတ လုံးဝမရှိသူတွေ ဖြစ်နေပြန်ရင် သော်လည်းကောင်း၊ ရောဂါရဲ့ရှုပ်ထွေးလှတဲ့ ကုထုံးတွေကြောင့် သော်လည်းကောင်း ရှင်းပြပေမယ့် နားမလည်နိုင်ရင် ဆရာဝန်ကိုပဲ ပြန်ပြီးအပ်နှံလေ့ ရှိတတ်ပါတယ်။

အခု ဒီလူနာရဲ့ မိသားစုတွေက ခေတ်ပညာ မတတ်ပါဘူး။ ဆေးပညာဗဟုသုတလည်း လုံးဝမရှိပါဘူး။ ဒီလို လူတွေမှာ ကောင်းတယ်လို့ပြောရင် ဆက်လုပ်မယ်။ မကောင်းတာလည်း ရှိတတ်ကြောင့် အနည်းငယ် ပြောလိုက်ပြန်ရင်လည်း ခွဲစိတ်ကုသမှု မခံဘဲ ပြန်ခေါ်သွားလေ့ရှိပါတယ်။ မကောင်းတာ ရှိတတ်ကြောင်း ပြောတာကို ခံနိုင်ရည်မရှိပါဘူး။

ဒီလို Paternalistic Approach ဖခင်က ဆုံးဖြတ်ပေးတဲ့ စနစ်မျိုးဟာ ဆေးပညာဗဟုသုတ နည်းသူတွေအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေရောက်ရှိအောင် အကောင်းဆုံး လမ်းညွှန်ပေးနိုင်လို့ ကောင်းပေမယ့် ဒေါ်လှစိန်လို မမျှော်လင့်ဘဲ ဆိုးကျိုးတွေ ဝင်ရောက်လာနိုင်တာကိုလည်း ကြိုတင်ရှင်းပြထားရမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top