Healthy Life Ad
Life Style

ခံတွင်းကင်ဆာ လူနာတို့ လွဲမှားနေသည့် ဆေးကုသမှု အယူအဆများ

ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

ခံတွင်းထဲမှာ ကင်ဆာရောဂါတွေ ဖြစ်တတ်ပါတယ်။ ဘယ်နေရာမှာ ဖြစ်တတ်သလဲဆိုရင် သွားဖုံး၊ လျှာ၊ ပါးစောင်၊ လျှာအောက်တွေမှာ ဖြစ်တတ်ပါတယ်။ ကင်ဆာဆိုတာမျိုးက ဖြစ်တဲ့ နေရာမှာ ကပ်ပြီး လှီးထုတ်လိုက်ရင် ဘယ်လိုမှ စိတ်မချရပါဘူး။ အဲဒီအတွက် ကင်ဆာဖြစ်ရင် ခပ်ဝေးဝေးကနေ လှီး ထုတ်ရတယ်။ အနည်းဆုံး တစ်စင်တီမီတာခွာပြီး လှီးထုတ်ရပါတယ်။

သွားဖုံးမှာ ကင်ဆာဖြစ်ပြီဆိုရင် သွားဖုံးက အကျိတ်က သွားဖုံးကနေ ဘယ်အထိရောက်သလဲဆိုရင် မေးရိုးအထိရောက်တတ်ပါတယ်။ အဲဒီအခါ ဆရာတို့က “မေးရိုးကိုဖြတ်ဖို့လိုမယ်”လို့ လူနာတွေကို အသိပေးရပါတယ်။ အဲဒီလို ပြောလိုက်တဲ့အခါ လူနာအများစုက “ကျွန်တော့်သွားဖုံးမှာ ဖြစ်တဲ့ အနာလေးက သေးသေးလေးပဲ၊ မေးရိုးကြီးကို ဘာကြောင့်ဖြတ်ရမှာလဲ၊ အဖြတ်မခံနိုင်ပါဘူး”ဆိုပြီး အ ကြောက်အကန်ငြင်းဆန်တတ်ကြတယ်။ ဆရာတို့က သေချာရှင်းပြလိုက်ရင်လည်း “ကိစ္စမရှိပါဘူး။ ဖြစ်ချင်တာ ဖြစ်ပါစေ၊ မေးရိုးတော့ အဖြတ်မခံနိုင်ဘူး” ဆိုပြီးများသောအားဖြင့် လက်မခံတတ်ကြဘူး။

လျှာမှာ ကင်ဆာအနာဖြစ်ရင်လည်း အနာက သေးပေမယ့် “ဝိုက်ပြီး လှီးထုတ်ရမယ်၊ တစ်ခါတလေ လျှာတစ်ဝက်လောက်အထိ လှီးပစ်ရမယ်”လို့ ဆရာတို့က ပြောပေမယ့် လူနာအများစုက မလုပ်ချင်ကြဘူး၊ လက်မခံကြဘူး။ အနာက သေးသေးလေးကို မလုပ်နိုင်ဘူး၊ ဆေးရုံမတက်နိုင်ဘူး ဆိုပြီး ငြင်းကြပါတယ်။ လျှာဖြတ်လိုက်ရင် စကားပြောတဲ့အခါ နည်းနည်း ခက်မယ်၊ အစာစားတဲ့အခါ နည်းနည်း ခက်မယ် . . အဲဒီလို ပြောလိုက်ရင် မဖြတ်ဘူး၊ အသေခံမယ်လို့ တချို့က ဆိုပါတယ်။

သွားဖုံးမှာ ကင်ဆာဖြစ်ပြီဆိုရင် သွားဖုံးက အကျိတ်က သွားဖုံးကနေ ဘယ်အထိရောက်သလဲဆိုရင် မေးရိုးအထိ ရောက်တတ်ပါတယ်။ အဲဒီအခါ ဆရာတို့က ‘မေးရိုးကို ဖြတ်ဖို့လိုမယ်’လို့ လူနာတွေကို အသိပေးရပါတယ်။ အဲဒီလို ပြောလိုက်တဲ့အခါ လူနာအများစုက’ကျွန်တော့် သွားဖုံးမှာဖြစ်တဲ့ အနာလေးက သေးသေးလေးပဲ၊ မေးရိုးကြီး ကို ဘာကြောင့် ဖြတ်ရမှာလဲ၊ အဖြတ်မခံနိုင်ပါဘူး’ဆိုပြီး အကြောက်အကန် ငြင်းဆန်တတ်ကြတယ် . . .

ကင်ဆာဆိုတာမျိုးက ဒီအတိုင်းမနေပါဘူး။ တစ်နေ့ထက် တစ်နေ့ ပွားပွားလာတယ်၊ ကြီးကြီးလာတယ်၊ သိပ်ကြီးလာတဲ့အချိန်ကျမှ ‘ဆရာ ကျွန်တော် ခွဲချင်ပါတယ်’လို့ ပြောလာခဲ့ရင် အဲဒီအခြေအနေက ခွဲလို့ စိတ်လို့ မရတဲ့ အနေအထား ရောက်သွားပါတယ်။ တကယ်တော့ စောစောစီးစီးမှာ ခွဲစိတ်ကုသမယ်ဆိုရင် ဒီကင်ဆာရောဂါက ပျောက်လည်း ပျောက်တယ်၊ ရုပ်ပျက်ဆင်းပျက်မဖြစ်အောင် ခွဲပေးလို့လည်း ရတယ်။ အကြီးကြီး ဖြစ်သွားချိန်ကျမှ ခွဲချင်တယ်ဆိုရင် ဆရာတို့က ဘယ်လိုမှ မတတ်နိုင်တော့တဲ့ အခြေအနေကို ရောက်သွားနိုင်ပါတယ်။ တကယ်တမ်း ဖြစ်လာမှ ခွဲပေးပါဆရာ၊ ကယ်ပါဦး ဆိုတဲ့အခါ ကယ်လို့ မရတဲ့ အခြေအနေကို ရောက်သွားတတ်ပါတယ်။

အဲဒီတော့ဆရာဝန်တွေက တိုက်တွန်းတဲ့အချိန်မှာ လူနာတွေက လက်ခံစေချင်ပါတယ်။ ဆရာဝန်တွေက လိုအပ်လို့ လူနာကောင်းဖို့အတွက် ပြောတာပါ။ အဲဒါကို လက်မခံရင် လူနာအတွက် အန္တရာယ်ပိုများပါတယ်။ ဆရာဝန်ပြောတဲ့အချိန်မှာ အနာလေးက သေးသေးလေးဆိုတော့ ဒီအတိုင်းပဲ ရှိနေမယ်လို့ ယူဆကြတာ။ ဒီအတိုင်းထားတော့လည်း အနာကနာခြင်း၊ ပြုခြင်း မရှိဘူး၊ ဘာမှ မဖြစ်ဘူး၊ အနာက လည်း သေးသေးလေးပဲ . . အလိုလို ပျောက်သွား လိမ့်မယ်လို့ ယူဆကြတာ။ ကွမ်းစားတော့ အရင်လည်း ထုံးပေါက်ဖူးတယ်၊ ပျောက်သွားတာပဲလို့ ထင်ကြတယ်။ အနာသေးသေးလေးက မပျောက်ရင်တောင် ဒီအတိုင်းပဲ ရှိနေလိမ့်မယ်လို့ ယူဆကြတယ်။

ကင်ဆာကျတော့ အဲဒီလို ယူဆလို့ မရပါဘူး။ ကင်ဆာက အခုမဖြစ်ပေမယ့် တဖြည်းဖြည်းနဲ့ ကြီးကြီးလာပြီး အတွင်းကို လှိုက်စားသွားတာမျိုးပါ။ အဲဒီအခါ သွားဖုံးကနေ လျှာအထိ ဖြစ်သွားတယ်၊ ပါးစောင်ဆိုရင် အပြင်က ပါးအသားတွေပါ ဖြစ်သွားတယ်။ အဲဒီအခါ ခွဲရ၊ စိတ်ရတဲ့အခါ ပိုရုပ်ပျက်ဆင်း ပျက်ဖြစ်တယ်၊ ခွဲရတဲ့ အတိုင်းအတာက များသွားပြီးမနိုင်တဲ့ အခြေအနေကို ရောက်သွားတတ်ပါတယ်။ အဲဒီတော့ ဆရာဝန်တွေက စောစောစီးစီးအဆင့်မှာ ခွဲစိတ်ကုသဖို့ အကြံပေးရင် လက်ခံကြဖို့ ပြောလိုပါတယ်။

ခံတွင်းကင်ဆာဖြစ်တဲ့သူတွေမှာ ကွမ်းမစားဘဲ ဖြစ်တဲ့သူ သိပ်ရှားပါတယ်။ ကွမ်းစားမယ်၊ ဆေးလိပ် သောက်မယ်၊ အရက်သောက်မယ် . . အဲဒီလိုလူတွေ ပဲ ဖြစ်တာများပါတယ်။ ကွမ်းမစားဘဲနဲ့ ခံတွင်းကင်ဆာ ဖြစ်တဲ့သူက ရှိပေမယ့် အတော်ရှားပါတယ်။

အလယ်တန်းကျောင်းသား၊ အထက်တန်း ကျောင်းသားအရွယ်တွေမှာ စပြီး ကွမ်းစားကြတယ်။ ဥပမာ အသက် ၁၃-၁၄ နှစ်အရွယ်တွေမှာ စပြီး ကွမ်းစားကြတယ်။ ဒီကလေးတွေက အသက် ၂၀- ၂၅ နှစ်အရွယ်တွေမှာ ခံတွင်းကင်ဆာ ဖြစ်လာကြတယ်။ ဟိုးအရင်တုန်းကနဲ့ မတူတော့ဘူး။ ကွမ်းယာ ထဲမှာ ကွမ်းသီး၊ ကွမ်းရွက်၊ ဆေးရွက်ကြီး၊ ရှားစေး၊ ထုံး စတာတွေမကဘဲ အခုနောက်ပိုင်းမှာ အိန္ဒိယ နိုင်ငံဘက်ကလာတဲ့ ဆေးပေါင်းတို့ကို ထည့်သွင်း စားလာကြပါတယ်။ အဲဒီဆေးတွေထဲမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်တွေပါဝင်နေပါတယ်။ ဒါကြောင့် ကွမ်းကို နည်းနည်းမှ မစားပါနဲ့လို့ သတိပေးနေရတာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top