Healthy Life Ad
Life Style

ဆယ်ကျော်သက်ဘဝကစ၍ ကွမ်းစားသူများ ၂၅ နှစ်ဝန်းကျင်တွင် ခံတွင်းကင်ဆာ အဖြစ်များလာ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ယခုအခါ မြန်မာနိုင်ငံတွင် ဆယ်ကျော်သက်အရွယ်က ကွမ်းစား ခဲ့သူများသည် အသက် ၂၅ နှစ်ဝန်းကျင်တွင် ခံတွင်းကင်ဆာဖြစ်နှုန်း မြင့်မားလာကြောင်း မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခ ဦးကိုကိုမောင်က Healthy Life ဂျာနယ်သို့ ပြောကြားခဲ့သည်။

“အလယ်တန်းကျောင်းသား၊ အထက်တန်း ကျောင်းသား အရွယ်တွေမှာ စပြီး ကွမ်းစားကြတယ်။ ဥပမာ အသက် ၁၃-၁၄နှစ် အရွယ်တွေမှာစပြီး ကွမ်းစားကြတယ်။ ဒီကလေးတွေက အသက် ၂၀- ၂၅ နှစ်အရွယ်တွေမှာ ခံတွင်းကင်ဆာဖြစ်လာကြတယ်။ ဟိုးအရင်တုန်းကနဲ့ မတူတော့ဘူး။ ဒါကြောင့် ကွမ်းကို နည်းနည်းမှ မစားပါနဲ့လို့ သတိပေးနေရတာပါ”ဟု ပါမောက္ခဦးကိုကိုမောင်က ဆိုသည်။

ယခင်က ကွမ်းယာထဲတွင် ကွမ်းသီး၊ ကွမ်းရွက်၊ ဆေးရွက်ကြီး၊ ရှားစေး၊ ထုံးစသည်တို့ကိုသာ ထည့်သွင်းစားကြသော်လည်း ယခု နောက်ပိုင်းတွင် အိန္ဒိယနိုင်ငံဘက်မှလာသည့် ဆေးပေါင်းတို့ကို ထည့်သွင်း စားလာကြရာ ထိုဆေးများထဲတွင် ကင်ဆာဖြစ်စေနိုင်သည့် ဓာတ်များပါဝင်နေကြောင်း သိရသည်။

“အခုနောက်ပိုင်း ဆေးတွေ အစုံပါတဲ့ ကွမ်းယာတွေက ပိုပြီး ပြင်းတယ်။ အဲဒီအတွက် ကင်ဆာကို ပိုပြီးဖြစ်စေနိုင်ပါတယ်။ ဒီကြား ထဲ ဆေးလိပ်သောက်ရင်၊ အရက်သောက်လိုက်ရင် ကင်ဆာဖြစ် နှုန်းကိုပိုများစေပါတယ်”ဟု ပါမောက္ခဦးကိုကိုမောင်က ပြောကြားခဲ့သည်။ ဆေးလိပ်သောက်သူက ဆေးလိပ်မသောက်သူထက် ကင် ဆာဖြစ်နှုန်းပိုများပြီး အရက်သောက်သူက အရက်မသောက်သူထက် ကင်ဆာဖြစ်နှုန်း ပိုများနေသည်။ ထို့ပြင် ကွမ်းယာကိုပါ ထပ်လောင်း စားလိုက်ပါက ကင်ဆာ၊ အထူးသဖြင့် ခံတွင်းကင်ဆာဖြစ်နိုင်ခြေပိုမို မြင့်တက်လာကြောင်း သိရသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top