Healthy Life Ad
Q & A

ကိုယ်ဝန်ရှိစဉ် ကွမ်းစားရင် ဘာဖြစ်တတ်ပါသလဲ…

—၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. ကိုယ်ဝန်ရှိစဉ်မှာ ကွမ်းစားလို့ ရပါသလား။ ကွမ်းစားမိရင် ကလေးကို ထိခိုက်စေနိုင်ပါသလားရှင့်။
MMA(FB)

A. ကိုယ်ဝန်ဆောင်ချိန်မှာ ကွမ်းစားရင် မွေးလာတဲ့ကလေးလေးဟာ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကွမ်းစားတာက ကိုယ်ဝန်ဆောင်ချိန်မှာ အရက်သောက်သလိုမျိုး ရရှိတဲ့ ဆိုးကျိုးက အတူတူပါပဲ။ မွေးလာမယ့်ကလေးအပေါ် ရရှိမယ့် ထိခိုက်မှုကလည်း အတူတူပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကွမ်းစားရင် ဒီအင်န်အေ (DNA) ထိခိုက်မှု ဖြစ်တတ်ပါတယ်။ ဒါကြောင့် သန္ဓေသားကို ထိခိုက်စေတဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ ကွမ်းကို လုံးဝမစားသင့်ပါဘူး။ နောက်ပြီးတော့ ကလေးနို့တိုက်နေတဲ့ အချိန်မှာလည်း ကွမ်းယာကို လုံးဝမစားသင့်ပါဘူး။

ကွမ်းရွက်ကလည်း သူ့ချည်းပဲဆိုရင် ပိုးသေစေတဲ့ အစွမ်းရှိပြီး ကွမ်းသီးကလည်း သူ့သဘာဝအတိုင်းဆိုရင် ဦးနှောက်ကိုတောင် လှုံ့ဆော်ပေးပါတယ်။ ဒါပေမဲ့ ကွမ်းယာထဲမှာ ပြုပြင်ထားတဲ့ ကွမ်းသီးထည့်ပြီး ကွမ်းရွက်၊ ထုံး၊ ဆေးရွက်ကြီးနဲ့ တခြားဆေးတွေနဲ့စားရင် ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်ပေါ်စေပါတယ်။ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါ စတဲ့ Metabolic Syndrome တွေ ဖြစ်နိုင်ခြေကိုလည်း ပိုများစေပါတယ်။ အရင်က ကွမ်းယာစားတာနဲ့ ဒီရောဂါတွေ ဆက်စပ်မှုကို မသိခဲ့ပေမယ့် အခုနောက်ပိုင်းမှာ တွေ့ရှိတယ်လို့ တိရစ္ဆာန်တွေကို လေ့လာထားတဲ့ လေ့လာမှုတချို့က ဆိုထားပါတယ်။

ကွမ်းစားရင် အရင်ဆုံးဖြစ်တတ်တာက သွားတွေညစ်ပတ်ပါတယ်။ ကွမ်းတွေကို ဟိုနေရာ၊ ဒီနေရာထွေးရင် ပတ်ဝန်းကျင်လည်း ညစ်ပတ်ပါတယ်။ ကွမ်းစားတာကြောင့် ဆီးကျောက်တည်တာတော့ ဖြစ်နိုင်ပါတယ်။ ကွမ်းစားတဲ့ သူတွေဆိုရင် ပါဝင်တဲ့ ဆေးတွေကြောင့် ခံတွင်းကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ကွမ်းရွက်တစ်မျိုးတည်းဆိုရင် ပြဿနာမရှိပါဘူး။ ကွမ်း၊ ကွမ်းသီး၊ ထုံး၊ ဆေးရွက်ကြီးနဲ့ တခြားဆေးတွေ ပါတဲ့အတွက် ကယ်လ်ဆီယမ်ကာဗွန်နိတ် ရရှိစေပြီး ကင်ဆာဖြစ်စေနိုင်ပါတယ်။ ကွမ်းစားတဲ့ကာလနဲ့ စားတဲ့ပမာဏပေါ် မူတည်ပြီး ကျန်းမာရေးထိခိုက်မှုက ကွဲပြားသွားပါတယ်။ တစ်ရက်ကို လူတစ်ယောက်က ဘယ်လောက်ပမာဏ စားသလဲ၊ တစ်နေ့ကွမ်းတစ်ယာပဲ စားတယ်ဆိုရင် အဲဒီလောက်အထိ ကျန်းမာရေးထိခိုက်မှု မရှိပေမယ့် အများကြီးစားတယ်၊ ကြာကြာဝါးတယ်ဆိုရင် ပါးစပ်၊ လည်ချောင်း၊ အစာရေမျိုပြွန် စတဲ့ အင်္ဂါအစိတ်အပိုင်းတွေမှာ ကင်ဆာဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ရှိစဉ်နဲ့ မိခင်နို့ချိုတိုက်ကျွေးစဉ်မှာ ကွမ်းယာကို လုံးဝမစားသင့်ပါဘူး။

Most Popular

Healthy Life Ad
To Top