Healthy Life Ad
Life Style

ရင်သားကင်ဆာကုသအောင်မြင်တာ ၁၀ နှစ်ကြာခဲ့ပြီဆိုတဲ့ ဒေါ်လှလှမြင့်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

သူ့ကိုမြင်လိုက်ရလျှင် ကင်ဆာခံစားခဲ့ရသူဟု ထင်မှတ်စရာမရှိ၊ အသက် ၆၃ နှစ်ဆိုသည့် အရွယ်နှင့် မလိုက်အောင် သွက်လက်ပေါ့ပါးသူ၊ စကားကို ခြေဟန်လက်ဟန်အပြည့်ဖြင့် စိတ်ဝင်စားဖွယ် ပြောတတ်သူ၊ နုပျိုရွှင်လန်းနေဆဲ ဆရာမ ဒေါ်လှလှမြင့်က သူ၏ရင်သားကင်ဆာ ခရီးလမ်းအစကို ပြောပြခဲ့သည်။

အလက (၂) ဗိုလ်တစ်ထောင်မြို့နယ်တွင် အလယ်တန်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဆရာမဒေါ်လှလှမြင့်သည် အသက် ၄၂ နှစ်အရွယ် လုပ်သက် ၂၁ နှစ်ကြာချိန်တွင် အလုပ်ထွက်ခဲ့ပြီး အိမ်ရှင်မအလုပ်ကိုသာလုပ်ဆောင်နေခဲ့သူဖြစ်သည်။ ထို့နောက် အသက် ၅၃ နှစ်အရွယ်၊ သွေးဆုံးပြီးသုံးနှစ်အကြာတွင် ဆရာမဒေါ်လှလှမြင့်သည့် နာ ခြင်း၊ ကျဉ်ခြင်းမရှိ၊ ဘာခံစားမှုမှမရှိဘဲ ဆွေမျိုးသားချင်းတစ်ဦး၏ သတိပေးချက်အရစမ်းသပ်ဖြစ်ခဲ့ခြင်း ဖြစ်သည်။

“၂၀ဝ၆ ခုနှစ်မှာ ညာဘက် ရင်သားအောက် ခြေမှာ အကျိတ်လေးတစ်ခုစပြီးစမ်းမိခဲ့တယ်။ စမ်း မိတာကလည်း အမျိုးသားဘက်က ဆွေမျိုးတစ် ယောက်က ပခုံးအောက်မှာ အကျိတ်ဖြစ်တယ်၊ အဲဒီ မှာ အရိုးကင်ဆာဆိုပြီး သိလိုက်ရတယ်။ အဲဒါနဲ့ `စမ်းကြည့်ကြဦး၊ အမျိုးသမီးတွေ ကိုယ့်ရင်သားနဲ့ ချိုင်း (ဂျိုင်း)အောက်တွေ စမ်းကြည့်ကြဦး’ လို့ သတိပေးတယ်။ အဲဒီအချိန်ကျမှ စမ်းကြည့်မိလိုက်တာ၊ မထင်မှတ်ဘဲ ညာဘက်ရင်သားအောက်ခြေမှာ အကျိတ်ကလေးတစ်ခုကို တွေ့လိုက်ရတယ်။ အဲဒီမှာ တော်တော်လေး ကြောက်သွားတယ်။ အဲဒါနဲ့ ဆရာမပြနေကျ ၄၇ လမ်းထိပ်က ဒေါက်တာမီမီစိုးကို ပြလိုက်တယ်။ “ဟုတ်တယ် အန်တီ၊ အကျိတ်အဖုကတော့ ကြာကြာမထားနဲ့၊ ခွဲဖို့လိုတယ်”လို့ ဒေါက်တာမီမီစိုးကပြောပြီး ပါမောက္ခဦးသန်းအောင်ဆီလွှဲတယ်။

ဆရာနဲ့တွေ့ပြီး အကျိတ်လေးကို ပထမတစ် ကြိမ်ခွဲလိုက်တယ်၊ ခွဲပြီး အသားစယူစစ်ဆေးမှု (Biopsy) ယူလိုက်တယ်။ `ကင်ဆာဆဲလ်တွေ့တယ်၊ ဒါပေမဲ့ ကင်ဆာ အစပဲ ရှိသေးတယ်။ ခွဲစိတ်လိုက်ရင် ကောင်းသွားမှာပါ’လို့ အားပေးစကားပြောတယ်”

ဆရာဝန်က မည်သို့မည်ပုံအားပေးပါစေ၊ “ကင်ဆာ” ဆိုသည့် စကားကြားလိုက်ရချိန်တွင် ဆရာမ ဒေါ်လှလှမြင့်သည် ခြေကုန်လက်ပမ်းကျသွားသည် အထိအကြီးအကျယ် စိတ်ဓာတ်ကျဆင်းသွားခဲ့သည်။ ပိုဆိုးသည်က မိခင်ဖြစ်သူနှင့်အစ်မကြီးဖြစ်သူက သားအိမ်ကင်ဆာဖြင့် သေဆုံးသွားခဲ့သည့်အတွက် ကင်ဆာကိုအကြောက်ကြီး ကြောက်နေခဲ့ရာ မျှော် လင့်ချက်ကင်းမဲ့သလို အရုပ်ကြိုးပြတ်ဖြစ်သွားခဲ့သည်။

“ဒီရောဂါကြီးဖြစ်ပြီဆိုတော့ တော်တော်စိတ်ထိခိုက်သွားတယ်၊ ငါတော့အသက်ရှည်မှာ မဟုတ်တော့ဘူး၊ ငါ့အမေနဲ့ ငါ့အစ်မတွေလည်း ကင်ဆာနဲ့ပဲဆုံးသွားခဲ့တယ်။ သူတို့ ဖြစ်ခဲ့ချိန်တုန်းက ကြာတော့ကြာပါပြီ၊ အခုတော့ ဆေးတွေခေတ်မှီပါပြီဆိုပြီး ပြန်အားတင်းမယ်ကြံတုန်း အစ်မတစ်ယောက်ကလည်း ` ငါ့ညီမလေးကျမှ ဖြစ်ရသလား’ ဆိုပြီး ငိုတော့ တော်တော်လေးကို စိတ်ဓာတ်ကျသွားခဲ့တာ။ အမျိုးသားကလည်းစိတ်ပူပင်ပြီး တော်တော်လေး ဂယောင်ခြောက်ခြားဖြစ်သွားခဲ့တယ်”ဟု ဆရာမဒေါ်လှလှမြင့်က ပြန်ပြောင်းပြောပြခဲ့သည်။

စိတ်ဓာတ်က အောက်ဆုံးအထိကျဆင်းနေရာမှ ပါရမီဖြည့်ဖက်ကောင်း ခင်ပွန်းသည်၏ အားပေးမှုကြောင့် ပြန်လည်စိတ်ခွန်အားမြင့်တက်လာခဲ့ရသည်ဟုဆိုသည်။
“မိန်းမ . . မင်း စိတ်မပူနဲ့၊ ငါမင်းကိုအစွမ်းကုန်ကုမယ်၊ တို့ကုနိုင်တဲ့အခြေအနေလည်းရှိတယ်၊ မင်းရဲ့ ကင်ဆာကမစိုးရိမ်ရပါဘူး၊ ကင်ဆာက အတွင်းထဲမှာဖြစ်တာ မဟုတ်ဘဲနဲ့ အပြင်မှာ အဖုအကျိတ်အနေနဲ့ ဖြစ်တော့ စမ်းလို့သိနေရတယ်၊ အဲဒီအတွက် ပျောက်သွားမှာ၊ ဘာမှစိတ်ဓာတ်ကျစ ရာမလိုဘူး . . ဘာမှအားမငယ်နဲ့ဆိုပြီး သူက ဆရာ မကို စိတ်ချမ်းသာအောင်ထားတယ်၊ အလိုလိုက်တယ်၊ အိမ်မှာကြိုက်သလိုသုံး၊ ကြိုက်သလိုဖြုန်း ခွင့်ပြုထားတယ်၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ မိတ်ဆုံစားပွဲ သွားမယ်ဆိုလည်း သွား၊ သီချင်းဆိုမယ်ဆို လည်းသွားဆိုပြီးခွင့်ပြုတယ်။ အန်တီကလည်း အမျိုးသားက အားပေးတော့ စိတ်အားတက်ကြွလာတယ်။

အမျိုးသားက ဆရာဝန်ကြီးနဲ့ သွားတွေ့ခဲ့တယ်။ ဆရာဝန်ကြီးက“မစိုးရိမ်ပါနဲ့၊ သူက အစပဲဖြစ်သေးတာ၊ မရင့်သေးဘူး၊ အစပိုင်းမှာ သိလိုက်တော့ ကုဖို့အချိန်မီတယ်၊ ၉၉ ရာခိုင်နှုန်း ပျောက်မှာပါ၊ ဒီတစ်ခါခွဲရင် အကင်းသေသွားအောင် ညာဘက်ရင်သားတစ်ခုလုံး ခွဲထုတ်လိုက်”ဆိုပြီးအားပေး၊ အကြံပေးခဲ့တယ်။ အမျိုးသားနဲ့ ဆရာဝန်ကြီး တိုင်ပင်ပြီး ကုသမှုလုပ်ခဲ့တာ . .

နောက်တစ်ခါခွဲတော့ ရင်သားတစ်ခုလုံးကို လှီးထုတ်ပစ်လိုက်တယ်။ မေ့ဆေးပေးပြီး ခွဲခဲ့တာ၊ ဆေးရုံတက်ရတာက သုံးရက်ပါ။ ဒါပေမဲ့ ရင်သားတစ်ခုလုံး ထုတ်လိုက်မှန်း ဆရာမက မသိသေးဘူး၊ ခွဲစိတ်ခုတင်ပေါ်မှာ စမ်းနေသေးတယ်၊ ရင်သားကို ပတ်တီးစည်းထားတော့ ပြားသွားသလိုပဲလို့ ထင်တယ်။ အဲဒီအချိန်မှာ အသက်ရှူကျပ်တဲ့ ဝေဒနာ ခံစားခဲ့ရတယ်”ဟု ဆရာမဒေါ်လှလှမြင့်ကဆိုသည်။

ခွဲစိတ်ပြီးချိန်တွင်လည်း ဆရာမဒေါ်လှလှမြင့်သည် “လူနာကြီးလို အိပ်ရာထဲလှဲမနေဘူး၊ မနက်မနက်ဆိုရင် ဈေးဝယ်ဝယ်၊ မဝယ်ဝယ် ရှော့ပင်းကတော့ ထွက်လိုက်တာပဲ၊ အဝတ်အစားတွေ၊ အိတ်တွေဝယ်တယ်၊ စိတ်ကို ပျော်အောင်နေလိုက်တယ်။ သူငယ်ချင်းတွေနဲ့ တွေ့စရာရှိရင် တွေ့ လိုက်တယ်၊ ပျော်ပျော်ပါးပါးပဲနေတယ်. .ခွဲပြီးတော့ ပါမောက္ခဦးစိုးဦးမောင်ဆီလွှဲတယ်။ ဆရာနဲ့ ပြတော့-“ဒီရင်သားအကျိတ်က တစ်စင်တီ မီတာပဲရှိတယ်၊ အဆင့်မရှိဘူး၊ ဓာတ်ကင်ဖို့ မလိုဘူး၊ ကင်ဆာဆေးသွင်းရမယ်”လို့ ပြောတယ်။

အဲဒါနဲ့ ကင်ဆာဆေးသွင်းတာကို မော်တင် ဆေးခန်းမှာပဲ ခြောက်လကြာသွင်းခဲ့တယ်”ဟု ပြော ပြခဲ့သည်။“ဆေးသွင်းပြီးပြီးချင်းမှာဆိုရင် အစာမစားနိုင်ဘူး၊ လုံးဝ ထမင်းမစားချင်ဘူး၊ ညှော်လည်းမခံချင် ဘူး၊ ဟင်းနံ့တွေလည်းမခံနိုင်ဘူး၊ အမျိုးသားက ထမင်းမစားစားချင်လာအောင် အနားမှာထိုင်စောင့်ရှောက်ပေးတာ၊ မွေးစားသမီးလေးတွေကိုသူစားချင် တာ ချက်ပေးလိုက်ဆိုပြီးပြောတယ်။ အမျိုးသားစိတ်ချမ်းသာအောင် ဆရာမမှာ မစားချင်ဘဲ အစာသွင်းလိုက် ရေသောက်လိုက်နဲ့ မျိုချခဲ့ရတယ်။ အမျိုးသားက အသီးအနှံတွေဆိုရင် အကုန်လုံး ခွဲစိတ်ထားတာ၊ လိမ္မော်သီးလေးတွေအခွံနွှာထားတယ်၊ပန်းသီး၊ သစ်တော်သီး၊ သရက်သီး၊ ဖရဲသီး စတာတွေကို လှီးထားပေးတယ်၊ ထမင်းစားပြီးတိုင်း ဂရုတစိုက် ကျွေးတယ်၊ ထမင်းမစားချင်ရင် ထမင်းပေါင်း၊ ခေါက်ဆွဲကြော်၊ ကြေးအိုးသဖြင့် ဆရာမ စားချင်မယ့်အရာတွေကို ကျွေးတယ်၊ အသီးအနှံကတော့ မပါမဖြစ်ကျွေးတယ်။ မနက်ဆိုရင် ကန်တော်ကြီးစောင်းကို ကားနဲ့ခေါ်သွားပြီး လမ်းလျှောက်ခိုင်းတယ်၊ ကိုယ်အလေးချိန်က ပေါင် ၁၁၀ ဖြစ်လာပြီ၊ ဗိုက်ပူလာတယ်ဆိုပြီး ဆရာမကို လမ်းလျှောက်ခိုင်းတယ်၊ သူလည်းလိုက်ပြီး လမ်းလျှောက်ပေးတယ် . .

ဆရာမ အမျိုးသားရဲ့ အားပေးမှု၊ ဂရုစိုက်မှုနဲ့ အလိုလိုက်မှုတွေက ဒီကင်ဆာကုသမှုအောင်မြင်စေတဲ့ အထောက်အပံ့ကောင်းတွေပဲ ဖြစ်ပါတယ်”ဟု ဆရာမဒေါ်လှလှမြင့်က ပြောသည်။

ကင်ဆာဆေးစတင် သွင်းပြီးခါစမှာပင် ဆံပင်ကျွတ်လာခဲ့ရာ အလယ်နေရာတွင် ကွက်ပြီး ဘေးဘက်များတွင်သာ ဆံပင်ကျန်တော့သည်။ ဆံပင်ကျွတ်နှုန်းများသဖြင့် ဆရာဝန်က ကင်ဆာဆေး ပမာဏကို အနည်းငယ် လျှော့ပေးခဲ့သည်။

“ကင်ဆာဆေး သွင်းမယ်ကြံတော့ သွေးစစ်လိုက်တဲ့အခါ သွေးအားနည်းနေတယ်။ အဲဒါနဲ့ သွေးလှူမယ့်သူရှာရတယ်၊ တစ်ရက်သွေးသွင်းရတယ်၊ တစ်ရက်ဆေးသွင်းရတယ်။ ဒါက ဆေးသွင်းတိုင်း၊ သွင်းတိုင်း ဖြတ်သန်းရတဲ့ကိစ္စပဲ။ တစ်လနှစ်ခါနဲ့ ခြောက်လကြာဆေးသွင်းခဲ့ရတယ်”

ကင်ဆာဆေးသွင်းခြင်း၏ ဘေးထွက်ဆိုးကျိုးအဖြစ် ဆံပင်ကျွတ်ခြင်းနှင့် အစားအသောက်ပျက် ခြင်းတို့ကိုသာခံစားခဲ့ရပြီး အန်ခြင်း၊ ခေါင်းမူးခြင်း မခံစားခဲ့ရကြောင်း သိရသည်။ ခြောက်လပြည့်ပြီး နောက် Tamoxifen ဆေးကို ၅ နှစ်ကြာ ဆက်လက်သောက်သုံးခဲ့ရသည်။

“`နောက်ပိုင်းမှာ သုံးလတစ်ခါ ဆရာဝန်ကြီးနဲ့ထပ်ပြပြီး ကျန်းမာရေးစစ်ဆေးမှု ခံယူခဲ့တယ်။ ပထ မတစ်ကြိမ်ဆိုရင် ရင်သားကိုစမ်းတယ်၊ သားအိမ်ကို နှိပ်ကြည့်တယ်၊ ချိုင်းအောက်တွေ စမ်းတယ်။ လည်ပင်းအကျိတ်တွေ စမ်းတယ်။ တစ်နှစ်ပြည့်ရင်တော့ရင်သားကို ရင်သားဓာတ်မှန်(Mammogram)ရိုက်တယ်၊ ရင်ဘတ်ဓာတ်မှန်ရိုက်တယ်၊ အာထရာ ဆောင်းရိုက်တယ်၊ ပြီးတော့ သွေးထဲမှာကင်ဆာပိုး ရှိ၊ မရှိစစ်တယ်၊ နှစ်တိုင်းလေးမျိုး စစ်ရတယ်။ ဘာမှထူးခြားတာ မတွေ့ရတော့ဘူး”ဟု ပြောပြခဲ့သည်။

ရင်သားကင်ဆာဖြစ်ရခြင်းသည် ကင်ဆာမျိုးရိုးရှိခြင်းနှင့် ဟင်းအနှစ်/ ဆီပြန်ဟင်းများကို ကြိုက်နှစ်သက်ခြင်းကြောင့်ဟု ဆရာမဒေါ်လှလှမြင့် ထင်မြင်ထားသည်။
“ဆရာမက ဆီပြန်ဟင်းမှ ကြိုက်တာ၊ ထမင်းစားရင် ဟင်းအနှစ်ကို နယ်ဖတ်စားရတာကို ကြိုက်တယ်။ အသီးအနှံတွေဆို လုံးဝမကြိုက်ဘူး၊ ဟင်းသီးဟင်းရွက်ဆိုလည်း မကြိုက်ဘူး၊ ရေကျန်ဟင်း တွေဆိုမကြိုက်ဘူး”

ကင်ဆာဆေးသွင်းပြီးချိန်တွင် အဆီလျှော့စားရန်နှင့် အာဟာရပြည့်ဝသော အစားအသောက်တိုင်း စားပေးနိုင်ကြောင်း ပြောကြားခဲ့ပြီး ညာဘက်ရင်သား ခွဲစိတ်ထားသည့်အတွက် ညာဘက်လက်ကို မလှုပ်မရှားဘဲ မနေရန်နှင့် လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပေးရန် ဆရာဝန်က ညွှန်ကြားခဲ့ကြောင်း သိရသည်။

“ဆရာဝန်က အဆီအအိမ့်မစားနဲ့၊ ဗီတာမင်စီ ကြွယ်ဝတဲ့ လိမ္မော်သီး၊ သစ်တော်သီး စတဲ့ သစ်သီးဝလံတွေ များများစားလို့ မှာလိုက်တယ်။ ဆေးကုနေတဲ့အတောအတွင်းမှာကို အသီးအနှံတွေကို အတော်များများစားဖြစ်ခဲ့တယ်။ အဲဒီကျမှ အသီးအနှံဆိုတာ စားရကောင်းပါလားလို့သိခဲ့တာ၊ အခုကျမှ ဟင်းသီးဟင်းရွက်ကိုလည်း စားဖြစ်တာ . .

ဒါပေမဲ့ ဆေးကြောင့်ပဲလားတော့ မပြောတတ်ဘူး၊ အရင်က ဆရာမပိန်ပိန်လေး ပေါင် ၁၀ဝ ပဲရှိတာ၊ ကင်ဆာဆေးသွင်းနေရင်း ဝလာတာ၊ ပေါင် ၁၁၀ တောင်ရှိလာတာ၊ အဲဒါနဲ့ လေ့ကျင့်ခန်းလုပ်ပြီး ပြန်ထိန်းရတာ၊ အခု ၁၀၂ပေါင်ပဲရှိတော့တယ်”

သားသမီးမရှိဘဲ ခင်ပွန်းသည်နှင့်အတူနေထိုင်သည့် ဆရာမ ဒေါ်လှလှမြင့်က အိမ်ထောင်သက် နှစ် ၄၀ ကျော်ခဲ့ပြီဖြစ်ကာ ကင်ဆာကုပြီးနောက်ပိုင်း နေထိုင်မှုပုံစံကိုလည်း ပြောပြခဲ့သည်။

“ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတော့ ကံကြောင့်လည်း ဖြစ်နိုင်တယ်၊ မျိုးရိုးကြောင့်လည်းဖြစ်နိုင်တယ်။ အခုနောက်ပိုင်းကျတော့ ကျန်းမာရေးစာစောင်တွေ ဖတ်ပြီး မင်းဂွတ်သီးကောင်းတယ်ဆိုရင် မင်းဂွတ်သီးစားဖြစ်တယ်၊ အရွက်တွေလည်း စားတယ်၊ အခုဆိုရင် နေ့တိုင်းပန်းသီးဖျော်ရည်၊ မုန်လာဥနီဖျော်ရည်ကို သောက်ဖြစ်တယ်၊ တစ်ခါတလေ နှစ်မျိုးရောသောက်ဖြစ်တယ်။

ဆရာမက သီချင်းဆိုတာကို အင်မတန်ဝါသနာပါတယ်။ ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း အတွင်းရေးမှူးဖြစ်တဲ့ ဒေါက်တာမိုးအောင်ကျော်နိုင်နဲ့ကလည်းခင်တော့ သူတို့ပွဲလေးတွေမှာဆိုရင် အခါအားလျော်စွာ သီချင်းဆိုဖြစ်တယ်။ အလှူငွေလည်း ထည့်ဖြစ်တယ်။

ဆရာမက ခရီးထွက်ရတာ ဝါသနာပါတယ်။ ဖျားခြင်း၊ နာခြင်းသိပ်မရှိဘူး၊ ခေါင်းလေးဘာလေး ကိုက်တာလောက်ပဲ ဖြစ်တယ်၊ အိပ်ပျော်စားဝင်ပြီးနေလို့ ကောင်းနေတယ်’
ကင်ဆာဖြစ်နေသူများနှင့် ကင်ဆာဖြစ်မှာ စိုး ကြောက်သူတို့အား ဆရာမ ဒေါ်လှလှမြင့်က Healthy Life ဂျာနယ်မှတစ်ဆင့် သူ့ဖြစ်ရပ်နှင့် ယှဉ်ကာ အားပေးခဲ့သည်။

“ကင်ဆာ ဖြစ်ဖြစ်ချင်း တော်တော် ကြောက်ပါတယ်။ ဘုရားမှာ တိုင်တည်မိတယ်။ “ဒီဝဋ်နာကံနာ မဖြစ်ပါစေနဲ့၊ ဖြစ်ခဲ့ရင် ကုသလို့ပျောက်ကင်းပါစေ၊ ဆရာကောင်း၊ သမားကောင်း၊ ဆေးကောင်း၊ ဝါးကောင်းနဲ့တွေ့ရပါစေ”လို့ ဆုတောင်းမိတယ်။ တရားအားထုတ်တယ်၊ တရားထိုင်တယ်။ တရားထိုင်ရင်းနဲ့ ငါတို့ကတစ်နေ့ကျရင် သေရမှာပဲ၊ ငယ်ငယ်ကြီးကြီး ကံပါရင် အသက်ရှည်ရှည်မနေရဘဲ သေရမှာပဲ၊ ဒါက အတိတ်ဘဝက ပြုလုပ်ခဲ့တဲ့ကံနဲ့လည်း ဆိုင်တယ်၊ သေတစ်နေ့၊ မွေးတစ်နေ့ပဲ၊ ကုစရာရှိကုမယ်၊ သေမယ်ဆိုလည်း ရဲရဲ ရင်ဆိုင်လိုက်မယ်ဆိုပြီး အားတင်းနိုင်သွားတယ်။ တရားထိုင်လိုက်တဲ့အခါမှာသေမှာလည်း မကြောက်တော့ဘူး၊ အဲဒီလိုစိတ် ဖြစ်သွားတယ်။ အဓိက စိတ်ဓာတ်မာဖို့ အရေးကြီးတယ်။ ဒါကြောင့်စိတ်ကို ပေါ့ပေါ့ပါးပါးပဲထားပါ၊ စိတ်ကို ခိုင်ခိုင်ထားပါ၊ တရားအားထုတ်ပါလို့ အကြံပေးချင်ပါတယ်။

နောက်တစ်ချက်က ဆရာဝန်ရဲ့ အားပေးမှုကလည်း အရေးကြီးပါတယ်။ အစပိုင်းမှာ ကင်ဆာဆိုတော့ ဖြီးလိမ်းချင်စိတ်မရှိ စိတ်ဓာတ်ကျဆင်းစွာ ဖြစ်နေတယ်။ အဲဒါကို ဆရာဝန်က သေချာနှစ်သိမ့်အား ပေးစကားပြောတယ်။ နောက်ပိုင်းကျတော့ ကင်ဆာဆေးသွင်းရင်ကို ဆရာမက လှလှပပ ပြင်ဆင်ဖြီးလိမ်းပြီး သွားတယ်၊ ဆရာဝန်တွေက လူနာဘယ်မှာလဲဆိုပြီးတောင် မေးယူရတဲ့အထိ လူနာလို့ကိုမထင်ကြဘူး။ ခင်ပွန်းသည်က လိုလေးသေးမရှိဂရုစိုက် ပေးတဲ့အတွက် ဆရာမ အဲဒီမှာ မကြောက်တော့ဘူး။ ဒါကြောင့် ကင်ဆာဝေဒနာရှင်တွေအတွက် မိသားစုဝင်တွေ၊ ဆွေမျိုးတွေရဲ့ အားပေးဖေးမစာနာမှုနဲ့ ဆရာဝန်ရဲ့ နှစ်သိမ့်စကားက အရေးပါတဲ့အတွက် ဂရုစိုက်နှစ်သိမ့်ပေးဖို့ ပြောချင်ပါတယ်”ဟု ဆရာမ ဒေါ်လှလှမြင့်က ပြောကြားလိုက်ပါသည်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top