Healthy Life Ad
Health Tips

အိမ်ရှင်မများ မိသားစု ကျန်းမာရေးအတွက် ဆားပမာဏကို တွက်၍ ချက်ပြုတ်ပြင်ဆင်သင့်

ဇွန်ခိုင်ဦး ( ဆေးဝါးတက္ကသိုလ် )

အိမ်ရှင်မများသည် ကိုယ့်မိသားစုကျန်းမာရေးအတွက် ဆားပမာဏကို တွက်၍ ချက်ပြုတ်ပြင်ဆင် သင့်ကြောင်း အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က အာ ဟာရဆိုင်ရာ ဟောပြောပွဲတွင် ပြောကြားခဲ့သည်။

“ ကိုယ်ကအိမ်မှာ ဟင်းချက်တဲ့ အိမ်ရှင်မဆိုရင် ဆားပမာဏကို တွက်ဖို့ လိုပါတယ်။ ရောဂါမဖြစ်သေးရင် ဆားကို တစ်နေ့ လက်ဖက်ရည်ဇွန်း တစ်ဝက် စားလို့ရပါတယ်။ အိမ်မှာ လူငါးယောက်ရှိတယ်ဆိုရင် တစ်နေ့လုံးချက်တဲ့ ဟင်းတွေထဲမှာပါရမယ့် ဆားက လက်ဖက်ရည်ဇွန်းနှစ်ဇွန်းခွဲပဲ ဖြစ်ပါတယ်။ အဲဒီနှစ်ဇွန်းခွဲနဲ့ တကယ်ချက်နေသလားဆိုတာ ဆန်းစစ်ရပါမယ်။

အကြမ်းအားဖြင့် မြန်မာလူမျိုးတွေ တစ်နေ့စားနေတဲ့ ဆားပမာဏက လက်ဖက်ရည်ဇွန်း တစ်ဇွန်း ကျော် (၃၀ဝ၀ မီလီဂရမ်)လောက်ရှိနေပါတယ်။ အဲဒီအတွက် အသက် ၃၀ကျော် ၄၀ ထဲရောက်လာချိန်မှာ သွေးတိုးတာတွေများလာပါတယ်” ဟု ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က ပြောကြားသည်။ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်းလျှင် ၆ ဂရမ် (၂၃၀ဝ မီလီဂရမ်)နှင့် ညီမျှကြောင်း သိရသည်။

“ ကျွန်မတို့တစ်တွေက ငယ်ငယ်လေးကတည်းက ဆားတွေ စားလာကြတယ်။ သွေးတိုးရောဂါနဲ့ ကင်ဆာရောဂါတွေ ဖြစ်တဲ့အခါ ဆားကို လျှော့စားပေးရပါတယ်။ ဆားကို ဘယ်လောက်အထိ လျှော့ရသလဲဆိုရင် ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းရဲ့ သုံးပုံ တစ်ပုံ (၂ ဂရမ်)အထိ လျှော့စားခိုင်းပါတယ်။ အဲဒါဆိုရင် တွက်ချက်ထားတဲ့ တစ်နေ့ စားသင့်တဲ့ ဆား ၁၅၀ဝ မီလီဂရမ်အောက်ကို ရောက်သွားပါတယ်”တာရှည်ခံအောင်လုပ်ထားသည့် အစာများတွင် ဆားပါဝင်မှု မြင့်မားသည့်အတွက် တတ်နိုင်သမျှ ဆင်ခြင်သင့်ကြောင်း၊ အချိုမှုန့်၊ ကြက်သားမှုန့်များ သည်လည်း ရှောင်သင့်ကြောင်း သိရသည်။

“ အချိုမှုန့်တွေ မစားသင့်ကြောင်း ကျွန်မတို့ ပြောတော့ လူတွေက အချိုမှုန့်အစား ကြက်သားမှုန့်ကို ပြောင်းစားကြတယ်။ အဲဒါတွေကလည်း ကင်ဆာကိုပဲ ဦးတည်နေတဲ့အတွက် ဖြစ်နိုင်ရင် အချိုမှုန့်၊ ကြက်သားမှုန့်တွေအစား သကြားနည်းနည်း၊ ဆားနည်းနည်းထည့်ပြီး ချက်ပြုတ်စားသောက်သင့်ပါတယ်။ တဖြည်းဖြည်းနဲ့ အဲဒီအရသာကို စားတတ်သွားပါလိမ့်မယ်” ဟု ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ပြောကြားခဲ့သည်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top