Healthy Life Ad
Life Style

လိင်တံကြီးဆေးကြောင့် ဒုက္ခရောက်ရရှာသူ ဦးထွန်းမင်း

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

စီးပွားရေး လုပ်ငန်းကိစ္စများဖြင့် မကြာခဏ နယ်လှည့် ခရီးထွက်ရလေ့ရှိသူ ဦးထွန်းမင်းသည် ၂၀၁၁ ခုနစ်အစောပိုင်းတွင် မြန်မာနိုင်ငံအောက်ပိုင်း က နယ်တစ်ခုသို့ အလုပ်ကိစ္စဖြင့် လအတန်ကြာ သွား ရောက်နေထိုင်ဖြစ်ခဲ့သည်။

အဲဒီတုန်းက အသက်က ၄၀ အရွယ်ပေါ့ . . မြန်မာနိုင်ငံ အောက်ပိုင်းက နယ်တစ်ခုကို အလုပ် ကိစ္စနဲ့သွားနေရတော့ အပေါင်းအသင်း စုံသွားတယ်။ အဲဒီမှာ သူငယ်ချင်းတွေက လိင်တံထဲကို ဆီလီကွန် ဆေးထိုးလိုက်ရင်ပိုကောင်းမယ်ဆိုပြီး ပြောကြတယ်။ ကိုယ်ကလည်း မသိနားမလည်၊ ကျန်းမာရေးအသိက လည်း မရှိဆိုတော့ သူတို့နဲ့အတူ လိုက်လုပ်မိခဲ့တယ်။ ဆေးထိုးလိုက်ရင် လိင်တံကြီးလာမယ်လို့ပဲ သိခဲ့တာ၊ ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်တတ်တယ် ဆို တာကိုမသိခဲ့ပါဘူး ဟု ဦးထွန်းမင်းက လိင်တံကြီး စေရန် ဆီလီကွန်ဆေးကို စတင်ထိုးဖြစ်ခဲ့ပုံကို ပြန် ပြောင်း ပြောပြခဲ့သည်။

ဆီလီကွန်ထိုးဆေးကို နှစ်ကြိမ်လောက်ကို ထိုး ခဲ့ပြီး တစ်ကြိမ်လျှင် လိင်တံပတ်ပတ်လည်ကို ၁၀ ချက်ခန့် နည်းနည်းစီ ခွဲထိုးခြင်းဖြစ်ကြောင်း၊ တစ် ကြိမ်နှင့်တစ်ကြိမ်မှာ နှစ်လလောက် ခြားခဲ့ပြီး ဆေး ထိုးပေးသူက ဆရာဝန်ဟုပင် သိခဲ့ကြောင်း ဦးထွန်း မင်းက ဆိုသည်။

ဒုတိယအကြိမ်ဆေးထိုးပြီးပြီးချင်းမှာ လိင်တံ က ပိုမိုကြီးမားလာခဲ့ပေမယ့် သုံးလလောက် ကြာတော့ လိင်တံမှာ အဆီကျိတ်ကြီးဖြစ်လာပါတယ်။ အဲဒီလို ဖြစ်လာချိန်မှာ ကျွန်တော်က တခြားနယ်တစ်ခုကို ပြောင်းအလုပ်လုပ်နေရပြီ ဟု ဦးထွန်းမင်းက ပြော သည်။ ဦးထွန်းမင်းနှင့်အတူ လိင်တံကြီးစေရန် ဆီလီ ကွန်ထိုးဆေးထိုးခဲ့သော သူငယ်ချင်း အပေါင်းအ သင်းများရှိသော်လည်း သူတို့နှင့် အဆက်အသွယ် ပြတ်သွားခဲ့သဖြင့် သူတို့အကြောင်းကိုမူ ထပ်မံမသိ ရှိရတော့ပေ။

အဆီကျိတ်ကြီးနဲ့ ဆိုတော့ မသက်မသာ ဝေဒ နာဖြစ်ခဲ့တယ်။ ဒါနဲ့ ဘယ်လိုမှ မခံစားနိုင်တော့ ရန် ကုန်တက်ပြီး ဆေးခန်းတွေ လိုက်ပြပါတယ်။ ဆရာ ဝန်အများစုက လက်မခံပါဘူး။ ဆီလီကွန်ကြောင့် ဖြစ်တာ (Silicon Case ) ဆိုပြီး လက်မခံဘဲ ဆရာ ဝန်တစ်ဦးကပဲ သောက်ဆေးပေးလိုက်ပါတယ်။ ပြောရမယ်ဆိုရင် ဆေးရုံ၊ ဆေးခန်း တချို့ကို သွားပြ ဖြစ်ခဲ့ပါတယ်။ စနစ်တကျ စစ်ဆေးမပေးကြပါဘူး။

အဲဒီတော့ ကျွန်တော် ဘယ်သွားပြရမှန်းမသိ၊ ဘာလုပ်ရမှန်းမသိဘဲ ဖျားနေခဲ့ပါတယ်။ ဖျားတာက တောက်လျှောက်ကို ဖျားနေခဲ့တာပါ။ နောက်ဆုံးမှာ တော့ သျှင်ပါကူဆေးခန်းရဲ့ ပြင်ပလူနာကုဌာနကို လာပြလိုက်ပါတယ်။ အဲဒီမှာ ဆရာဦးကျော်ဆွေက အဖျားက မကျဘဲ တောက်လျှောက်ဖြစ်နေတယ်၊ ဘာကြောင့်လဲ ဆိုပြီး မေးတော့ ကျွန်တော်က ကျွန် တော့် လိင်တံက ဒီလို ဒီလိုပဲလို့ ပြောပြလိုက်ပါတယ်။ အဲဒါနဲ့ သူက ဒီအတိုင်းထားလို့မဖြစ်ဘူး လို့ ချက် ချင်းပြောပါတယ်။

ဆရာကြီး ပါမောက္ခဦးဦးကျော်နဲ့ပြဖို့စီစဉ်ပေး မယ်၊ ခင်ဗျားဖြစ်နေတာက ခွဲစိတ်မှ အဆင်ပြေမယ့် အနေအထားမျိုးဖြစ်နေတယ် လို့ ဆရာဦးကျော် ဆွေက ပြောပါတယ်။အဲဒါနဲ့ ဆရာဦးဦးကျော်နဲ့ ပြပြီး ၂၀၁၁ နှစ်ကုန် ပိုင်းလောက်မှာ ပထမဆုံးအကြိမ် ခွဲစိတ်ကုသမှုခံယူ ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက အဆီကျိတ်ကြီးက အတော်ကြီးနေပြီး ဆီးသွားတဲ့ လမ်းကြောင်းကိုပါ ပိတ်မိသလို ဖြစ်နေခဲ့တယ်။

အဲဒီတုန်းက ဆီးသွားရ တာ မဝဘူး။ ဖျားတာကလည်း တောက်လျှောက်ဖျား တယ်၊ ဆေးထိုးဆေးသောက်အမျိုးမျိုး လုပ်ပေမယ့် အဖျားက လုံးဝ မကျဘူး။ အဲဒီအခြေအနေမှာ ဆရာ ဦးဦးကျော်က ချက်ချင်း ခွဲစိတ်မှ ဖြစ်မယ်ဆိုပြီး ချက် ချင်းပဲ အဲဒီအဆီကျိတ်ကြီးကို ခွဲစိတ်ဖယ်ထုတ်ပေးခဲ့ ပါတယ် ဟု ဦးထွန်းမင်း က ဆိုသည်။သို့ရာတွင် လိင်တံတွင်းသို့ ဆီလီကွန်ဆေးထိုး ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးဖြစ်သည့် အဆီ ကျိတ်များက များလွန်းသဖြင့် တစ်ကြိမ်တည်းနှင့် အကုန်ထုတ်ရန် အဆင်မပြေခဲ့ပေ။

အဆီကျိတ်တွေက တစ်နေရာတည်း ငြိမ်နေ တာမျိုး မဟုတ်ဘဲ ရွေ့လျားနေတဲ့ အတွက် ဖိလိုက် ရင် အရေပြားက နာကျင်တဲ့ ဝေဒနာ ခံစားလာရ တယ်။ အဲဒါနဲ့ ငါးနှစ်လောက်လည်း ကြာလာတော့ ဆရာကြီးဦးဦးကျော်နဲ့ ပြန်ပြပြီး အခု ၂၀၁၆ မှာ ဒုတိယအကြိမ် ထပ်မံခွဲစိတ်မှုခံယူရပါတယ်။ အခု တော့ အဆီကျိတ်တွေကုန်သွားပါပြီ ဟု ဦးထွန်း မင်းက ဆိုသည်။

၄၀ အရွယ် လိင်တံကြီးစေသည့် ကုထုံး မခံယူ မီကပင် အိမ်ထောင်သည်တစ်ဦးဖြစ်သော ဦးထွန်း မင်းတွင် သားသမီးများပိုင်ဆိုင်ထားပြီး ဖြစ်သည်။ ဆေးထိုးပြီး အဆီကျိတ်ပေါ်လာချိန်ကစပြီး အ မျိုးသားစွမ်းဆောင်ရည် လုံးဝမရှိတော့ကြောင်း၊ အ ကျိတ်ကကြီးထွားပြီး လိင်တံပေါ်ပိနေခဲ့သဖြင့် ဘယ် လိုမှပင်စွမ်းဆောင်နိုင်စွမ်းမရှိတော့ကြောင်း ဦးထွန်း မင်းက ဆိုသည်။

သို့ရာတွင် ပထမအကြိမ် ခွဲစိတ် ပြီး ပုံမှန်ဆီးသွား၍ ရသဖြင့် ကံကောင်းသေးသည် ဟု ဦးထွန်းမင်း အကောင်းမြင်ခဲ့သည်။သူငယ်ချင်းတွေအဆွယ်ကောင်းတာနဲ့ ဆတ် ဆော့ပြီး ဆေးထိုးလိုက်မိတာ၊ အခု နှစ်ကြိမ် တိတိ ခွဲစိတ်ပြီး အဆီကျိတ်တွေ ထုတ်ခဲ့ရတယ်။ ဒါပေမဲ့ ပုံမှန် ပြန်မဖြစ်သေးပါဘူး။ နောက်ထပ် လပိုင်းအကြာမှာ ပုံမှန်အနေအထားဖြစ်အောင် ပြန်လည် ပြု ပြင်ရဦးမယ်လို့ ဆရာကြီးက ပြောပါတယ်။

ကျွန်တော့်လို ဖြစ်စဉ်မျိုးက သမားရိုးကျ မ ဟုတ်ဘဲ ရှားပါးဖြစ်စဉ်ပဲ ဖြစ်မှာပါ။ ဒါကြောင့် တချို့ ဆရာဝန်တွေက ကုသဖို့ ငြင်းထုတ်ခဲ့ပေမယ့် သေ ချာ ဂရုစိုက်ကုသပေးခဲ့တဲ့ ဆရာကြီး ပါမောက္ခဦးဦး ကျော်ကို အထူးကို ကျေးဇူးတင်ရှိပါတယ် ဟု ဦး ထွန်းမင်းက ဆိုသည်။လူငယ်လူရွယ်အချို့သည် ဦးထွန်းမင်းကဲ့သို့ ပင် လိင်တံကြီးစေရန်အတွက် ကြိုးစားအားထုတ် လေ့ရှိကြရာ ဦးထွန်းမင်းက သူ့အတွေ့အကြုံကို အကြောင်းပြု၍ အကြံပြုစကား ပြောကြားခဲ့သည်။

ဒီလိုမျိုး လိင်တံကြီးအောင် ဆိုပြီး ကိုယ်မသိ နားမလည်တဲ့ ဆေးတွေ ထိုးတာ၊ ဆေးတွေလိမ်းတာ စတဲ့ နည်းတွေက တကယ်တော့ မလုပ်သင့်ပါဘူး။ တကယ်လို့ လုပ်ကြည့်ချင်တယ်ဆိုရင်တောင် ကျွမ်း ကျင်တဲ့ ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်သင့်ပါတယ်။ ကိုယ်လုပ်မယ့် နည်းလမ်းက ဘယ်လို ဆိုးကျိုးတွေ ရှိသလဲဆိုတာမျိုးကိုလည်း သိသင့်ပါတယ်။ ဆိုးကျိုး တွေကို မသိဘဲ လုပ်လိုက်တဲ့အခါမှာ မလိုလားအပ် တဲ့ အခက်အခဲတွေ ကြုံတွေ့ရတတ်ပါတယ်။

ကျွန်တော့်အတွေ့အကြုံအရ ပြောရမယ်ဆိုရင် ဆေးထိုးပြီးနောက်ပိုင်းမှာ အဆီကျိတ်တွေ ဖြစ်လာ လို့ စိတ်ဖိစီးမှုတွေ များခဲ့တယ်၊ ဘယ်မှာ ကုလို့ ကုရ မယ်မှန်းမသိဘဲ ဒုက္ခတွေရောက်ခဲ့တယ်၊ အချိန်တွေ၊ ငွေတွေ ကုန်ခဲ့ရတယ်။ အဆီကျိတ်နဲ့ဆိုတော့ နေရ ထိုင်ရတာ မလွတ်လပ်ဘူး။ အဆီကျိတ်က မာမာကြီး ဆိုတော့ ကားစီးတာတို့၊ ဆိုင်ကယ်စီးတာတို့ ဖြစ်ပြီး ဆောင့်မိရင် အတော် နာပါတယ်။ လမ်းလျှောက်တာ များရင်လည်း နာပါတယ်။

ပြီးတော့ အဆီကျိတ်က ငြိမ်မနေဘဲ လျှောက်ရွေ့နေတဲ့အတွက် ပိုပြီး ထိန်း သိမ်းရခက်ပါတယ် ဟု ဦးထွန်းမင်းက ပြောပြခဲ့ပြီး ဆေးကုသမှု ဆိုင်ရာ သူ ကြုံတွေ့ခဲ့ရသည့် အ ခက်အခဲများကိုမူ အောက်ပါအတိုင်း ပြောပြခဲ့သည်။

ကျွန်တော်က မသိနားမလည်ဘဲနဲ့ ဒီလို လုပ်ခဲ့ မိတယ်။ ဒါပေမဲ့ ကျွန်တော် အစောပိုင်းမှာ သွားပြခဲ့တဲ့ ဆရာဝန်တချို့က ဥပေက္ခာပြုလိုက်ကြ တယ်။ ကျွန်တော်ဖြစ်စေချင်တာက သူတို့နဲ့ မဆိုင် ဘူးဆိုရင်တောင် နှစ်သိမ့်ဆွေးနွေးမှုလေးတွေပေး ပြီး လိုအပ်တဲ့ လမ်းညွှန်ချက်လေးတွေ ပေးစေချင်ပါ တယ်။

အခုတော့ဗျာ . . ဒါမျိုး လက်မခံဘူး၊ မကြည့် ဘူး ဆိုတာမျိုး လုပ်တော့ ကျွန်တော် ယောင်ချာချာ နဲ့ ဘယ်သွားလို့ သွားမှန်းမသိ၊ ဘယ်ဆရာဝန်နဲ့ ပြ ရမှန်းမသိ ဖြစ်ပြီး စိတ်အားငယ်ခဲ့ရတယ်။ ငါ့ရောဂါ ကို ကုပေးတဲ့ ဆရာဝန်မှ ရှိရဲ့လားဆိုပြီး စိုးရိမ်နေခဲ့ရ တယ်။ အဆက်အသွယ်ကလည်း မရှိတော့ ဘယ်သူ ကများ ငါ့ကို ခွဲစိတ်ပြီး ကုပေးနိုင်မှာလည်း ဆိုတာ စဉ်းစားလို့လည်း မရဘူးဗျာ . .
အသက် ၄၀ အရွယ်က လက်တည့်စမ်းခဲ့သော ဦးထွန်းမင်းသည် ယခု ၄၆နှစ်ရှိသည်အထိ လိင်တံ ကြီးဆေး ဆီလီကွန်ထိုးဆေး၏ ဘေးထွက်ဆိုးကျိုးကို ခံစားနေရမြဲ ဖြစ်သည်။ ဆက်လက်ပြီး လိင်တံ ပုံမှန် အနေအထားဖြစ်စေရန်နှင့် ပုံမှန်အတိုင်း စွမ်းဆောင် ရည် ရှိစေရန် ခွဲစိတ်ကုသမှု ခံယူရဦးမည် ဖြစ်သည်။

ကျွန်တော့်ဘဝနဲ့ ယှဉ်ပြောရရင် ဒီလိုမျိုး မ လုပ်ကြပါနဲ့။ ရှောင်ရှားသင့်ပါတယ်။ ကျန်းမာရေးအ တွက်တင်မက စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး . . အဘက်ဘက်အတွက် ကောင်းကျိုး မရှိပါဘူး။ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ အ များကြီး ရှိပါတယ်။ အလုပ်တောင် ကောင်းကောင်း မလုပ်နိုင်ပါဘူး။ ဒါကြောင့် လူငယ်လူရွယ်တွေအပါ အဝင် အမျိုးသားတွေ အားလုံးကို ပြောချင်တာက ဒါမျိုး လက်တည့်မစမ်းကြပါနဲ့ဗျာ ဟု ဦးထွန်းမင်း က သူ၏ နောင်တတို့အကြားဝယ် အကြံပြုပညာပေး စကား ပြောကြားလိုက်ပါသည်။

(မှတ်ချက်။ ။ ကာယကံရှင်၏ တောင်းဆိုချက် အရ အမည်လွှဲထားခြင်းဖြစ်ပြီး ကာယကံရှင်၏ဓာတ် ပုံကိုလည်း ထည့်သွင်းဖော်ပြခြင်း မပြုတော့ပါ။ – အယ်ဒီတာ)

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top