Healthy Life Ad
Life Style

စပရိန်နဲ့ တူတဲ့ သွေးတိုးရောဂါ (၃)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

– ယခင်တစ်ပတ်မှအဆက်

အရင်ဦးဆုံး လူတွေရဲ့သွေးပေါင်တွေ ဘယ်လိုရှိနေတတ်သလဲ ဆိုတာသိဖို့လည်း လိုအပ်ပါတယ်။ တကယ်တော့ လူတွေရဲ့သွေးပေါင်ဟာ ပုံမှန်အားဖြင့် အမြဲတမ်း တသမတ်တည်း ကိန်းဂဏန်းတစ်ခုမှာ တစ်နေ့လုံးငြိမ်သက်နေတာ မဟုတ်ပါဘူး။ ပင်လယ်ရေလှိုင်းလို မြင့်လိုက်၊ နိမ့်လိုက်ရှိနေပါတယ်။ အပြောင်းအလဲမြန်ပါတယ်။

သွေးပေါင်ကိုဘယ်လိုအခြေအနေမှာ ဘယ်လိုတိုင်းလိုက်သလဲဆိုတဲ့ အချက်ကလည်း အရေးပါပါတယ်။ ဆေးခန်းထဲ ရောက်ရောက်ချင်းတိုင်းလိုက်ရင် သွေးပေါင်များတတ်ပါတယ်။ ဆေးခန်းလာစဉ် အချိန်မီမရောက်လို့ အလှည့်ကျော်သွားပြီလား၊ ဆရာဝန်ကြီးက အချိန်မှန်မှန်မလာမိလို့ အပြစ်တင်မလား စတဲ့စိတ်လှုပ်ရှားစရာတွေကြောင့် အိမ်မှာ အေးအေးဆေးဆေးနေစဉ်ချိန်ထားတဲ့ သွေးပေါင်နဲ့ မတူဘဲ တက်နေတတ်ပါတယ်။ ဒါကို White Coat Effect ဆရာဝန်တွေ ဝတ်ထားတဲ့ ဂျူတီကုတ်အဖြူကြောင့် သွေးယာယီတက်သွားခြင်းလို့ခေါ်ကြပါတယ်။ ဒါကို သတိမထားမိတဲ့အခါ ဆရာဝန်တွေက သွေးကျဆေးတွေ မလိုဘဲ တိုးပေးမိတတ်ပါတယ်။ သွေးပေါင်ကို ထိုင်ပြီး တိုင်းရပါမယ်။ လက်ပတ်ကို မှန်အောင်ပတ် ရပါမယ်။ လက်မောင်းအကြီးအသေးအလိုက်သုံးရမယ့် လက်ပတ်အရွယ်ရွေးပြီး သုံးရပါမယ်။

ဆီးချိုသွေးချိုရောဂါ နှစ်ပေါင်းကြာနေတဲ့သူတွေ နဲ့သက်ကြီးရွယ်အိုတွေမှာ လှဲအိပ်ပြီးတိုင်းတဲ့ သွေးပေါင်နဲ့ မတ်တပ်ရပ်ပြီး တိုင်းတဲ့ သွေးပေါင်ဟာ အပေါ်သွေး ၂၀ mmHg ထက်မက ကွာဟနေတတ်ပါတယ်။ (Postural hypotension) ထပြီး တိုင်းတဲ့ သွေးပေါင်က ပိုနည်းတတ်ပါတယ်။ အခု ခေတ်မီ သွေးပေါင်တိုင်းနည်းတစ်ခုကတော့ ၂၄ နာရီ သွေးပေါင်တွေကို အဆက်မပြတ်တိုင်းပြီး စောင့်ကြည့်တဲ့ နည်းဖြစ်ပါတယ်။ 24 hours BP monitoring လို့ ခေါ်ပါတယ်။ လူနာက အိမ်မှာ နေနေတုန်း တစ်နေ့တာ သွေးပေါင်တိုင်းလိုက်ရင် တက်လိုက်၊ ကျလိုက် တစ်ချိန်နဲ့တစ်ချိန် အတော်လေးကွာပါတယ်။ အိပ်ပျော်နေချိန်မှာ ပုံမှန်အားဖြင့် သွေးပေါင်က အနိမ့်ဆုံးဖြစ်ပြီး နံနက်ရုံးတက်ချိန် ၉ နာရီ၊ ၁၀ နာရီတွေမှာ သွေးပေါင်အမြင့်ဆုံး ဖြစ်တတ်ပါတယ်။ ဒီသဘာဝ ဖြစ်စဉ်တွေက ပုံမှန်လူတွေမှာတွေ့နေရတာတွေပါ။

တချို့လူတွေမှာ Nocturnal dipping လို့ခေါ်တဲ့ ညအိပ်ပျော်စဉ် သွေးပေါင်ကျသွားတာမရှိဘဲ တန်းနေရင် ဒါမှမဟုတ် ညသွေးပေါင်က နေ့အချိန် မှာထက်ပိုများနေရင် နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်း (Cardiovascular events) တွေပို ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်မယ့် အတိတ်နိမိတ်လို့ပဲ ယူဆလို့ရပါတယ်။

အိပ်ရာနိုးပြီး နံနက်ပိုင်းတွေမှာ သွေးပေါင်က အများဆုံးဖြစ်လေ့ရှိပါတယ်။ သွေးပေါင်ထိန်းတာ မလုံလောက်ရင် နှလုံးသွေးကြောပိတ်တာ၊ လေဖြတ်တာတွေဟာ အများအားဖြင့် နံနက်ပိုင်း ရုံးတက်ချိန်မှာ အများဆုံးဖြစ်တတ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် သွေးတိုးထိန်းရာမှာ ၂၄ နာရီလုံး ထိရောက်တဲ့ တာရှည်ခံသွေးကျဆေး (Long acting drugs) ရွေးချယ်သင့်ပါတယ်။ တချို့အချိန်တိုတဲ့ ဆေးတွေကို အူထဲမှ ခန္ဓာကိုယ်ထဲသို့ ချက်ချင်းစုပ်ယူမသွားအောင် ဖန်တီးထားကြပါတယ်။ Modified release formula တွေ ဖြစ်ကြပါတယ်။ ၂၄ နာရီ ထိရောက်တာကြောင့် တစ်နေ့တစ်ကြိမ်ထဲသောက်ဖို့ လိုပါတယ်။ ဆေးမေ့တတ်သူ၊ သတိရမှ သောက်လေ့ရှိသူတွေအတွက်လည်း ကောင်းပါတယ်။ ဒါကြောင့် သွေးကျဆေးသောက်ရင် ဘယ်လောက်တာရှည်ခံတဲ့ ဆေးလဲဆိုတာလည်း မေးသင့်ပါတယ်။

ဒါကြောင့် သွေးတိုးရောဂါကို ကုရာမှာ ကိန်းဂဏန်းတစ်ခုတည်းကြည့်ပြီး ကုရတာ မဟုတ်ဘဲ အနည်းဆုံး အများဆုံး သွေးပေါင်ချိန်၊ ဘယ်အချိန်မှာ ဘယ်လို အတက်အကျရှိသလဲစတဲ့ အချက်တွေလည်း ထည့်သွင်းစဉ်းစားရပါမယ်။ သွေးပေါင်နည်းတာတွေ့လို့ လျှော့လိုက်၊ သွေးပေါင်ပိုကျမှာစိုးလို့ ဖြတ်ထားလိုက်၊ နောက်နေ့မှာ များတာတွေ့လို့တိုးလိုက်စသဖြင့် ဆေးကို ကစားနေတာက ဆိုးကျိုး ပိုများတတ်ပါတယ်။ ဒီလိုဆေးကို အတက်အကျ အလိုက် ကစားနေတဲ့အတွက် ဆိုးကျိုးဖြစ်စေတဲ့ သာဓကတစ်ခုကတော့ ခုတင်နံပါတ် ၇ မှ ဒေါ်နီလာပဲ ဖြစ်ပါတယ်။

ဆေးကို သွေးတိုးတယ်ထင်တော့မှ သွားတိုင်းပြီး သောက်လေ့ရှိတဲ့ ဒေါ်နီလာ ဆေးမသောက်တာကြာလို့ သွေးအမြဲတိုးနေတာပါ။ ဒီနေ့မှ မြင်နေတာ တွေ့ရတဲ့သွေးတိုးကို ထက်မြက်ပြီး ထိရောက်မှု မြန် လွန်းတဲ့ဆေးတွေနဲ့ ချက်ချင်းကျအောင်လုပ်မိတဲ့ အခါ ဦးနှောက်ကို သွေးလုံလောက်အောင် မပို့ပေးနိုင်လို့၊ သွေးမရလို့ ဦးနှောက်ပုပ်ခြင်း (Cerebral infraction) ဖြစ်စေတတ်ကြောင်း သတိပေးလိုပါတယ်။ ဒီလိုဖြစ်တတ်တာကို ဆေးကုနေတဲ့ ဆရာဝန်တွေလည်းသိဖို့ လိုပါတယ်။

ဆက်လက်ဖော်ပြပါမည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top