Healthy Life Ad
Life Style

မင်္ဂလာပွဲလို အခမ်းအနားတွေမှာ ပေါ်လွင်ထင်ရှားနေစေဖို့ . . .

၊ ငွေကြယ်စင်ယံ ၊

မင်္ဂလာပွဲ၊ အလှူ စတဲ့ ပွဲလမ်းသဘင်အခမ်းအနားတွေမှာ ကိုယ်က ပွဲရှင်ပဲဖြစ်ဖြစ်၊ တက်ရောက်သူပဲဖြစ်ဖြစ် ပေါ်လွင်ထင်ရှားနေဖို့ဆိုရင် အခြေခံလိုအပ်တဲ့အချက်က ကျန်းမာပြီး အားအင်ပြည့်ဝနေရပါမယ်။ စိတ်ရောကိုယ်ပါ လန်းဆန်းနေမှသာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ စမတ်ကျနေမှာပါ။ အဲဒီလိုဖြစ်စေဖို့ဆိုရင် အောက်ပါနည်းလမ်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။

– အာဟာရပြည့်ဝစွာ စားသောက်ပါ
ဧည့်ခံပွဲ၊ မွေးနေ့ပါတီ၊ အာစရိယပူဇော်ပွဲ အစရှိတဲ့ အခမ်းအနားတွေကို တက်ရောက်ဖို့ရှိတယ်ဆိုရင် အားအင်ပြည့်ကာ လန်းဆန်းနေအောင် အစားအသောက်တွေကို ဂရုစိုက်စားသောက်ပါ။ နေ့စဉ် သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပြီး ကယ်လိုရီများတဲ့ အစာ၊ သကြား၊ ဆား၊ အဆီပါဝင်မှုများတဲ့ အစာတွေကို တတ်နိုင်သမျှ လျှော့စားပါ။ အရက်ရှောင်ပါ။

သင်က အဝလွန်နေလို့ ကိုယ်အလေးချိန် ကျစ်လျစ်သွယ်လျသွားလိုရင် အစာကို ပမာဏနည်းနည်းနဲ့ မကြာခဏ စားပေးတာ၊ အဆီလျှော့ချတာနဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်တာတွေကို လုပ်ဆောင်သင့်ပါတယ်။ အစာကို ရက်တိုရှောင်တဲ့နည်းတွေနဲ့ မလျှော့ချပါနဲ့။

– ယောဂကျင့်ပါ
ကိုယ်ခန္ဓာသွယ်လျလှပဖို့၊ စမတ်ကျဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေစေဖို့အတွက် လေ့ကျင့်ခန်းကလည်း အရေးပါပါတယ်။ တစ်ပတ်မှာ အနည်းဆုံး နှစ်နာရီခွဲလောက်တော့ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ အထူးသဖြင့် အသက်ရှူနှုန်းနဲ့ နှလုံးခုန်နှုန်းကိုလည်း ကောင်းမွန်စေပြီး ကြွက်သားတွေကိုလည်း သန်စွမ်းစေတဲ့ ယောဂလေ့ကျင့်ခန်းကို လုပ်ပေးပါ။ ယောဂကျင့်တာကြောင့် ကိုယ်ခန္ဓာကို ကျန်းမာရေး ကောင်းစေတဲ့အပြင် စိတ်ကိုလည်း လန်းဆန်းငြိမ်းချမ်းနေစေပါတယ်။ ဒီလိုရလဒ်တွေကြောင့် အသားအရေလှပကာ မျက်နှာလည်း ကြည်လင်နေပါလိမ့်မယ်။

– ဆေးလိပ်ငွေ့အပါအဝင် ညစ်ညမ်းသော လေထုကို ရှောင်ပါ
ဆေးလိပ်ငွေ့အပါအဝင် ညစ်ညမ်းတဲ့လေထုတွေကို ရှူရှိုက်ရတာက ဆိုးကျိုးအနေနဲ့ ခေါင်းကိုက်တာ၊ အသက်ရှူကျပ်တာစတဲ့ ဝေဒနာတွေကို ချက်ချင်းဖြစ်စေပြီး ကြာရှည်အနေနဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေကို ထိခိုက်စေပါတယ်။ အသားအရေကိုလည်း ညစ်နွမ်းစေပါတယ်။

– စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ
စိတ်ကြောင့် ရုပ်အလှပါ ထိခိုက်ရတတ်ပါတယ်။ မယုံရင် စိတ်ဖိစီးမှုများနေတဲ့သူကို ကြည့်လိုက်ပါ၊ ရှိရင်းစွဲအသက်ထက် ပိုအိုစာတယ်လို့ ထင်ရပါတယ်။ စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်တာ၊ အိပ်မပျော်တာ၊ အာရုံစူးစိုက်နိုင်စွမ်းမကောင်းတာ၊ စိတ်တိုတာ၊ ဗိုက်အောင့်တာ၊ အလုပ်ထဲစိတ်မဝင်စားတာနဲ့ ယုံကြည်မှုမရှိတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုခံစားရတိုင်း တတ်နိုင်သမျှ လျှော့ချသင့်ပါတယ်။

– ကျန်းမာရေးစစ်ဆေးမှု ခံယူပါ
သင့်အသက်အရွယ်၊ လိင်အမျိုးအစားနဲ့ မိသားစုကျန်းမာရေးမျိုးရိုးအပေါ် အခြေခံပြီး စစ်ဆေးသင့်တဲ့ စစ်ဆေးနည်းတွေအကြောင်းကို ဆရာဝန်ကို မေးမြန်းပါ။ ပုံမှန် ကျန်းမာရေးစစ်ဆေးနည်းတွေဟာ တချို့ရောဂါတွေကို အစောဆုံးအဆင့်မှာကတည်းက သိနိုင်ပြီး ပိုမဆိုးအောင် ကာကွယ်ကုသနိုင်ပါလိမ့်မယ်။

– အိပ်ရေးဝ၀ အိပ်စက်အနားယူပါ
ဒီစကားကပြောရတာ အက်ကြောင်း ထပ်နေပေမယ့် တကယ်အရေးပါပါတယ်။ တကယ်လို့ အိပ်ရေးပျက်ပြီး နွမ်းနယ်နေရင် အခမ်းအနားပွဲတွေကို တက်ရောက်တဲ့အခါ ပင်ပန်းပြီး အားမရှိတဲ့ ပုံပေါ်နေပါလိမ့်မယ်။ အိပ်ရေးပျက်နေရင် တစ်နေ့တာ လုပ်ဆောင်စရာကိစ္စတွေကိုလည်း အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ညမှာ အိပ်ရေးဝလေလေ၊ နိုးနေတဲ့အချိန်တွေမှာ လန်းဆန်းတက်ကြွမှု ပိုရှိလေလေပဲ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top