Healthy Life Ad
Life Style

ဒီကလေးကိုယူလို့မဖြစ်လို့ သမီးကို ကူညီပါ ဆရာ . . .

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး )

ဟိုတစ်နေ့က ညကြီးမင်းကြီးမှာ ဆေးခန်းထဲက လူနာတွေကုန်သွားလို့ ဆရာတို့ ပြန်မလို့ ပြင်နေတုန်း “ဆရာ နေပါဦး၊ ကားပေါ်မှာ လူနာတစ်ယောက်စောင့်နေလို့ပါ” ဆိုပြီး တခြားလူတွေ မမြင်အောင် ပုန်းလျှိုးကွယ်လျှိုးနဲ့ အမေရယ်၊ သမီးဖြစ်တဲ့ ဆယ်ကျော်သက်လေးရယ် ကုပ်ကုပ်လေး ဝင်လာပါတယ်။ ဆယ်ကျော်သက်သမီးလေးက အင်္ကျီပွပွကြီး ဝတ်လို့၊ သူတို့ ဘာဖြစ်လို့ ညကြီးသန်ခေါင်ကျမှ တခြားသူတွေ မမြင်အောင် ဆေးခန်းထဲကို ပုန်းပြီးဝင်လာကြတာလဲဆိုတော့ အင်မတန်ကြေကွဲစရာကောင်းတဲ့ အဖြစ်အပျက်လေးကြောင့်ပါပဲ။

ကလေးမလေး အသက်က ၁၆ နှစ်ပဲ ရှိပါသေးတယ်။ တစ်ဦးတည်းသော သမီးလေးဖြစ်ပြီး ငယ်ငယ်ကတည်းက ရောဂါတစ်ခုကြောင့် ကျောင်းတောင်မထားဘဲ ပိုးမွေးသလိုမွေးပြီး ခြေမွေးမီးမလောင်၊ လက်မွေးမီးမလောင် အိမ်မှာပဲထားတယ်။ အိမ်ထဲမှာပဲထားတော့ မိဘတွေက စိတ်ချရတယ်လို့ ထင်တာပေါ့၊ ကလေးမလေး အိမ်ထဲမှာနေတာ၊ လိမ္မာတယ်လို့ မိဘတွေက ထင်နေခဲ့ကြတယ်။ ကလေးမလေးက အိမ်ထဲမှာ အင်တာနက်ကနေ ချက်တင်တွေလုပ်ပြီး ရည်းစားရသွားခဲ့တယ်။

တစ်ရက်မှာတော့ကောင်မလေးက သူငယ်ချင်းတစ်ယောက်နဲ့ အပြင်မှာ ဈေးသွားဝယ်စရာရှိတယ်လို့ မိဘကိုပူဆာတယ်။ အဲဒီလို ပူဆာတော့ ကောင်မလေးသူငယ်ချင်းကလည်း လာခေါ်တာနဲ့ ခွင့်ပြုလိုက်တယ်။ အချိန် နှစ်နာရီပဲကြာတယ်။ အဲဒီတစ်ကြိမ်ပဲ အပြင်တစ်ခါထွက်တာ၊ အဲဒီနောက်ပိုင်း ကောင်မလေးက အော့တယ်၊ အန်တယ်၊ တဖြည်းဖြည်း ဝ၀လာတယ်၊ မိခင်က မသင်္ကာတော့ သမီးကို မေးကြည့်တယ်။ ရင်ကျိုးစရာပါပဲ။ အမေကတော့ မျက်ရည်နဲ့ မျက်ခွက် … ။ ဆရာ့ဆီ လာပြတဲ့ အချိန်မှာ ကိုယ်ဝန်က ခုနစ်လရှိနေပါပြီ။ သေချာမေးကြည့်တော့မှ လာခေါ်တဲ့ သူငယ်ချင်းကောင်မလေးရဲ့ နောက်ကွယ်မှာ အင်တာနက်ထဲက သူ့ရည်းစားရှိ နေတယ်ဆိုတာ သိလိုက်ရတယ်။ ဘယ်သူမှန်းလည်း သေချာမသိဘူး၊ နောက်လည်း တစ်ခါမှ မတွေ့တော့ဘူး၊ အခုတော့ ကလေးမလေးရဲ့ဗိုက်ထဲက ရင်သွေးလေးက လှုပ်ရှားနေပြီ၊ မကြာခင်မှာ မွေးပေးရတော့မယ်။ ဒီလောက်ငယ်ရွယ်နုပျိုနေတဲ့ ကလေးမလေးက မိခင်ဖြစ်ဖို့အဆင်သင့်ဖြစ်ပါဦးမလား။ ကလေးရဲ့ အဖေက ဘယ်သူ ဘယ်ဝါမှန်းလည်း မသိဘူး။

ဒီအဖြစ်အပျက်လေးကို ကြည့်လိုက်ရင် အပျိုပေါက်လေးတစ်ယောက် ရာသီလာပြီဆိုတာပေါ့ သေးသေးမဟုတ်ပါဘူး။ အချိန်မရွေး ကိုယ်ဝန်ရှိသွားနိုင်ပါတယ်။ ဒါကြောင့် ကျားသတ္တဝါတွေကို ကစားစရာလို့ ထင်မှတ်ပြီး ပေါ့ပေါ့ဆဆ မကစားမိဖို့ လိုပါတယ်။ တစ်ခါတလေ မိန်းကလေးတစ်ယောက်ရဲ့ အလှအပဟာ သူ့အတွက် အန္တရာယ်လို့တောင် ပြောလို့ရပါတယ်။

ဆယ်ကျော်သက်လေးတွေ ဆရာ့ဆေးခန်းထဲကို ရောက်လာတယ်၊ သူတို့က အားကိုးတကြီးနဲ့ “သမီးဗိုက်ထဲမှာ ကလေးလေးရှိနေပါပြီ။ ဘယ်လိုမှ ဒီကလေးကိုယူလို့မဖြစ်လို့ ဆရာ သမီးကို ကူညီပါ” လို့ ပြောကြတယ်။ သူ့စကားလေးက သိပ်လှပါတယ်။ “ကူညီပါ”တဲ့ . .။

ဆရာတို့ဘက်က ကြည့်ရင် သူ့ကလေးလေးကို ဖျက်ချတာက ကူညီရာရောက်သလား . .။ ဆရာတို့ ဆေးပညာမှာ သင်ထားတာက ကိုယ်ဝန်ဆောင်မိခင်တွေကို ကောင်းကောင်း ပြုစုစောင့်ရှောက်ပြီး ကျန်း မာပျော်ရွှင်ဉာဏ်ရည်ထက်မြက်တဲ့ ကလေးလေးကို မွေးပေးဖို့ပဲမဟုတ်ပါလား။ ဒီကလေးတွေကို သတ်ဖို့ ဆေးပညာကိုသင်ပေးထားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီကလေးမလေးက ဆရာသာမကူညီရင် လက်သည်တွေဆီ သွားဖျက်ချတော့မှာပါ။ လက်သည်တွေက ဖဲထီးသံချောင်းတွေနဲ့ ထိုးချတော့မယ်၊ အဲဒီအခါ ပိုးဝင်မယ်၊ နောက်ဆက်တွဲ ဆိုးကျိုးတွေကလည်း ဖြစ်တော့မယ်။ ဒါတွေကိုလည်း ကြိုမြင်နေပါတယ်။ ဒီလို အခြေအနေမှာဆိုရင် ဆရာတို့ ဘာလုပ်ရမှန်း မသိတော့ဘူး။ သူ့ဗိုက်ထဲက ကလေးလေးကိုလည်း မသတ်ချင်ပါဘူး။ တစ်ခါတလေကျရင် ဆရာတို့မှာ ဘေးကျပ်နံကျပ်ဖြစ်ရပါတယ်။ကလေးကို သတ်ပြီးမှ ပိုက်ဆံယူတာက ဆရာဝန်လုပ်ရမယ့်အလုပ်မှ မဟုတ်တာ . . . ဆရာတို့အနေနဲ့ လူနာကလေးမလေးကို ကူညီချင်ပေမယ့်လည်း မကူညီနိုင်တဲ့ အခြေအနေမို့ အတော်လေးခက်ခဲလှပါတယ်။ အဲဒါကြောင့် အဲဒီလို ကိုယ်ဝန်ဖျက်ချဖို့ အကူအညီတောင်းတဲ့ လူနာတွေ မလာပါစေနဲ့လို့ ဆရာဆုတောင်းပါတယ်။

အများအားဖြင့် ဒီလိုလူနာမလေးတွေကို ကိုယ်ဝန်မဖျက်ချဖို့နဲ့ ကလေးကို မွေးဖို့ပဲ နားဝင်အောင် ပြောရပါတယ်။ ဖဲထီးသံချောင်းနဲ့ထိုးပြီး ကလေးကို သတ်မယ့် လက်သည်တွေဆီ မသွားဖို့လည်း ပြောရပါတယ်။

ဒီလို လူနာတွေနဲ့ကြုံတိုင်း ဆရာစိတ်မကောင်း ဖြစ်ရပါတယ်။ ဒါကြောင့် အဲဒီလို လူနာတွေ မများလာအောင်၊ အရွယ်မရောက်သေးတဲ့ ဆယ်ကျော်သက်အရွယ်လေးတွေ ဒီလို အဖြစ်မျိုး မကြုံရအောင် ကျန်းမာရေးအသိပညာတွေကို နည်းမျိုးစုံနဲ့ ပေးနေပါတယ်။ စာတွေရေးတယ်၊ ရေဒီယိုတွေမှာလည်း ပြောတယ်၊ တီဗီတွေမှာလည်း ပြောတယ်၊ နေ့တိုင်း ပညာပေးနေပါတယ်။

ဒါကြောင့် သမီးမိန်းကလေးတစ်ယောက် အပျိုဖော်ဝင်ပြီဆိုရင် မိဘတွေက သေချာထိန်းသိမ်း စောင့်ရှောက်ဖို့ လိုပါတယ်။ ဘယ်သူမှ တစ်ချိန်လုံးထိုင်ပြီး မစောင့်ရှောက်နိုင်၊ မကြည့်နိုင်ပါဘူး၊ အရေးကြီးတာက သူတို့ကို မိန်းကလေး သဘာဝအကြောင်း နားလည်အောင် သင်ပေးရပါမယ်။ ဘာကြောင့် ရာသီလာတာလဲ၊ မိမိရဲ့ အလှကို ဘယ်လို ထိန်းသိမ်းစောင့်ရှောက်ရမယ်၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားရမယ် စသဖြင့် ကျန်းမာရေးတင်မက မိန်းကလေးတစ်ယောက်ရဲ့ ဘဝကို တန်ဖိုးထားတတ်တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကိုပါ သင်ပေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top