Healthy Life Ad
Life Style

နှစ် ၃၀ နီးပါး စွဲလမ်းစွာ စားသုံးခဲ့တဲ့ ဆေးလိပ်နဲ့ကွမ်း ဖြတ်နိုင်ခဲ့တာ ၁၄ နှစ် ရှိပြီဖြစ်တဲ့ ဦးမောင်မောင်လတ်ရဲ့ အတွေ့အကြုံ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း၏ ဥက္ကဌဖြစ်သူ ဦးမောင်မောင်လတ်က နှစ် ၃၀ကြာ အလွန်အမင်း စားသုံးခဲ့သော ကွမ်းနှင့် ဆေးလိပ်ကို ၂၀ဝ၂ ခုနစ်ကတည်းက ဖြတ်နိုင်ခဲ့သည့် သူ့အတွေ့အကြုံကို ပြန်လည်မျှဝေပြောပြခဲ့သည်။

“ကျွန်တော် ၁၀ တန်းအောင်ခါစ ၁၉၇၄ ခုနစ်တုန်းက ဆေးလိပ်ကို စသောက်ဖြစ်ခဲ့တာပါ။ ကွမ်းယာကိုတော့ ၁၉၇၅ ခုနစ်လောက်မှာ စပြီး စားတတ်ခဲ့တာပါ။ တောက်လျှောက်ပဲ ဆေးလိပ်လည်း သောက်ခဲ့တယ်၊ ကွမ်းယာလည်းစားခဲ့ပါတယ်။ ကျွန်တော် တာဝန်ထမ်းဆောင်နေတဲ့ နေရာဒေသအနှံ့ မပြတ်ခဲ့ပါဘူး။ ဆေးလိပ်စသောက်တာက အသက် ၁၆ နှစ်လောက်၊ ကွမ်းစစားတာက အသက် ၁၇ နှစ်လောက် အရွယ်ပေါ့၊ တစ်နေ့ကို ကွမ်းစားတာ တစ်ယာနဲ့ တစ်ယာ မပြတ်သလောက်ပဲ၊ ခြားရင်တောင် အချိန်ခဏလောက်ပဲ ခြားပါတယ်။

ကွမ်းစစားဖြစ်တုန်းကလည်း သူငယ်ချင်းတွေက စားတာနဲ့ စမ်းစားကြည့်လိုက်တယ်၊ ဆေးလိပ်လည်း အဲဒီအတိုင်းပဲ၊ ဆေးလိပ်တစ်ဖွာလောက် သောက်လိုက်၊ ကွမ်းတစ်ယာလောက် စားလိုက်နဲ့ စခဲ့တာပါ”ဟု ဦးမောင်မောင်လတ်က ဆိုသည်။ မိသားစုထဲတွင် ဆေးလိပ်သောက်သူ၊ ကွမ်းစားသူမရှိခဲ့ဘဲ သူကသာ လူငယ်သဘာဝ စတင်စမ်းသပ် သုံးစွဲကြည့်ရင်း ဆေးလိပ်နှင့် ကွမ်းကို စွဲလမ်းခဲ့ခြင်းဖြစ်ကြောင်း ဦးမောင်မောင်လတ်က ဆိုသည်။

“အဖေကဆို ‘မင်းဆေးလိပ်မသောက်နဲ့၊ ကွမ်းမစားနဲ့’လို့ ခဏခဏ ပြောတာပဲ၊ ဒါပေမဲ့ မရပါဘူး။ ကိုယ့်စိတ်က မပိုင်းဖြတ်သေးသရွေ့ ဆေးလိပ်လည်း ဆက်သောက်နေခဲ့တာပဲ၊ ကွမ်းလည်း ဆက်စားနေခဲ့တာပါပဲ . . သူငယ်ချင်းတွေကဆိုရင် ကျွန်တော့်ပါးစပ်က အမြဲတမ်း နီရဲနေတဲ့အတွက် “ပလောင်နဲ့ အမျိုးတော်လား”ဆိုပြီး လှောင်ပြောင်တတ်ပါတယ်။ ပလောင်လူမျိုးအများစုကလည်း ကွမ်းယာစားကြတာကိုး၊ ရွာတွေမှာလည်း လူအတော်များများက ကွမ်းစားကြတာကိုး။

ဆေးလိပ်ဆိုရင်လည်း စီးကရက်သောက်ရင် မီးမသေဘူးလေ။ ဒါပေမဲ့ ကျွန်တော်သောက်တာက ဆေးပေါ့လိပ်ပါ၊ အဲဒီဆေးပေါ့လိပ်ကိုတောင် ကျွန်တော်ဘယ်လောက်အထိ သောက်သလဲဆိုရင် မီးမသေပါဘူး။ အဲလောက်ထိ သောက်ခဲ့တာ … ။ ကွမ်းစစားတုန်းက အသက်အရွယ်ငယ်သေးတော့ မကောင်းမှန်း သိပ်နားမလည်ခဲ့ဘူး၊ ဆေးလိပ်ဆိုလည်း အဲဒီအတိုင်းပဲ”ဟု ဦးမောင်မောင်လတ်က ကွမ်းနှင့် ဆေးလိပ်ကို အလွန်အကျွံ စားသုံးဖြစ်ခဲ့သည့် သူ့ငယ်ဘဝကို ပြန်ပြောင်း ပြောပြခဲ့သည်။

ကွမ်းယာစားခြင်းကြောင့် ခံတွင်းကင်ဆာ၊ လျှာကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာ၊ အသံအိုးကင်ဆာများ ဖြစ်စေနိုင်ပြီး သွားနှင့် သွားဖုံးထိခိုက်ခြင်း၊ ပတ်ဝန်းကျင် ညစ်ပတ်ခြင်းတို့ ဖြစ်တတ်ကြောင်း၊ ဆေးလိပ်သောက်ခြင်းကြောင့် အသက်ရှူလမ်းကြောင်း ကျန်းမာရေး ပြဿနာများဖြစ်ခြင်း၊ အဆုတ်ရောဂါ၊ အဆုတ်ကင်ဆာများ ဖြစ်ခြင်းတို့ ဖြစ်တတ်ကြောင်း ဆေးပညာရှင်အသီးသီးက တညီတညွတ်တည်း ဆိုထားသည်။

နှစ် ၃၀ကြာ ကွမ်းယာနှင့် ဆေးလိပ်ကို စွဲမြဲစွာ စားသုံးခဲ့သည့် ဦးမောင်မောင်လတ်၏ ကိုယ်တွေ့ဖြစ်ရပ်ကမူ-

“ကွမ်းစားတော့ ညစ်ပတ်တယ်၊ ကိုယ်စားတဲ့ သွားက ညစ်ပတ်တာတင်မကပါဘူး။ ကွမ်းစားတဲ့အခါ ပါးစပ်ထဲ ကွမ်းတွေ ပြည့်လာရင် ပြန်ပြီး ထွေးထုတ်ရတာဆိုတော့ ပတ်ဝန်းကျင်ကိုလည်း ညစ်ပတ်စေတာပေါ့၊ ဆေးလိပ်ကတော့ ကြာရင် အဆုတ်ရောဂါတို့၊ အသက်ရှူလို့ မကောင်းတာတို့ ဖြစ်တတ်တယ်လေ၊ အဆုတ်ကင်ဆာတောင် ဖြစ်တတ်တာပေါ့။ ကျန်းမာရေးအတွက် ထိခိုက်လာနိုင်တယ်၊ ကျွန်တော်ကတော့ နှစ် ၃၀ နီးပါး ဆေးလိပ်နဲ့ ကွမ်းစားခဲ့ပေမယ့် ဘာဝေဒနာမှတော့ မဖြစ်သေးပါဘူး။ ဒါပေမဲ့ တစ်ချိန်ကျရင် ဖြစ်လာနိုင်တယ်လေ၊ လောလောဆယ်မှာတော့ ပိုက်ဆံကုန်ပါတယ်။ ရောဂါရလို့ဖြတ်တာ မဟုတ်ပေမယ့် မကောင်းဘူးဆိုတာ ကိုယ်တိုင်လက်ခံပြီး ကွမ်းမစားသင့်ဘူး၊ ဆေးလိပ်မသောက်သင့်ဘူးဆိုတဲ့ စိတ်နဲ့ ဖြတ်လိုက်တာပါ”ဟု ပြောပြခဲ့သည်။

၂၀ဝ၂ ခုနစ်တွင် ကွမ်းယာစားခြင်းနှင့် ဆေးလိပ်သောက်ခြင်းတို့သည် ကျန်းမာရေး၊ လူမှုရေးအတွက် မကောင်းကြောင်း သိနားလည်ပြီး ငွေကုန်ကြေးကျများကြောင်း လက်ခံရာက ယတိပြတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးမောင်မောင်လတ်က ဆိုသည်။ “လူအတော်များများကလည်း ဆေးလိပ်သောက်တာ၊ ကွမ်းစားတာ မကောင်းဘူးလို့ ပြောကြတယ်၊ ကိုယ့်ကျန်းမာရေးအတွက်လည်း ထိခိုက်တယ် . . အဲဒီလိုအသိတွေနဲ့ ကျွန်တော် စဖြတ်လိုက်တာ. . ြဖတ်ခါစကတော့ ခံတွင်းချဉ်သလိုလို၊ တစ်ခုခု လိုနေသလိုလို ဖြစ်သေးတယ်။ ဒါပေမဲ့ စိတ်ပါပဲ၊ အခုအချိန်အထိ ဆေးလိပ်လည်း တစ်လိပ်မှမသောက်တော့ဘူး၊ ကွမ်းလည်း တစ်ယာမှကို မစားတော့ဘူး၊ အဓိကကတော့ ဘယ်လို စွဲလမ်းမှုပဲဖြစ်ဖြစ် ဖြတ်နိုင်ဖို့ဆိုတာ စိတ်ဓာတ်က အရေးကြီးပါတယ်။

ဆေးလိပ်နဲ့ ကွမ်းယာကို တစ်ပြိုင်တည်း တိခနဲ ဖြတ်လိုက်တာပါ။ ငါ ဒီနေ့ကစပြီး ဆေးလိပ်လည်း မသောက်တော့ဘူး၊ ကွမ်းယာလည်း မစားတော့ဘူးလို့ ဆုံးဖြတ်ပြီး တိခနဲ ဖြတ်လိုက်တာပါ။ အဲဒီမှာ သူငယ်ချင်းတွေက ဆေးလိပ်လာပေးရင်လည်း မသောက်တော့ဘူး၊ ကွမ်းယာ လာကျွေးလည်း မစားတော့ပါဘူး။ “မင်းကလဲ တစ်ယာလောက်တော့ ဝါးပါကွာ”ဆိုပြီး ကွမ်းယာလာပေးလည်း လုံးဝကို မစားတော့ပါဘူး။ ကွမ်းတစ်ယာပဲဆိုပြီး စစားမိတယ်၊ ဆေးလိပ် တစ်လိပ်ပဲဆိုပြီး သောက်မိတယ်ဆိုရင် ဒီကွမ်းစားတဲ့အကျင့်နဲ့ ဆေးလိပ်သောက်တဲ့အကျင့်က ပြန်ဖြစ်သွားမှာပဲလေ။ ဖြတ်လက်စနဲ့ဆိုတော့ ပြန်ကို မစတော့တာ။

ကျွန်တော်ရဲ့ အကျင့်က တစ်ခုခု ဆုံးဖြတ်လိုက်ပြီဆိုရင် အဲဒီဆုံးဖြတ်ထားတဲ့အတိုင်း မဖြစ်ဖြစ်အောင် လုပ်လေ့ရှိပါတယ်။ ေဆးလိပ်နဲ့ ကွမ်းဖြတ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တော့လည်း ဒါက ကောင်းတဲ့ဆုံးဖြတ်ချက်လည်း ဖြစ်တဲ့အတွက် ယတိပြတ် ဖြတ်ပြီးကတည်းက နောက်ကြောင်းကို မပြန်တော့ပါဘူး”ဟု ဦးမောင်မောင်လတ်က ဆေးလိပ်နှင့် ကွမ်းပြတ်ခဲ့ပုံအကြောင်းကို ပြောပြခဲ့သည်။

ကွမ်းယာနှင့်ဆေးလိပ် အလွန်အကျွံ သုံးစွဲခဲ့စဉ်ကနှင့် နှိုင်းယှဉ်လျှင် ကွမ်းယာနှင့် ဆေးလိပ်ဖြတ်ပြီး နောက်ပိုင်း၌ ကျန်းမာရေးနှင့် ရုပ်သွင်ပြောင်းလဲ ကွာခြားသွားပုံကို ဦးမောင်မောင်လတ်က ယခုလို ပြောပြခဲ့သည်။ “ကွမ်းနဲ့ ဆေးလိပ်ဖြတ်ပြီးချိန်မှာ ကျန်းမာရေးက ပိုကောင်းလာတယ်၊ သွားတွေကတော့ အသိသာဆုံးပေါ့၊ သွားတွေက ပိုပြီးဖြူလာတယ်၊ ကွမ်းစားတုန်းက သွားတွေက ညစ်ပတ်နေတယ်၊ ရယ်လိုက်တဲ့အချိန်ဆိုရင် ကွမ်းစားတဲ့သူရဲ့ သွားတွေက ညစ်ပတ်နေပြီး ကွမ်းမစားတဲ့သူရဲ့ သွားတွေက ဖြူစင်နေသလိုပါပဲ။ ဆေးလိပ်ဖြတ်ပြီးချိန်မှာ အရင်နဲ့စာရင် အသက်ရှူရတာ ပိုကောင်းလာပါတယ်”

ကွမ်းယာစားတယ်ဆိုရင် ဘယ်နေရာရောက်ရောက် ကွမ်းထွေးဖို့ နေရာရှာရတာက အလုပ်တစ်ခုပဲ၊ သူငယ်ချင်း အိမ်သွားလည်တယ်ဆိုရင်တောင် ကွမ်းထထွေးရတယ်၊ ကွမ်းထွေးတာက ပတ်ဝန်းကျင်လည်း ညစ်ပတ်ပြီး ဘယ်သူမှလည်း မနှစ်မြို့ဘူးလေ၊ ကွမ်းစားတဲ့သူရဲ့ကားဆိုလည်း ကားမှာကွမ်းတံတွေးတွေ ပေကျံနေတတ်တယ်၊ ပိုက်ဆံလည်းကုန်တယ်၊ ကျန်းမာရေးလည်း ထိခိုက်တယ်၊ ဆေးလိပ်သောက်တယ် ဆိုတာကလည်း ကိုယ်တင်မကဘူး၊ ကိုယ့်ပတ်ဝန်းကျင်ကိုပါ ဆေးလိပ်ငွေ့ရစေတယ်လေ …

မြန်မာနိုင်ငံတွင် ကွမ်းယာစားသူနှင့် ဆေးလိပ်သောက်သူများ လွန်စွာ များပြားလျက်ရှိပြီး ကွမ်းယာစားခြင်းနှင့် ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေး ထိခိုက်သူဦးရေလည်း တစ်နေ့ထက် တစ်နေ့ များပြားလာနေသည်။ သို့ဖြစ်ရာ သူ့ကဲ့သို့ ကွမ်းနှင့် ဆေးလိပ် ပြတ်စေရန်အတွက် –

“ကွမ်းယာစားတယ်ဆိုရင် ဘယ်နေရာရောက်ရောက် ကွမ်းထွေးဖို့ နေရာရှာရတာက အလုပ်တစ်ခုပဲ၊ သူငယ်ချင်းအိမ် သွားလည်တယ်ဆိုရင်တောင် ကွမ်းထထွေးရတယ်၊ ကွမ်းထွေးတာက ပတ်ဝန်းကျင်လည်း ညစ်ပတ်ပြီး ဘယ်သူမှလည်း မနှစ်မြို့ဘူးလေ၊ ကွမ်းစားတဲ့သူရဲ့ ကားဆိုလည်း ကားမှာ ကွမ်းတံတွေးတွေ ပေကျံနေတတ်တယ်၊ ပိုက်ဆံလည်း ကုန်တယ်၊ ကျန်းမာရေးလည်း ထိခိုက်တယ်၊ ဆေးလိပ်သောက် တယ်ဆိုတာကလည်း ကိုယ်တင်မကဘူး၊ ကိုယ့်ပတ် ဝန်းကျင်ကိုပါ ဆေးလိပ်ငွေ့ရစေတယ်လေ၊ ဒါကြောင့် ကွမ်းစားနေတဲ့သူတွေ၊ ဆေးလိပ်သောက်နေတဲ့သူတွေကိုလည်းဖြတ်ဖို့ ကျွန်တော်ကတော့ အကြံပြုချင်ပါတယ်”ဟု ဆေးလိပ်နှင့် ကွမ်းသုံးစွဲနေသူများကို ဦးမောင်မောင်လတ်က အကြံပြုစကားပြောကြား လိုက်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top