Healthy Life Ad
Life Style

စပရိန်နဲ့ တူတဲ့ သွေးတိုးရောဂါ (၁)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

လွန်ခဲ့တဲ့ သုံးနှစ်-လေးနှစ်တုန်းက မြောက်ဥက္ကလာပဆေးရုံမှာ အသည်းအသန်လူနာခန်း (High dependency unit)မှာ ရှိတဲ့ လူနာတွေကို လှည့်လည်ကြည့်ရှူစဉ်က ဖြစ်ပါတယ်။ ဒီလူနာအားလုံးရဲ့ရောဂါတွေဟာ သွေးတိုးရောဂါနဲ့ ဆက်နွှယ်နေတာ သတိပြုမိပါတယ်။

လူနာ ခုတင် ၁- သွေးတိုးကြမ်းပြီး ဦးနှောက်ထဲ သွေးယိုတဲ့ လူနာ၊

လူနာခုတင် ၂ – သွေးပေါင် ၂၀ဝ ကျော်လို့ သတိလစ်နေတဲ့သူ၊

လူနာခုတင် ၃ – သွေးတိုးကြောင့် နှလုံးကြီးလာပြီး ဖောတာ၊ မောတာ ဖြစ်နေတဲ့ လူနာ၊

လူနာခုတင် ၄-သွေးတိုးတာကြာလို့ ကျောက်ကပ်ပျက်ပြီး တစ်ကိုယ်လုံး ဖောနေတဲ့ လူနာ၊

လူနာခုတင် ၅- ဆီးချိုရောဂါရှိပြီး သွေးလည်းတိုး၊ ကျောက်ကပ် အလုပ်မလုပ်တဲ့ လူနာ၊

လူနာခုတင် ၆- သွေးတိုးပြီး နှလုံးသွေးကြောပိတ်လို့ ရင်ဘတ်အောင့်နေတဲ့ လူနာ၊

လူနာခုတင် ၇ – သွေးတိုးပြီး ဦးနှောက်သွေးကြောပိတ်လို့ လေတစ်ခြမ်းဖြတ်နေတဲ့ လူနာ၊

လူနာ ခုတင် ၈- သွေးတိုးပြီး နှလုံးခုန် စည်းချက်မညီတဲ့ လူနာ၊

လူနာ ခုတင် ၉- သွေးတိုးရှိပြီး မကုထားလို့ အရေးပေါ်ကို ရုတ်တရက် အမောဆို့ပြီး ရောက်လာတဲ့လူနာ။ ဒီလူနာက နှလုံးဘယ်ဘက်အခန်းမညှစ်နိုင်လို့ အဆုတ်ထဲ ရေလွှမ်းသွားတာကြောင့် ဖြစ်ရတာပါ။ ဆီးဆေးတွေ ထိုးပြီး အောက်ဆီဂျင် ရှူလိုက်တော့ ဒီနေ့ သက်သာနေပါပြီ။

ခုတင် ၁၀ လုံးရှိတဲ့ HDU အရေးကြီးတဲ့ လူနာခန်းမှာ ၉ ယောက်က သွေးတိုးရောဂါအခံရှိတာကြောင့် ဖြစ်လာရတဲ့ ဆင့်ပွားရောဂါတွေ ဖြစ်နေတာ သတိထားမိပါတယ်။

ဒီသွေးတိုးတာလေးတစ်ခုကနေ ဆင့်ပွားဖြစ်လာတဲ့ ဆင့်ပွားရောဂါတွေပဲ အားလုံးလာပြီး စုဝေး ရောက်ရှိနေတာပါလားလို့ တွေးမိပါတယ်။ ရောဂါအားလုံးရဲ့ တစ်ခုတည်းသော အခြေခံပြစ်ချက်ကတော့ သွေးတိုးကို စနစ်တကျမကုတာ တစ်ခုတည်း ကြောင့်သာဖြစ်နေတာပါ။

ဒီသွေးတိုးတာလေးတစ်ခုကနေ ဆင့်ပွားဖြစ်လာတဲ့ ဆင့်ပွားရောဂါတွေပဲ အားလုံးလာပြီး စုဝေးရောက်ရှိ နေတာပါလားလို့ တွေးမိပါတယ်။ ရောဂါအားလုံးရဲ့ တစ်ခုတည်းသော အခြေခံပြစ်ချက်ကတော့ သွေးတိုးကို စနစ်တကျမကုတာတစ်ခုတည်းကြောင့်သာဖြစ်နေ တာပါ . . .

ခုတင် ၁ က လူနာကတော့ အသက် ၇၀ ရှိ ဦးနီဖြစ်ပြီး ထမင်းစားပြီး ခြံထဲမှာ အပင်ရေလောင်း နေရင်း ရုတ်တရက် ဇက်ကြောထိုး၊ ခေါင်းကိုက်ပြီး သတိလစ်သွားလို့ ရောက်လာတာပါ။ ဦးနှောက်ကို ကွန်ပျူတာဓာတ်မှန် (CT Scan) ရိုက်လိုက်တော့ ဦးနှောက်တစ်ခြမ်းလုံး သွေးတွေ လွှမ်းနေတာ တွေ့ ရတာပါပဲ။ Intra cerebral haemorrhage ဦးနှောက်သွေးကြော ပေါက်သွားတာပဲ ဖြစ်ပါတယ်။

ခုတင်နံပါတ် ၂ကလူနာဒေါ်ကြည် အသက် ၈၀ ကတော့ သွေးတိုးတာ အပေါ်သွေး ၂၀ဝ ကျော်ပြီး ဂယောင်ခြောက်ခြားဖြစ်နေလို့ မိသားစုဆရာဝန်က လွှတ်လိုက်တာပါ။ သူကလေဖြတ်တာ မဟုတ်သေးပါဘူး။ သွေးတိုးပြန်ကျလာတော့ သတိလည်း ပြန်ရ လာပါတယ်။ Hypertensive Encephaopathy သွေးတိုးကြောင့်ဦးနှောက်ထိခိုက်ခြင်းပဲ ဖြစ်ပါတယ်။

ခုတင်နံပါတ် ၃က လူနာဦးစိန်မြင့် အသက် ၅၀ က သွေးတိုးတာ ၁၀ နှစ်ရှိပါပြီ။ ည ည အိပ်မပျော်ဘဲ အသက်ရှူကျပ်လို့ ထိုင်ခုံမှာပဲ အိပ်နေရတာ တစ်လကြာပါပြီ။ လှဲလိုက်တာနဲ့ အသက်ရှူကျပ်လာလို့ပါပဲ။ နောက်တော့ ခြေထောက်တွေ ဖောလာတာ၊ ဆီးဆေးထိုးတာတောင် အမောဖောက်တုန်းပါပဲ။

ခုတင်နံပါတ် ၄က ဦးထိန်ဝင်း အသက်က ၄၀ ပဲ ရှိပါသေးတယ်။ တကယ်တော့ သူ ၁၀နှစ်အရင်ကတည်းက ကျောက်ကပ်ရောင်ဖူးသူပါ။ သွေးတိုးနေ မှန်းသိပေမယ့် ဆေးမှန်မှန် မကုခဲ့ရပါဘူး။ အခု ကျောက်ကပ်လည်း အလုပ်မလုပ်တော့လို့ ဆီးဆိပ် ခရီရယ်တနင်း (creatinine) ၈၀ဝ မိုင်ခရိုမိုးလ်ရှိပြီး အရမ်းမောနေပါတယ်။ အသက်ရှူလည်း ပြင်းပြီးမြန်နေတာ အက်ဆစ်ဓာတ်တွေ မစွန့်ထုတ်နိုင်ဘဲ သွေးထဲမှာ စုပုံနေလို့ ဖြစ်ပါတယ်။ သူ့အတွက် အသက်ဆက်နိုင်မယ့် တစ်ခုတည်းသော ကုထုံးကတော့ ကျောက်ကပ် အစားထိုးပြီး ကျောက်ကပ်လဲတာပဲ ဖြစ်ပါတယ်။ ဒါမှမဟုတ် မသေမချင်း အသက်ရှင်နေ သရွေ့ ကျောက်ကပ်ဆေးရမှာ ဖြစ်ပါတယ်။ ဒီနေ့မှ နောင်တရနေလို့ ကုချင်ပေမယ့် ကျောက်ကပ် ပြန်မကောင်းလာနိုင်တော့ပါဘူး။

ခုတင်နံပါတ် ၅က အသက် ၅၆ နှစ်၊ ဦးသန်းအောင်ကတော့ ဆီးချိုရောဂါရော သွေးတိုးရောဂါရော နှစ်မျိုးလုံး ဖြစ်နေတာ ခြောက်နှစ်ရှိပါပြီ။ သွေးချို မထိန်းတော့ ကျောက်ကပ်တွေ အစောကြီး ပျက်စီးသွားတာပါ။ ကျောက်ကပ်မကောင်းတော့ သွေးက ပိုတိုး၊ သွေးတိုးက ကျောက်ကပ်ကို ပိုထိ၊ ကျောက်ကပ်မကောင်းတော့ သွေးက ပိုတိုး၊ ဒီလိုနဲ့ ပတ်လည်ရိုက်ပြီး ဆိုးသထက် ဆိုးလာတာ နောက်ဆုံး ဆေးရုံတက်လာရတာပါပဲ။ သူသာ ဆီးချိုသွေးချိုနဲ့သွေးတိုး ကို ကောင်းကောင်းကုခဲ့ရင် ဒီလို မဖြစ်အောင် တားဆီးနိုင်မှာ ဖြစ်ပါတယ်။

ခုတင်နံပါတ် ၆က ဒေါ်လှလှ အသက် ၆၇ နှစ်ပါ။ သူကတော့ တီဗီထိုင်ကြည့်နေတုန်း ရုတ်တရက် ရင်ဘတ်တစ်ပြင်လုံး အရမ်းအောင့်လာလို့ ဆေးရုံရောက်လာတာပါ။ ဒီမှာ အီးစီဂျီလုပ်ကြည့်တော့မှ နှ လုံးသွေးကြောတစ်ပင်သွေးခဲပြီး လုံးဝပိတ်ဆို့သွားမှန်း သိရပါတယ်။ နှလုံးသွေးမလျှောက်လို့ နှလုံး ကြွက်သားပုပ်သွားတာ (Myocardial Infraction) ဖြစ်ပါတယ်။ သူ့မှာ သွေးတိုးပြီး သွေးတွင်းအဆီဓာတ် များတာအပြင် ဆေးလိပ်လည်း သောက်နေတာတွေက အဓိက တရားခံ ဖြစ်နေပါတယ်။

ခုတင်နံပါတ် ၇က ဒေါ်နီလာ အသက် ၈၇ နှစ်၊ သွေးတိုးတာကြာပါပြီ။ ဆေးသောက်တာလည်းမမှန်ဘူး၊ မနေ့က ခေါင်းအုံနေလို့ ဆေးခန်းမှာ သွေးချိန်လိုက်တာ အပေါ်သွေး ၁၉၀ ဖြစ်နေတာ တွေ့ရပါတယ်။ ဆရာဝန်ကလည်း စိတ်ပူပြီး ဆီးဆေးတစ်လုံးထိုးပြီး လျှာအောက်မှာ သွေးကျဆေးတစ်လုံး အရည်ဖောက်ပြီး ငုံခိုင်းလိုက်ပါတယ်။ ညအိပ်ပျော်နေစဉ်မှာပဲ မျက်နှာနဲ့ ကိုယ်တစ်ခြမ်း မလှုပ်နိုင်တော့ပါဘူး။ စကားလည်း ပြောလို့ မရတော့ဘူး၊ အစာမျိုရင်လည်း သီးပါတယ်။ ဦးနှောက်ကို စီတီစကင် ရိုက်လိုက်တော့ ဦးနှောက်မှာ သွေးလျှောက်တာ မလုံလောက်တော့လို့ ဦးနှောက်ပုပ်သွားတာပျက်သွားတာ ဒါမှမဟုတ် Cerebral infraction ဖြစ်နေတာကို အတိအကျ ဖော်ပြနေပါတယ်။

ခုတင်နံပါတ် ၈ က အသက် ၅၀ ဒေါ်နုဖြစ်ပြီး သွေးတိုးရှိနေတဲ့အပြင် နှလုံးက တစ်ခါတစ်ခါ အရမ်းတုန်ပြီး သတိလစ်သွားတာ မိုက်ခနဲ မူးတာ၊ မျက်စိပြာသွားတာဖြစ်ပြီး ခဏခဏ ဆေးရုံတက်နေရပါတယ်။ ဒီတစ်ခါမှာတော့ နှလုံး ရုတ်တရက်တန့်သွားသလို ဖြစ်ပြီး ရင်ဘတ်ကို နှိပ်ပေးတော့မှ သတိပြန် လည်လာတာပါ။ အထူးကြပ်မတ်ခန်း ICU ထဲမှာ နှစ်ညအိပ်ပြီး ပြန်ထွက်လာတာပါ။ နှလုံးကြွက်သား ပုပ်ဖူးတဲ့ အမာရွတ်ကြောင့် ဖြစ်တာပါ။

ခုတင်နံပါတ် ၉ က လူနာကတော့ သွေးတိုးမှန်း သိပေမယ့် နေကောင်းပြီး ခေါင်းလည်းမကိုက်တော့ သွေးတိုးမရှိတော့ဘူး။ ကောင်းနေတယ်လို့ ထင်ပြီး လွှတ်ထားမိတာ။ ဆေးရုံတက်မယ့်နေ့မှာ အလုပ် သွားမယ်လုပ်တုန်း ရုတ်တရက် အမောဆို့လာကာ နာရီဝက်-တစ်နာရီအတွင်းမှာပဲ ဆေးရုံအရေးပေါ် ရောက်လာတာပါ။ ချွေးစေးပြန်ပြီး အေးစက်သွားတာ၊ သတိလစ်သွားတဲ့အထိ မောသွားခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top