Healthy Life Ad
Health Tips

အူမကြီးကင်ဆာကို ဘယ်လိုကာကွယ်သင့်သလဲ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အူမကြီးကင်ဆာက အစာခြေလမ်းကြောင်းရဲ့ အောက်ပိုင်းမှာဖြစ်တဲ့ ကင်ဆာ ဖြစ်ပါတယ်။ အူမကြီးကင်ဆာ အစောပိုင်းအဆင့်မှာ ကောင်းကောင်းကုသလိုက်တဲ့အခါ အူမကြီးကင်ဆာက ဘယ်လို ရောဂါလက္ခဏာကိုမှ မပြတော့ပါဘူး။ အူမကြီးကင်ဆာမျိုးရိုးရှိရင် အသက် ၅၀ အရွယ်မှာ စတင်စမ်းသပ်ကြည့်ဖို့ အလွန်အရေးကြီးပါတယ်။

– အူမကြီးကင်ဆာက အမျိုးသားတွေမှာ တတိယအဖြစ်များဆုံးကင်ဆာဖြစ်ပြီး အမျိုးသမီးတွေမှာ စတုတ္ထအဖြစ်များဆုံး ကင်ဆာဖြစ်တယ်လို့ လေ့လာမှုအရ သိရပါတယ်။

– အူမကြီးကင်ဆာဖြစ်နိုင်ခြေရှိတဲ့ အချက်တွေက အူမကြီးကင်ဆာမျိုးရိုးရှိတာ၊ အူမကြီးကင်ဆာအလုံးအကျိတ်ရှိတာ၊ နာတာရှည် အူမကြီးမှာ အနာဖြစ်ပြီး ရောင်ရမ်းတာတို့ ဖြစ်ကြပါတယ်။

– အသက် ၅၀ အရွယ်ကစပြီး အူမကြီးကင်ဆာကို လူတိုင်း စတင်စမ်းသပ်စစ်ဆေးသင့်တယ်လို့ ဆေးပညာရှင်တွေက အကြံပြုထားပါတယ်။ တကယ်လို့ ကိုယ့်မိသားစုမျိုးရိုးထဲမှာ အူမကြီးကင်ဆာ ဖြစ်ဖူး သူရှိရင် ဒါမှမဟုတ် အူမကြီးကင်ဆာဖြစ်နိုင်ခြေရှိတဲ့ အချက်တွေရှိရင် အူမကြီးကင်ဆာ ရှိ၊ မရှိ စစ်ဆေးမှုကို ဒီ့ထက်စောစော ပိုပြီး ပြုလုပ်သင့်ပါတယ်။ဒီနေရာမှာ အူမကြီးကင်ဆာဖြစ်ပွားမှုကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့စားသောက်နေထိုင်မှုပုံစံလိုက်နာပြီး ကာကွယ်လို့ ရတယ်ဆိုတဲ့ သတင်းကောင်းပါးချင်ပါတယ်။

– ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်တာက အဆုတ်နဲ့ နှလုံးကိုသာ ထိခိုက်စေတာ မဟုတ်ပါဘူး။ ဆေးလိပ်သောက်တဲ့ အကျင့်ဟာ အူမကြီးကင်ဆာဖြစ်နှုန်း မြင့်တက်စေပြီး အူမကြီးကင်ဆာနဲ့ သေဆုံးနှုန်းကိုလည်း တိုး မြင့်စေပါတယ်။

– အရက်သောက်သုံးမှုကို လျှော့ချပါ
အရက်ကို မသောက်ဘဲ နေတာ အကောင်းဆုံးပါ။ အရက် မသောက်ရမနေနိုင်ရင် အသင့်အတင့်ပဲ သောက်ပါ။ အရက်ကို အလွန်အမင်း သောက်တာကြောင့် အူမကြီးကင်ဆာဖြစ်နှုန်းကို မြင့်တက်စေပါတယ်။ အရက်စွဲသူတွေမှာ အူမကြီးကင်ဆာ ဖြစ်နှုန်း မြင့်တက်စေရုံသာမက တခြားကင်ဆာဖြစ်နှုန်းတွေလည်း မြင့်မားနေပါတယ်။

– သင့်တော်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
အဝလွန်တာက သွေးတိုးခြင်း၊ နှလုံးရောဂါဖြစ်ခြင်း၊ လေဖြတ်ခြင်း၊ ဆီးချိုသွေးချိုရောဂါ၊ အရိုးပါးရောဂါနဲ့ အသည်းရောဂါ စတာတွေနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ ကိုယ်အလေးချိန် ပေါင်များတာက အူ မကြီးကင်ဆာဖြစ်နှုန်းနဲ့လည်း ဆက်နွှယ်မှုရှိပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်များပြီး အဝမလွန်စေဖို့ တက်ကြွမှုရှိတဲ့ ဘဝနေထိုင်မှုပုံစံကို လိုက်နာပြီး စားသမျှ အစားအသောက်တွေကလည်း ကျန်းမာရေးနဲ့ ညီညွတ်ဖို့ အရေးကြီးပါတယ်။

– အနီရောင်အသားကို တတ်နိုင်သမျှ လျှော့စားပါ
လေ့လာမှုအမျိုးမျိုးအရ အနီရောင် အသားများများစားတာနဲ့ အူမကြီးကင်ဆာ ဖြစ်နှုန်း ဆက်စပ်မှုရှိတယ်လို့ ဆိုကြပါတယ်။ အနီရောင်အသားတွေကို အပူပြင်းပြင်းပေးပြီး ချက်စားတဲ့အခါ ဒါမှမဟုတ် တူးတဲ့အထိ ကင်ပြီး စားတဲ့အခါ အူမကြီးကင်ဆာဖြစ်နှုန်း မြင့်တက်စေပါတယ်။

– အမျှင်ဓာတ် များသော အစာကို စားပါ
အမျှင်ဓာတ်ပါတဲ့ အစာတွေက အူမကြီးအကျိတ် (polyps) မဖြစ်အောင် ကာကွယ်ပေးတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ နေ့စဉ်စားတဲ့ အစာထဲမှာ အမျှင်ဓာတ်များများ ထည့်စားပေးပါ။ အထူးသဖြင့် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို များများ စားပြီး အမျှင်ဓာတ် ရယူပါ။ ဆန်လုံးညို၊ ပဲသီးနဲ့ ပြောင်းဖူးတွေမှာလည်း အမျှင်ဓာတ် ပါဝင်မှု များပါတယ်။

– အင်တီအောက်ဆီးဒင့်ပါသည့် အစာကို ရွေးစားပါ
အင်တီအောက်ဆီးဒင့်ဆိုတာ ကင်ဆာဆဲလ်တွေကို တွန်းလှန်ပေးနိုင်တဲ့ မော်လီကျူးတွေ ဖြစ်ပါတယ်။ အူမကြီးကင်ဆာ ဖြစ်နှုန်းလျော့ကျစေဖို့ လက်ဖက်စိမ်းလက်ဖက်ရည်၊ ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံတွေကို များများ စားပေးသင့်ပါတယ်။

– ဂေါ်ဖီမျိုးနွယ် စားပါ
ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီပွင့်၊ ဂေါ်ဖီထုပ်၊ ကိုက်လန်စတဲ့ ဟင်းသီးဟင်းရွက်တွေက အူမကြီးထဲက အ ဆိပ်အတောက်တွေကို ချေဖျက်ပေးပါတယ်။

(Ref; HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top