Healthy Life Ad
Child

အိပ်စက်ခြင်းနှင့် ကျောင်းသားလူငယ် (၂) အိပ်ရေးမဝသည့် ကျောင်းသား

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

အခုဆောင်းပါးမှာ အိပ်ရေးမဝတဲ့ ကျောင်းသားလူငယ်တွေမှာ တွေ့ရှိရတဲ့ လက္ခဏာတွေ၊ အိပ်ရေးမဝဖြစ်စေတဲ့ အကြောင်းရင်းတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။

အိပ်ရေးမဝသည့် ကျောင်းသားလူငယ်များတွင် တွေ့ရှိရသော လက္ခဏာများ

(က) စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ
ကျောင်းသားလူငယ်အရွယ်မှာ လိုအပ်တဲ့ အိပ်ချိန်ထက် နှစ်နာရီလျော့နည်းပြီး အိပ်ရရင် အိပ်ရေးမဝတဲ့ လက္ခဏာတွေကို တွေ့ရှိရပါတယ်။ အတွေးနဲ့သက်ဆိုင်တဲ့ လက္ခဏာတွေကတော့ အာရုံစူးစိုက်နိုင်မှု အားနည်းခြင်း၊ မှတ်ဉာဏ်အားနည်းခြင်း၊ အတွေးတစ်ခုတည်းမှာပဲ နစ်မျောနေတတ်ခြင်း၊ တွေးတောဆင်ခြင်ဆုံးဖြတ်နိုင်မှု လျော့နည်းလာခြင်းတို့ ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းစာ ညံ့ဖျင်းလာနိုင်ပါတယ်။ စိတ်ခံစားမှုနဲ့ သက်ဆိုင်တဲ့ လက္ခဏာတွေကတော့ စိတ်ကြည်လင်လန်းဆန်းမှု မရှိခြင်း၊ စိတ်အပြောင်းအလဲ မြန်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ တဇွတ်ထိုးပြုမူတတ်ခြင်းတို့ ဖြစ်ပါတယ်။

(ခ) အပြုအမူပိုင်းဆိုင်ရာ လက္ခဏာများ
ခြေလက်ဂနာမငြိမ်ဖြစ်ခြင်း၊ ပြုမူလှုပ်ရှားမှု လွန်ကဲလာခြင်း၊ စာသင်ခန်းထဲမှာ ငိုက်မျဉ်းခြင်း၊ မကြာခဏ သမ်းဝေခြင်း၊ ခေတ္တခဏ အိပ်ပျော်သွားတတ်ခြင်း၊ နံနက် အိပ်ရာထဖို့ ဝန်လေးခြင်း၊ အိပ်ရာထရင် ဒယီးဒယိုင်ဖြစ်ခြင်း၊ နံနက်စာ စားနေစဉ် အိပ်ငိုက်ခြင်း စသဖြင့် တွေ့ရှိရပါမယ်။ အဲဒီ့လက္ခဏာတွေကို ကျောင်းဆရာ၊ ဆရာမနဲ့ မိဘတွေကိုယ်တိုင် အကဲဖြတ်တွေ့ရှိနိုင်ပါတယ်။

(ဂ) ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ
အိပ်ရေးမဝတဲ့ ကျောင်းသားလူငယ်တွေဟာ မောပန်းနွမ်းနယ်လွယ်ပါတယ်။ သာမန်လူတွေထဲမှာ ၂၉ ရာခိုင်နှုန်းခန့် အကြောင်းမဲ့ မောပမ်းနွမ်းနယ်သလို ခံစားရပါတယ်။ အိပ်ရေးမဝသူတွေထဲမှာ ၈၈ ရာခိုင်နှုန်းခန့် မောပမ်းနွမ်းနယ်မှု ခံစားရကြောင်း တွေ့ရှိရပါတယ်။ အိပ်ရေးမဝတဲ့ ကျောင်းသားလူငယ်ဟာ မကြာခဏ နှာစေး၊ ချောင်းဆိုး၊ အအေးမိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါက ခန္ဓာကိုယ် ခုခံကာကွယ်အား ကျဆင်းလာလို့ ဖြစ်ပါတယ်။

ခန္ဓာကိုယ်က အသုံးပြုတဲ့ရောဂါပိုး ကာကွယ်ရေး လက်နက်တစ်ခုကတော့ “တီ-ဆဲလ်” (T-Cell) ဖြစ်ပါတယ်။ အိပ်ရေးပျက်ရင် တီဆဲလ်ထုတ်လုပ်မှု လျော့နည်းလာပါတယ်။ အဲဒါအပြင် “ဆိုင်တိုကိုင်း” (Cytokines) လို့ခေါ်တဲ့ ဓာတ်တစ်မျိုးလည်း ပိုမိုထွက်ရှိလာပါတယ်။ ဆိုင်တိုကိုင်းဓာတ်က ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ရောင်ရမ်းတာကို ဖြစ်စေပါတယ်။ အဲဒီလို အပြောင်းအလဲတွေကြောင့် အိပ်ရေးမဝရင် ခန္ဓာကိုယ် ခုခံကာကွယ်အား လျော့နည်းလာနိုင်ပါတယ်။

ကျောင်းသားလူငယ် အိပ်ရေးမဝသည့် အကြောင်းရင်းများ

ကျောင်းသားလူငယ်တွေ အိပ်ရေးမဝဖြစ်ရတဲ့ အကြောင်းရင်းအမျိုးမျိုး ရှိပါတယ်။

(က) စိတ်ရောဂါဝေဒနာကြောင့်
စိတ်ကျရောဂါ၊ စိုးရိမ်စိတ်လွန်ကဲရောဂါ၊ နာတာရှည်စိတ်ဖိစီးဒဏ်ဝေဒနာ၊ စိတ္တဇရောဂါ၊ အရက်စွဲရောဂါ၊ မူးယစ်ဆေးစွဲရောဂါ စတဲ့ စိတ်ဝေဒနာတွေကြောင့် အိပ်ရေးပျက်တဲ့ လက္ခဏာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

(ခ) အိပ်စက်ခြင်းနဲ့ ဆိုင်တဲ့ ဝေဒနာတွေကြောင် ့
မူလအိပ်မပျော်တဲ့ဝေဒနာ (Primary Insomnia)မှာ ကျောင်းသားလူငယ်တွေ အကြောင်းမဲ့ အိပ်ပျော်ဖို့ ခက်ခဲနေတတ်ပါတယ်။ မကြာခဏ ဖြစ်ပေါ်တတ်သလို ဆက်တိုက်နာတာရှည်ဝေဒနာလိုလည်း ဖြစ်ပွားနိုင်ပါတယ်။ အရွယ်ရောက်သူတွေထဲမှာ မူလအိပ်မပျော်ဝေဒနာဖြစ်နှုန်း ၃၀ ရာခိုင်နှုန်းခန့်ရှိပါတယ်။ ကျောင်းသားလူငယ်အရွယ်မှာလည်း ဖြစ်ပေါ်နိုင်ပါတယ်။ အိပ်နေစဉ် အသက်ရှူရပ်ဝေဒနာ (Obstructive Sleep Apnea Syndrome) ဟာ အိပ်ပျော်နေစဉ်မှာ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ပိတ်ပြီး ခေတ္တအသက်ရှူရပ်သွားတဲ့ ဝေဒနာဖြစ်ပါတယ်။ မကြာခဏ အိပ်ရာက နိုးလာတတ်ပါတယ်။ အိပ်ရာထတဲ့အခါ လန်းလန်းဆန်းဆန်းမရှိ ဖြစ်နေတတ်ပါတယ်။

အဲဒီဝေဒနာဟာ အမျိုးသားတွေထဲမှာ ၄ ရာခိုင်နှုန်းနဲ့ အမျိုးသမီးတွေထဲမှာ ၂ ရာခိုင်နှုန်း ဖြစ်ပွားကြောင်း တွေ့ရှိရပါတယ်။ ခြေထောက် မငြိမ်မသက်ဝေဒနာ (Restless Legs Syndrome) ကြောင့် အိပ်ရေးပျက်တာမျိုး ဖြစ်နိုင်ပါတယ်။ အနားယူနေတဲ့အချိန်မှာဖြစ်ဖြစ်၊ အိပ်ရာဝင်စအချိန်မှာဖြစ်ဖြစ် ခြေထောက်ထဲမှာ ယားယံသလို၊ ထုံကျဉ်သလို၊ ကိုက်ခဲသလို မအီမသာ ခံစားရပါတယ်။ ခြေထောက်ကို လှုပ်ရှားပေးနေမှ အဲဒီခံစားမှုတွေ သက်သာပါတယ်။ အဲဒီလို လက္ခဏာတွေကြောင့် အိပ်မပျော်ဖြစ်တတ်ပါတယ်။ ဒီဝေဒနာဟာ လူထုအတွင်းမှာ ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိဖြစ်ပွားကြောင်း သိရပါတယ်။

(ဂ) အစားအသောက်ကြောင့်
ကော်ဖီနဲ့ ကဖင်းဓာတ် (Caffeine)ပါဝင်တဲ့ တခြားဖျော်ရည်တွေကို ညဘက်မှာ သောက်သုံးရင် အိပ်ရေးပျက်စေပါတယ်။ ကော်ဖီမှာပါရှိတဲ့ ကဖင်းဓာတ်ဟာ ဦးနှောက်အာရုံကြောကလာပ်စည်းတွေကို နှိုးဆွလှုံ့ဆော်ပေးပါတယ်။ ကော်ဖီသောက်ပြီး ၅ နာရီအထိ ဦးနှောက်ထဲမှာ ကဖင်းဓာတ် အာနိသင်ရှိနေနိုင်ပါတယ်။ ကျောင်းသားလူငယ်တွေထဲမှာ ခေတ်စားလာတဲ့ “စွမ်းအင်ဖျော်ရည်ဘူး” (Energy Drink)တွေထဲမှာ ကဖင်းဓာတ်အများအပြားပါရှိတာကို သတိပြုပါ။ အိပ်ရာမဝင်ခင် အချိုဓာတ်၊ ကော်ဓာတ်ပါတဲ့ အစားအစာ (အချိုမုန့်အမျိုးမျိုး)ကို အလွန်အမင်းစားရင် အိပ်မပျော်တာ ဖြစ်တတ်ပါတယ်။

အဲဒီလိုအစားအစာမျိုးကိုစားရင် အင်ဆူလင်ဟော်မုန်းများများ ထွက်လာပါတယ်။ အဲဒီဟော်မုန်းရဲ့အရှိန်ကြောင့် သွေးထဲမှာ သကြားဓာတ်ပမာဏကျဆင်းသွားတယ်။ အဲဒီတော့ ခန္ဓာကိုယ်က တုံ့ပြန်ပြီးကောတီစောနဲ့ အက်ဒရီနလင်းလို့ခေါ်တဲ့ ဖိစီးမှုဟော်မုန်းတွေကိုထုတ်ပေးတယ်။ အဲဒီဟော်မုန်းတွေရဲ့ အာနိသင်ကြောင့် အိပ်ရေးပျက်စေပါတယ်။

(ဃ) အပြုအမူအလေ့အထကြောင့်
ကျောင်းသားလူငယ်တွေဟာ ခေတ်နဲ့အညီ ခေတ်ပေါ်အီလက်ထရိုနစ်ပစ္စည်းကိရိယာတွေကို အသုံးပြုလာပါတယ်။ အမေရိကန်နိုင်ငံမှာကျောင်းသား လူငယ်တွေကို ညဘက်အိပ်ရာမဝင်ခင် မိုဘိုင်းဖုန်းအသုံးပြုသူ ၆၇ ရာခိုင်နှုန်း၊ တေးဂီတအသံဖမ်း ကိရိယာနားထောင်သူ ၄၃ ရာခိုင်နှုန်း၊ ကွန်ပျူတာ အသုံးပြုသူ ၆၀ ရာခိုင်နှုန်းနဲ့ ဗီဒီယိုဂိမ်းကစားသူ ၁၈ ရာခိုင်နှုန်းရှိပါတယ်။

အဲဒီလို အလေ့အကျင့်ရှိတဲ့ ကျောင်းသားလူငယ် ၅၀ ရာခိုင်နှုန်းကျော်မှာ အိပ်ရေးမဝတဲ့ပြဿနာရှိကြောင်း သိရပါတယ်။ ဦးနှောက်လုပ်ငန်းပုံရိပ်ပြဓာတ်မှန်ရိုက်နည်း (fMRI)နဲ့ စစ်ဆေးကြည့်တဲ့အခါ ဗီဒီယိုဂိမ်းကစားနေစဉ်မှာ ဦးနှောက်ထဲမှာ လှုံ့ဆော်နိုးကြားတက်ကြွနေပါတယ်။ ဗီဒီယိုဂိမ်းကစားပြီး နာရီဝက်လောက်ကြာမှ နိုးကြားတက်ကြွနေတာ အရှိန်ကျလာပါတယ်။ ဒါကြောင့် ဗီဒီယိုဂိမ်းကစားပြီးရင် ချက်ချင်းအိပ်ပျော်မှာ မဟုတ်ပါဘူး။ အလင်းရောင်နဲ့ အိပ်စက်ခြင်းဟာ ဆက်စပ်မှုရှိပါတယ်။

ဦးနှောက်အရှေ့အလယ်မှာ ပိုင်နီယယ်ဂလင်း (Pineal Gland) ရှိပါတယ်။ အဲဒီဂလင်းက မီလာတိုနင် (Melatonin)လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုး ထုတ်လုပ်ပေးပါတယ်။ မီလာတိုနင်ဟော်မုန်းဓာတ်က အိပ်စက်မှုကို အားပေးပါတယ်။ မျက်လုံးထဲကို အလင်းရောင်ခြည်ကျရောက်နေရင် မီလာတိုနင်ဟော်မုန်းထုတ်လုပ်မှုလျော့နည်းပါတယ်။ ဒါကြောင့် ညဘက် အမှောင်ဝင်ချိန်မှာ မီလာတိုနင်ပိုမိုထွက်ရှိလာပြီး အိပ်စက်မှုကို အထောက်အကူပြုပါတယ်။ ကွန်ပျူတာနဲ့ မိုဘိုင်းဖုန်းကထွက်လာတဲ့ ရောင်ခြည်ကြောင့် မီလာတိုနင်ဟော်မုန်း ထုတ်လုပ်မှုကို လျော့နည်းစေနိုင်ပါတယ်။

ဒါကြောင့် အိပ်ရာမဝင်ခင် ကွန်ပျူတာနဲ့ မိုဘိုင်းဖုန်းကို အသုံးများရင် အိပ်မပျော်ဖြစ် တတ်ပါတယ်။ တချို့ကျောင်းသားလူငယ်တွေဟာ အိပ်ချိန်နဲ့ပတ်သက်ပြီး စည်းကမ်းမထားကြပါဘူး။ အချိန်မှန်မှန်အိပ်ပြီး အချိန်မှန်မှန် အိပ်ရာထတဲ့အကျင့်မရှိဘူး။ အဲဒီလို အလေ့အကျင့်ကြောင့် အိပ်ရေးပျက်ပြီး အိပ်ရေးမဝဖြစ်နိုင်ပါတယ်။ ကျောင်းဆင်းချိန်မှာ နေ့စဉ်ကိုယ်လက်လှုပ်ရှား အားကစားလုပ်တဲ့အကျင့်ရှိရင် ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပါလိမ့်မယ်။ ကျောင်းသားလူငယ်မှာ အိပ်ရေးမဝတဲ့ လက္ခဏာတွေကို မကြာခဏတွေ့ရှိရရင် မိဘအုပ်ထိန်းသူနဲ့ အတန်းပိုင်ဆရာတို့ တိုင်ပင်ဆွေးနွေးပြီး လိုအပ်သလို ကူညီနိုင်ပါတယ်။

(က) ကျောင်းသားလူငယ် အိပ်ရေးမဝဖြစ်တဲ့ အကြောင်းရင်းတွေကို ရှာဖွေဖို့လိုပါတယ်။ ခန္ဓာကိုယ်ရောဂါနဲ့ စိတ်ဝေဒနာရှိ၊ မရှိ စမ်းသပ်စစ်ဆေးဖို့ စီစဉ်ပေးနိုင်ပါတယ်။

(ခ) အိပ်ရေးပျက်ခြင်း၊ အိပ်ရေးမဝခြင်းဟာ ရောဂါတစ်ခုခုကြောင့် မဟုတ်ရင် ကျောင်းသားလူငယ်ရဲ့ အပြုအမူအလေ့အထတွေကို ဆန်းစစ်ရပါမယ်၊ ပြုပြင်သင့်တဲ့ အလေ့အကျင့်တွေကို ပြုပြင်ပေးရပါမယ်၊ ကျောင်းသားလူငယ်တွေကို “အိပ်စက်ခြင်း ကျန်းမာရေးပညာ” (Sleep Hegiene) သင်ကြားပေးနိုင်ရင် အကျိုးရှိပါတယ်။

နေ့စဉ် ပုံမှန်အိပ်ပျော်ဖို့ ဆောင်ရွက်သင့်တဲ့အချက်တွေကို ကျောင်းသားလူငယ်တွေကို ပညာပေးရပါမယ်၊ သိရှိထားတဲ့အတိုင်း လိုက်နာကျင့်သုံးဖို့တိုက်တွန်းရမယ်၊ ကြပ်မတ်ရမယ်။

(က) အချိန်မှန်မှန်အိပ်ပြီး အချိန်မှန်မှန် အိပ်ရာထတဲ့အကျင့်ကို မွေးမြူရမယ်။ ကျောင်းအားရက်တွေမှာ ညဉ့်နက်သန်းခေါင်အိပ်ပြီး နံနက်ပိုင်းမှာ နောက်ကျမှအိပ်ရာထတဲ့ အလေ့အကျင့်မျိုးကို ရှောင်သင့်ပါတယ်။

(ခ) အိပ်ရာမဝင်ခင် စိတ်လှုပ်ရှားထိခိုက်စေတဲ့ ငြင်းခုန်စကားပြောတာတွေ၊ စိတ်လှုပ်ရှားတက်ကြွစေတဲ့ ရုပ်ရှင်၊ ရုပ်မြင်သံကြားဇာတ်လမ်း၊ ဗီဒီယိုဂိမ်း စတာတွေကို ရှောင်ရမယ်၊ အိပ်ရာမဝင်ခင် နာရီဝက်ခန့်အလိုမှာ ရပ်နားသင့်ပါတယ်။

(ဂ) အိပ်ရာမဝင်ခင် အစားအစာကို အလွန်အမင်းမစားသင့်ပါဘူး။ ဒါပေမဲ့ ဗိုက်ထဲမှာ ဆာလောင်မွတ် သိပ်နေရင်လည်း အိပ်ပျော်မှာ မဟုတ်ပါဘူး။ သင့်တော်တဲ့ အစားအစာကို ကျေနပ်ရုံပဲစားပါ၊ နွားနို့ သောက်ရင်ကောင်းပါတယ်။ နွားနို့ထဲမှာပါတဲ့ “ထရစ်ပတိုဖင်” (Tryptophan) အမိုင်နိုအက်ဆစ်ဓာတ်က အိပ်စက်မှုကို အားပေးပါတယ်။ ငှက်ပျောသီးစားရင်လည်း ကောင်းပါတယ်၊ ငှက်ပျောသီးက မီလာတိုနင်ဓာတ် ထုတ်လုပ်မှုကို အားပေးတယ်လို့ ဆိုပါတယ်။ မီလာတိုနင်ဟော်မုန်းဓာတ်ဟာ အိပ်ဆေးတစ်မျိုး ဖြစ်ပါတယ်။

(ဃ) အိပ်ရာမဝင်ခင် ကော်ဖီ၊ လက်ဖက်၊ လက်ဖက်ရည်နဲ့ ကဖင်းဓာတ်ပါတဲ့ ဖျော်ရည်တွေကို ရှောင်ရမယ်၊ ဆေးလိပ်၊ စီးကရက်ကို အိပ်ရာမဝင်ခင် ၄ နာရီအတွင်း မသောက်သုံးသင့်ပါဘူး။

(င) နေ့လယ်နေ့ခင်းအချိန်မှာ အိပ်စက်မှုကို ရှောင်ကြဉ်ပါ၊ မဖြစ်နိုင်ရင် တစ်နာရီထက်ပိုပြီး မအိပ်သင့်ပါ၊ ညနေ သုံးနာရီထိုးပြီးရင်လည်း မအိပ်သင့်ပါ။

(စ) ညနေတိုင်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းမှန်မှန် ပြုလုပ်ဖို့ အားပေးပါ။ ကျောင်းသားလူငယ်တွေဟာ ကျောင်းဆင်းလာတာနဲ့ အိပ်ရာထဲမှာခွေပြီး ကာတွန်းစာအုပ်၊ ကွန်ပျူတာ၊ တီဗီ၊ မိုဘိုင်းဖုန်းတွေနဲ့ အလုပ်များနေတတ်ပါတယ်။ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ဖို့ စိတ်မဝင်စားကြပါဘူး။ ဒါပေမဲ့ အိပ်ချိန်နားကပ်ပြီး ကိုယ်လက်လှုပ်ရှား အားကစားမလုပ်သင့်ပါဘူး။ အိပ်ချိန် မတိုင်ခင် ၄ နာရီအတွင်း ကိုယ်လက်လှုပ်ရှား အားကစားလုပ်တာကို ရှောင်သင့်ပါတယ်။

(ဆ) အိပ်ခန်းထဲမှာနဲ့ အိပ်ရာပေါ်မှာသာ အိပ်သင့်ပါတယ်။ အိပ်ရာဝင်တာနဲ့ ပတ်ဝန်းကျင်လှုံ့ဆော်မှုတွေကို တတ်နိုင်သမျှ လျှော့ချရပါမယ်။ အခန်းအပူချိန် သမမျှတရင်ကောင်းပါတယ်။ အိပ်ရာဝင်ခါစမှာ အိပ်မပျော်ရင် အချိန်နာရီကို တကြည့်ကြည့် လုပ်မနေသင့်ပါဘူး။ အသက်မှန်မှန်ရှူပြီး ကြွက်သားဖြေလျှော့နည်းကို လေ့ကျင့်နိုင်ရင် အကျိုးရှိပါတယ်။

ကျောင်းတက်ချိန်နှင့် ကျောင်းသား အိပ်ရေးမဝခြင်း

ကျောင်းသားလူငယ်တွေ အိပ်ရေးမဝဖြစ်ရတဲ့ အကြောင်းရင်းတစ်ခုကတော့ ကျောင်းတက်တဲ့ အချိန်စောတာဖြစ်ပါတယ်။ ကျောင်းတက်ချိန်ကို နံနက် ၇နာရီကစရင် ကျောင်းသားလူငယ်တွေထဲမှာ အိပ်ရေးမဝဖြစ်တဲ့ နှုန်းများပါတယ်။ ကျောင်းတက်ချိန်ကို နံနက် ၈ နာရီခွဲ ဒါမှမဟုတ် ၉ နာရီအထိ ရွှေ့ပြောင်း ပေးလိုက်ရင် “အိပ်ရေးဝတဲ့”ကျောင်းသားရာခိုင်နှုန်း ပိုမိုများလာပါတယ်၊ ဆေးခွင့်ယူတဲ့ ကျောင်းသား လျော့နည်းလာတယ်၊ ကျောင်းသားလူငယ်တွေ စာသင်ခန်းထဲမှာ အာရုံစူးစိုက်မှု တိုးတက်လာတယ်၊ အစမ်းစာမေးပွဲမှာ အောင်မှတ်ကောင်းလာပါတယ်။ အဲဒီလို တွေ့ရှိချက်တွေကြောင့် သြစတြေးလျနိုင်ငံမှာ ကျောင်းတက်ချိန်ကို နံနက် ၈ နာရီခွဲအဖြစ် သတ်မှတ်ထားပါတယ်။ ကျောင်းဆင်းချိန်ကိုလည်း ညနေ သုံးနာရီအဖြစ် သတ်မှတ်ထားပါတယ်။ ကျောင်းသားလူငယ်တွေ ကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်ဖို့ အချိန်ရရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top