Healthy Life Ad
International

၁ ကီလိုမီတာအကွာမှာ နေထိုင်သော်လည်း ၃၉နှစ်ကြာမှ မိသားစုနှင့် ပြန်လည်ဆုံဆည်းခဲ့သည့် တရုတ်အမျိုးသမီး

၊ မိုးမင်းထွန်း ၊

အသက် ၃ ရက်သမီးအရွယ်ကတည်းက မိသားစုရဲ့ စွန့်ပစ်ခံခဲ့ရတဲ့ တရုတ်အမျိုးသမီးတစ်ယောက်ဟာ အသက် ၇၀ အရွယ်မိခင်ဖြစ်သူနဲ့ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ အံ့သြစရာကောင်းတာက သူတို့ဟာ တရုတ်အရှေ့တောင်ပိုင်းမြို့ငယ်လေးတစ်မြို့မှာ တစ်ကီလိုမီတာသာဝေးကွာတဲ့အရပ်မှာ အတူတကွနေထိုင်ကြပေမယ့် တစ်ဦးကိုတစ်ဦး သိရှိခြင်းမရှိခဲ့ကြပါဘူး။

ဆွေမျိုးအသိုင်းအဝိုင်းတွေပါ လာရောက်ခဲ့ကြတဲ့ တွေ့ဆုံပွဲမှာအမျိုးသမီး၂ယောက်ဟာ တစ်ဦးကို တစ်ဦးပွေ့ဖက်ငိုယိုခဲ့ကြပါတယ်။အမျိုးသမီးရဲ့မိဘတွေက သမီးသုံးဦးမွေးဖွားခဲ့ပြီးနောက် သားတစ်ယောက်လိုချင်ခဲ့ပေမယ့် သမီးသာ ထပ်မံမွေးဖွားလာခဲ့တာကြောင့်သူ့ကို စွန့်ပစ်ခဲ့တယ်လို့သိရပါတယ်။

အသက် ၃၉ နှစ်အရွယ် လိုင်ရှူဝန်ဟာ ဇီဂျန်ခရိုင် ဝမ်ဇူးမြို့အနီးကျေးရွာတစ်ရွာမှာ ကြီးပြင်းခဲ့ပြီး ကလေးပြုစုစောင့်ရှောက်ရေးဂေဟာတစ်ခုမှမွေးစား မိဘတွေက သူ့ကိုခေါ်ယူမွေးစားခဲ့တာပါ။ မွေးစားဖခင်သေလုနီးပါးဖြစ်နေချိန်မှာမှ လိုင်ကိုမွေးစားထားတာဖြစ်ကြောင်း ဖွင့်ပြောခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က လိုင်ဟာ သူရဲ့မိဘ အရင်းတွေကို စတင်ရှာဖွေခဲ့ပါတယ်။ လိုင်ရဲ့အစ်မအရင်းတွေကလည်း မိခင်ဆီမှအဖြစ်မှန်ကိုသိရှိခဲ့ရပြီးနောက် သူတိုရဲ့ညီမကိုရှာဖွေနေခဲ့ကြပါတယ်။လွန်ခဲ့တဲ့လက လိုင်ဟာ ဒေသတွင်းသတင်းစာတစ်စောင်မှာ ဒီအကြောင်းကိုထည့်သွင်းခဲ့ပြီးနောက် သူရဲ့အစ်မတွေက လိုင်ကိုဆက်သွယ်နိုင်ခဲ့ပါတယ်။ လိုင်ကို တွေ့တွေ့ချင်း ပျောက်ဆုံးနေတဲ့ ညီမ လေးဖြစ်မှန်းတန်းသိခဲ့တယ်လို့ အစ်မတစ်ယောက်က ပြောပါတယ်။ DNA စမ်းသပ်မှုအရလည်း လိုင်ဟာ သူတို့ရဲ့ညီအစ်မအရင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

(Ref; SCMP)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top