Healthy Life Ad
Life Style

ဆရာဝန်ဘဝနဲ့ ဆရာဝန်စိတ်ဓာတ် (၂)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ဆရာဝန်တွေ ဖြစ်လာတော့ “ဆရာဝန်ကောင်း” တစ်ဦးဖြစ်အောင် လေ့ကျင့်သွန်သင်ပေးကြဖို့ ဆေးကျောင်းက ဆရာ၊ ဆရာမတွေမှာ တာဝန်ရှိပါသလားဆိုရင် “ရှိပါတယ်”လို့ဖြေရပါမယ်။ မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမဲ့ လူတစ်ဦးနဲ့ တစ်ဦးဘဝအတွေ့အကြုံ ခံယူချက်တွေ မတူညီကြပါဘူး။ စာတွေ့နဲ့ လူနာဆေးကုပေးတာ မှန်ကန်ရုံနဲ့ မပြီးပါဘူး။ လူနာဆိုတာ သက်မဲ့အရုပ်မဟုတ်ပါဘူး။ အသက်နဲ့ လူစိတ်ခံစားချက်ရှိတဲ့လူတွေပါပဲ။

ဒါကြောင့် ဒီလူတွေကို ကုသပေးရတဲ့ လက်တွေ့ဘဝမှာ ရင်ဆိုင်ရမယ့် အခက်အခဲပြဿနာမျိုးစုံကို စာအုပ်ထဲကစာဖတ်ပြီး ဖြေရှင်းရတာ မဟုတ်ပါဘူး။ လူနာသာမကဘဲ လူနာရဲ့ပတ်ဝန်းကျင်၊ မိသားစု၊ မိတ်ဆွေတွေလည်း ပါဝင်လာတတ်ကြပါတယ်။ အခက်အခဲအမျိုးမျိုးမှာ မီးစင်ကြည့်ကကြရတာပါပဲ။ ဆရာဝန်ကျင့်ဝတ်ဆိုတာကို စာမေးပွဲဖြေဖို့ အလွတ်ကျက်မှတ်ရုံသက်သက်မဟုတ်ဘဲ လက်တွေ့ဘဝမှာ အသုံးချရမှာ ဖြစ်ပါတယ်။ ဆရာတွေကိုယ်တိုင် တပည့်တွေ အတုယူစရာ (role model)ဖြစ်အောင် ကျင့်ကြံပြရပါမယ်။ ဆရာကောင်းတပည့်တွေ မွေးပေးဖို့လိုပါတယ်။

ဆရာဝန်ကောင်းတစ်ဦးဖြစ်ဖို့ အဓိက အပိုင်းကြီးနှစ်ပိုင်းရှိနေပါတယ်။ တစ်ပိုင်းက ဆရာဝန် (Dr.)လို့ ခေါ်ဆိုထိုက်တဲ့ အရည်အချင်းတွေ ပြည့်စုံရပါမယ်။ မိမိအဆင့်နဲ့ ကိုက်ညီတဲ့ ဆေးကုသမှုပညာရှိဖို့ အလွန်အရေးကြီးပါတယ်။ “ငါ . . ဆရာဝန်ဖြစ်ပြီ၊ လူနာရဲ့ဝေဒနာကို ကြည့်ကုလည်းရပါတယ်။ နောက်ထပ်တတ်စရာမလိုတော့ဘူး”လို့ထင်ရင် အလွန်မှားသွားပါမယ်။

ဒါကို ဥပမာတစ်ခုပြရရင် ဆရာဝန်တစ်ဦးဟာ အသည်းအသန် အသက်ရှူကျပ်နေတဲ့ လူနာတစ်ဦးကို ညကြီးသန်းခေါင်မှာ အိပ်ရေးပျက်ခံပြီး ကြိုးစားကုသခဲ့ပါတယ်။ သူဟာ စေတနာ၊ မေတ္တာအပြည့်အဝရှိခဲ့ပါတယ်။ လူနာအပေါ် စိုးရိမ်စိတ်များစွာ ရှိခဲ့ပါတယ်။ တစ်ညလုံး လူနာအနားမှာ မပြတ်ကုပေးခဲ့ပါတယ်။ ဒီလို ကြိုးပမ်းပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ လူနာရှင်တွေကတော့ ဆရာဝန်ရဲ့ မေတ္တာ၊ စေတနာကြီးမားလွန်းလို့ များစွာကျေနပ် ကျေးဇူးတင်နေကြပါတယ်။

တကယ်တော့ ဒီလူနာဟာ ရင်ကျပ်ပန်းနာ (bronchial asthma)နဲ့ ဆင်တဲ့ နှလုံးကြောင့် မောကျပ်ခြင်း (cardiac asthma) ဖြစ်နေပါတယ်။ အရေးကြီးတဲ့ ဆီးဆေးမထိုးဘဲ မပျောက်နိုင်ပါ။ ပန်းနာရောဂါလိုမျိုး ‘ဆိုလူကော့တက်ဖ်’(အများသိကြတဲ့ အသက်ကယ်ဆေး)ကိုပဲ ဖိထိုးနေလို့မရပါ။ ဒါ့အပြင် မိမိပညာလိုနေသေးတာ သတိမရဘဲ ငါပဲ ဆက်ကုနေမယ်၊ ငါကုရင်ရမယ်လို့ ထင်တာရယ်ကြောင့် ဆေးရုံ အရေးပေါ်ဌာနကို လွှဲပြောင်းပေးခြင်း (refer) မပြုခဲ့တာကြောင့် ကုသမှု မအောင်မြင်တာ ဖြစ်ပါတယ်။ သူ့ဘာသာသူ ပညာလိုနေမှန်း မသိသေးတာလည်း ပါပါတယ်။ ဒါကြောင့် စေတနာကောင်းတိုင်းလည်း မိမိစေတနာကို လူနာအပြည့်အဝ မရရှိနိုင်ပါ။ ဆရာဝန်တွေဟာ ပညာကိုလည်း အမြဲဆက်လက်ဖြည့်ဆည်းနေရပါမယ်။

ဆရာဝန်အားလုံး ငါဘွဲ့ရပြီးပြီဆိုတိုင်းလည်း မပြည့်စုံပါဘူး။ အမြဲပြောင်းလဲ တိုးတက်ခေတ်မီနေတဲ့ ဆေးပညာ၊ ဆေးဝါး၊ ကုထုံးတွေကို စဉ်ဆက်မပြတ် ပညာဆည်းပူးနေမှသာ မှန်ကန်တဲ့ကုသမှုကို လူနာတွေရရှိမှာပါ။ စေတနာရှိပေမယ့်လည်း ဆေးကုမှားရင် ဝေဒနာဖြစ်နိုင်ပါတယ် …

ကျွန်မတို့ ဆရာဝန်အားလုံး ငါဘွဲ့ရပြီးပြီဆိုတိုင်းလည်း မပြည့်စုံပါဘူး။ အမြဲပြောင်းလဲ တိုးတက်ခေတ်မီနေတဲ့ ဆေးပညာ၊ ဆေးဝါး၊ ကုထုံးတွေကို စဉ်ဆက်မပြတ် ပညာဆည်းပူးနေမှသာ မှန်ကန်တဲ့ကုသမှုကို လူနာတွေ ရရှိမှာပါ။ စေတနာရှိပေမယ့်လည်း ဆေးကုမှားရင် ဝေဒနာဖြစ်နိုင်ပါတယ်။ ကုသိုလ်ရဲ့နောက်မှာ အကုသိုလ်က မိမိမသိဘဲ ကပ်ပါနေပါမယ်။ ဒါကြောင့် ဆရာဝန်တိုင်း ဆေးပညာတွေ ဆက်လက်လေ့လာဖို့ “တာဝန်”ရှိပါတယ်။

ဒုတိယတစ်ပိုင်းက ပညာပြည့်စုံပြီး ကျွမ်းကျင်နေပေမယ့်လည်း ဆရာဝန်စိတ်ဓာတ်မရှိရင် လူနာအပေါ်မှာ နစ်နာမှုများစွာ ရှိနိုင်ပါတယ်။ လွယ်ပါတယ်ဆိုပြီး ပေါ့ဆမိရင် လူ့အသက်ပါ ဆုံးရှုံးနိုင်ပါတယ်။ ဆရာဝန် စိတ်ဓာတ်မရှိတာက ဆေးပညာ မပြည့်ဝတာထက် ပိုဆိုးနိုင်ပါတယ်။ “ဆရာဝန်စိတ်ဓာတ် ဆိုတာဘာလဲ”လို့ မေးလာစရာ ရှိပါတယ်။ တိတိကျကျဖြေဆိုလို့မရပါဘူး။ သာမန်လူတွေမှာ မထားရှိနိုင်တဲ့ မွန်မြတ်တဲ့ စိတ်ဓာတ်ပါပဲ။

ဆရာဝန်တွေဟာ အသက်ကယ်နိုင်တာတူပေမယ့် ဘုရားလို ပါရမီ မရင့်ကျက်သေးတဲ့ ပုထုဇဉ်တွေပဲမို့ စိတ်ဓာတ်ချွတ်ချော်ပြီး မမှန်ကန်တာ အခါအားလျော်စွာ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီလို လွဲချော်တဲ့ စိတ်ဓာတ်တွေ မပေါ်ပေါက်လာအောင် နှိမ်နင်းမယ်၊ပေါ်ပေါက်လာရင်လည်း အမြဲသတိနဲ့ယှဉ်ပြီး ထိန်းသိမ်းထားနိုင်မယ်ဆိုရင် လူနာတွေအတွက် အကျိုးအရှိဆုံး ဖြစ်ပါမယ်။ ပညာလည်း မပြည့်စုံ၊ စိတ်ဓာတ်လည်း မကောင်းဖြစ်ရင် ပိုဆိုးပါမယ်၊ ကုသခံရတဲ့ လူနာတွေအဖို့ အန္တရာယ်အလွန်ကြီးနိုင်ပါတယ်။

ဆရာဝန်စိတ်ဓာတ်ရအောင် ဘယ်လိုမွေးကြမလဲ

လူနာတစ်ဦးကို မိမိရဲ့ကိုယ်၊ မိမိရဲ့မိသားစုလိုမျိုး ကိုယ်ချင်းစာတဲ့စိတ် (sympathy, empathy)ထားပြီး ဆေးကုသပေးရင် လူနာတွေအဖို့ ပြောစရာမရှိတော့ပါဘူး။ မိမိကိုယ်မိမိ မကောင်းအောင် ဘယ်သူမှလုပ်မှာ မဟုတ်ပါဘူး။ ဒါကတော့ အပြောလွယ်သလောက် လက်တွေ့မှာတော့ နီးနီးစပ်စပ် တူသယောင် ဖြစ်နိုင်ပေမယ့်လည်း တိတိကျကျ ချွတ်စွပ်တူတာမျိုး မဖြစ်နိုင်ပါဘူး။ အမြဲလည်း မဖြစ်ပေါ်နိုင်ပါဘူး။ ကောင်းပါပြီ . . အဲဒီလို စိတ်ဓာတ်မျိုး တကယ်ထားနိုင်ပြီဆိုပါတော့ . . လူနာတစ်ဦးတည်းမဟုတ်၊ လူနာ ၁၀ဝ ခန့်ရှိတဲ့ ဆေးကုသဆောင်တစ်ခုမှာ လူနာရှင်တစ်ဦးစီလိုမျိုး ပူပင်သောက ရောက်နေမယ်ဆိုရင်၊ လူနာ ၁၀ဝ အတွက် တကယ်ကိုယ်ချင်းစာစိတ်တွေ မွေးနေတဲ့အခါ ကြာရင် ရင်ကွဲနာကျ သေရပါလိမ့်မယ်။

လူနာသေရင်လည်း လူနာရှင်အတွက် ကိုယ်ချင်းစာ၊ မိဘချင်း ကိုယ်ချင်းစာပြီး ငိုနေမိ၊ ပူနေမိ၊ ဆွေးနေမိမှာ အမှန်ပဲဖြစ်ပါတယ်။ ဒီလိုတော့လည်း အမြဲမဖြစ်နိုင်ပါ။ လူနာကို နာမှာကြောက်ပြီး မိမိကိုယ်ခန္ဓာကိုယ်လိုမျိုး ကိုယ်ချင်းစာနေရင် ဆေးတစ်ချောင်းထိုးဖို့၊ ဓားတစ်ချက်ခွဲဖို့တောင် မလွယ်တော့ပါဘူး။ တစ်ဖက်စွန်းကိုကြည့်ပြန်ရင် ‘လူနာက လူနာပဲ၊ ငါ့ကိုယ်၊ ငါ့မိဘမှ မဟုတ်ဘဲ၊ အပ်နဲ့ထိုး . . ရဲရဲသာထိုး၊ ဓားနဲ့ခွဲ . . ရဲရဲသာခွဲ၊ ငါ့အသားမှ မဟုတ်ဘဲ’၊ ဒီလိုစိတ်ထားမှ ဆေးထိုးဖြစ်၊ ခွဲဖြစ်တော့မှာလား။

ဒါတွေဟာ နေ့စဉ် လုပ်နေကြရတဲ့ အလုပ်တွေမို့ ကြာတော့ရိုးသွားပြီး သူများအသားနာတာကို စိတ်ထဲမှာ မစဉ်းစားမိတော့တာ ရှိနေတတ်ပါတယ်။ ဒါပေမဲ့ လူနာကောင်းဖို့လုပ်တဲ့ အလုပ်ကိုတော့ အတတ်နိုင်ဆုံး မနာအောင်ဂရုစိုက်ပြီး ငါဆိုရင်လည်း ဒီလို ကုသမှု ခံယူသင့်ပါတယ်၊ ငါ့မိဘဆိုလည်း ဒီလိုကုသမှု ခံယူသင့်ပါတယ်ဆိုတဲ့ စိတ်နဲ့ ကုသသင့်ပါတယ်။ လူနာလို ကိုယ်ခံစားဖို့တော့လည်း မလိုပါဘူး။
ဆက်လက်ဖော်ပြပါမည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top