Healthy Life Ad
International

တရုတ်မှ အွန်လိုင်းနာမည်ကျော်များက ပရိသတ်များပြားရန်နှင့် ကြော်ငြာရှင်တို့ကို ဆွဲဆောင်ရန် အသက်ကိုရင်းပြီးစွန့်စား

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံမှ လူငယ်များစွာဟာ လူတွေကို ဆွဲဆောင်တဲ့ ဗီဒီယိုဇာတ်ကားအတိုတွေပြုလုပ်ပြီး အင်တာနက်မှာ နာမည်ကျော်ကြားနေကာ ဝင်ငွေများစွာရရှိနေကြပါတယ်။ တစ်ခါတစ်ရံ တစ်လ ယွမ်ငွေ သောင်းချီပြီး ဝင်နေကြတယ်လို့ သိရပါတယ်။

သူတို့ရဲ့ဗီဒီယိုတွေက ရသမျိုးစုံပေးစွမ်းကြပြီး အံသြစရာတွေနဲ့ပြည့်နှက်နေလေ့ရှိပါတယ်။ တရုတ် ပြည်မကြီးရဲ့ အင်တာနက်အသုံးပြုသူ တဟုန်ထိုးကြီးထွားလာတာနဲ့အတူ ဒီဗီဒီယိုတွေက အသုံးပြုသူ တွေအကြားမှာ ချက်ချင်းရေပန်းစားသွားကြပါတယ်။

အွန်လိုင်းနာမည်ကျော်တွေကို စီးပွားရေးကုမ္ပဏီတွေက ချဉ်းကပ်ပြီး မက်မောဖွယ်ကြော်ငြာစာချုပ်တွေ ချုပ်ဆိုလေ့ရှိပါတယ်။ အောင်မြင်သွားသူတစ်ယောက်က ရှောင်ဝေဆိုတဲ့နာမည်အတု သုံးတဲ့ ဆောက်လုပ်ရေးလုပ်သားတစ်ယောက် ဖြစ်ပါတယ်။ သူက ဆောက်လုပ်ရေးလုပ်ငန်းခွင်နဲ့ သူရဲ့အဆောင်အခန်းမှာ အားကစားလေ့ကျင့်ခန်းတွေ ပြုလုပ်ပြပြီး နာမည်ကျော်ပါတယ်။ သူက ဖုန်းသုံးလုံးကို မတူညီတဲ့ ထောင့်တွေမှာ ထားပြီး သူအားကစားလုပ်တာကို ရိုက်ကူးလေ့ရှိပါတယ်။ မကြာခင်က သူက ဆောက် လုပ်ရေးလုပ်ငန်းခွင်ကပြုတ်ကျပြီး ခေါင်းမှာပြင်းပြင်း ထန်ထန်ဒဏ်ရာရခဲ့ပါတယ်။

တခြားနာမည်ကျော် တစ်ယောက်ကတော့ ရှောင်ရှားလို့ နာမည်တွင်ပြီး သူမှာ ပရိသတ်သန်းတစ်ဝက် နီးပါးရှိကာ ကြော်ငြာစာချုပ်တွေ ချုပ်ဆိုထားပါတယ်။ သူက တကယ်ဖြစ်ပျက်နေသလို သွေးသံရဲရဲဒဏ်ရာ တွေပြုလုပ်ပြတဲ့ ဗီဒီယိုတွေကြောင့် နာမည်ကြီးပါတယ်။ သူက မိတ်ကပ်ဖန်တီးမှုတွေနဲ့ပြုလုပ်တယ် လို့ဆိုပေမယ့် တူလွန်းတာကြောင့် အာဏာပိုင်တွေက တကယ်ဒဏ်ရာရအောင် ပြုလုပ်ရိုက်ကူးတယ်လို့ သံသယဝင်တာကြောင့် ပိတ်ပင်ခဲ့ပါတယ်။

တခြားနာမည်ကျော်ဖြစ်တဲ့ မာရွှေ့ကတော့ ထူးဆန်းတဲ့ပစ္စည်းတွေကို စားပြပြီး လင်းနို့လူသား ဦးထုပ်ဆောင်းကာ ပန်းကန်တွေကို ခေါင်းနဲ့တိုက်ကာ ရိုက်ခွဲပြပါတယ်။ လမ်းပေါ်မှာ အမျိုးသမီးလိုဝတ်ပြီး လမ်းလျှောက်ပြလေ့ရှိပါတယ်။ ရေမကူးတတ်တဲ့ မာရွှေ့က သူငယ်ချင်းတွေကို ရေကန်ထဲတွန်းချပြီး သူရဲ့တုန့်ပြန်မှုကို ဗီဒီယိုရိုက်ကူးထားဖို့ တိုက်တွန်း သေးတယ်လို့ဆိုပါတယ်။

(Ref; SCMP)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top