Healthy Life Ad
Life Style

မျက်စိနှင့်ခန္ဓာကိုယ် ကျန်းမာရေးပြဿနာ ဆက်စပ်မှုများ

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး၊ ပါမောက္ခ၊ ဌာနမှူး၊ ရန်ကုန်မျက်စိဆေးရုံကြီး)

မေး. မျက်စိကိုစစ်ဆေးရင်း အခြေခံရောဂါတစ်ခုခုကို သံသယဝင်လို့ လူနာကို ရှင်းပြရတာနဲ့ပတ်သက်ပြီး ဆရာ့ရဲ့ အတွေ့အကြုံလေးကို သိပါရစေဆရာ။

တစ်ခါတုန်းက လူနာက သူ့မှာ ဆီးချိုသွေးချိုရောဂါ ရှိနေမှန်းလုံးဝမသိဘူး။ မျက်စိမှုန်တယ်ဆိုပြီး ဆရာ့ဆီ လာရောက် ပြသအစမ်းသပ်ခံတဲ့အခါမှာ ဆရာက မျက်စိကိုစမ်းသပ်ပြီး မျက်စိအာရုံခံလွှာ ရောင်ရမ်းမှု (Retinopathy) ဖြစ်နေတာတွေ့လို့ ဆီးချိုသွေးချိုရောဂါလို့ သံသယဝင်ပြီး အထွေထွေအထူးကု သမားတော်နဲ့ လွှဲပေးရတာမျိုးရှိပါတယ်။

တစ်ခါတုန်းက လူနာက သူ့မှာ ဆီးချိုသွေးချိုရောဂါ ရှိနေမှန်း လုံးဝမသိဘူး။ မျက်စိမှုန်တယ်ဆိုပြီး ဆရာ့ဆီ လာရောက်ပြသအစမ်းသပ်ခံတဲ့အခါမှာ ဆရာက မျက်စိကိုစမ်းသပ်ပြီး မျက်စိအာရုံခံလွှာရောင်ရမ်းမှု (Retinopathy) ဖြစ်နေတာတွေ့လို့ ဆီးချိုသွေးချိုရောဂါလို့ သံသယဝင်ပြီး အထွေထွေအထူးကု သမားတော်နဲ့ လွှဲပေးရတာမျိုးရှိပါတယ်။ ဆေးပညာမှာတစ်ခုနဲ့ တစ်ခုက ဆက်နွှယ်နေတာပါပဲ။ ကျန်းမာရေးစောင့်ရှောက်မှု ပေးတယ်ဆိုကတည်းက ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ လူမှုရေးပိုင်းဆိုပြီး အားလုံးကို စောင့်ရှောက်မှုပေးရတာပါ။

ဒါကြောင့် ဇက်ကြောတက်၊ ခေါင်းကိုက်တယ်ဆိုပြီး ဆရာတို့ဆီကို မျက်မှန်စမ်းဖို့ လူနာတွေရောက်လာတဲ့အခါ မျက်မှန်လည်းမလိုဘူး၊ မျက်စိရောဂါတွေလည်း မရှိဘူး၊ မျက်စိကြွက်သားတွေကလည်း အားကောင်းတယ်၊ အမြင်အာရုံကလည်း ကောင်းနေတယ်ဆိုရင် သမားတော်နဲ့ ခန္ဓာကိုယ်ကျန်းမာရေးစစ်ဆေးမှုကို ခံယူပါလို့လွှဲပေးရပါတယ်။ ဒါတွေအားလုံးက ဆက်နွှယ်နေလို့ပါ။

မေး. ခန္ဓာကိုယ်ကျန်းမာရေးအခြေအနေကိုသိနိုင်ဖို့ မျက်စိကိုစမ်းသပ်ကြည့်ရှုလို့ ရပါသလားဆရာ။

ဖြေ. လူတစ်ယောက် သွေးအားနည်းရောဂါ ရှိ၊ မရှိ ဆိုတာ သိဖို့ဆိုရင် မျက်မြှေး(Conjunctiva) ကို လှန်ကြည့်လေ့ရှိပါတယ်။ သွေးအားနည်းနေရင် သွေးကြောတွေမှာ သွေးစီးဆင်းမှုက နည်းနေတတ်တဲ့အတွက် မျက်ခမ်းက ဖျော့နေတတ်ပါတယ်။ ကြည့်ရအလွယ်ဆုံးက Mucosa ရှိတဲ့ လျှာမှာ ကြည့်ရအလွယ်ဆုံးပါပဲ။ ပြီးတော့ မျက်မြှေးမှာရှိတဲ့ သွေးကြောတွေကိုကြည့်ပြီး သွေးအားနည်းနေသလား၊ မနည်းဘူးလားဆိုတာ ဆုံးဖြတ်ရလွယ်ပါတယ်။ ဒါက အရှင်းဆုံးဥပမာပါပဲ။

အသားဝါရောဂါ (Jaundice) ရှိ၊ မရှိဆိုတာ သိဖို့ဆိုရင်လည်း ခန္ဓာကိုယ်က ဝါနေသလားဆိုတာ သိနိုင်ဖို့ ကြည့်ရအလွယ်ဆုံးက မျက်လုံးရဲ့မျက်မြှေး (Conjunctiva) မှာ ကြည့်ရတာ အလွယ်ဆုံးပါပဲ။

အများဆုံး ပြောလေ့ရှိကြတာကတော့ Connective Tissue Disorder တွေမှာ သိနိုင်ပါတယ်။ ရူမတွိုက်လေးဖက်နာဖြစ်တယ်၊ အဆစ်အမျက်ကိုက်တယ်၊ မျက်လုံးကိုအုပ်ထားတဲ့မျက်ဖြူလွှာ (Sclera) နဲ့မျက်ကြည်လွှာ (Cornea)တွေက ကော်လာဂျင်တစ်သျှူးတွေနဲ့ တည်ဆောက်ထားတော့ ဒီလိုအဆစ်ရောင်နာ၊ လေးဖက်နာရောဂါတွေရှိရင် မျက်ဖြူလွှာရောင်တာ (Scleritis) ဖြစ်တတ်တယ်၊ မျက်ကြည်လွှာရောင်တာ (Keratitis) ဖြစ်တတ်ပါတယ်။

ဟော်မုန်းဗေဒ (Endocrine)နဲ့ ဆိုင်တဲ့ ရောဂါတွေဖြစ်တဲ့ ဆီးချိုသွေးချိုရောဂါဖြစ်ရင် အရင် Microangiopathy ရပြီး နောက်ဆုံးမှာ မျက်စိအာရုံခံလွှာရောင်ရမ်းခြင်း (Retinopathy) ဝင်တတ်ပါတယ်။ Microangiopathy က မျက်စိနဲ့ကျောက်ကပ်မှာဖြစ်နိုင်ပါတယ်။ မျက်လုံးနဲ့ ကျောက်ကပ်မှာရှိတဲ့ သွေးကြော (Vessels)တွေဆီမှာ သက်ရောက်မှုရှိတာကြောင့် မျက်လုံးမှာရှိတဲ့ မျက်စိအာရုံခံလွှာ (Retina)မှာ အာရုံခံလွှာရောင်ရမ်းမှု (Retinopathy) ဖြစ်ရတာ ဖြစ်ပါတယ်။

အဲဒီလိုပဲ သိုင်းရွိုက်ပြဿနာ (Thyroid Disorder) ဖြစ်လာရင် မျက်စိမှာ သက်ရောက်မှုရှိပါတယ်။ ဥပမာ သိုင်းရွိုက်ဟော်မုန်းများတဲ့ Hyperthyroid ဖြစ်လာပြီဆိုရင် မျက်ဆန် (Eyeball)နဲ့ Orbit ကြားမှာရှိတဲ့ အဆီလွှာကရောင်လာတယ်။ အဲဒီအခါ မျက်စိက ပြူးထွက်လာတယ်။ ဒါကို Proptosis လို့ခေါ်ပါတယ်။ သိုင်းရွိုက်ဖြစ်တဲ့သူတွေက မျက်စိက မသိမသာ ပြူးထွက်နေတတ်ပါတယ်။

မေး. သွေးနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေကြောင့် မျက်စိမှာဘယ်လိုသက်ရောက်မှုတွေ ဖြစ်တတ်ပါသလဲဆရာ။

ဖြေ. သွေးနဲ့ပတ်သက်တဲ့ ရောဂါဝေဒနာ (Haemato-logical Disorder) တွေကြောင့်လည်း မျက်စိမှာ ထိခိုက်မှုရှိနိုင်ပါတယ်။ လူကေးမီးယားရောဂါ (Leukaemia) ကြောင့်လည်း မျက်စိအာရုံခံလွှာ (Retina)မှာ ထိခိုက်မှု ဖြစ်နိုင်ပါတယ်။

သွေးကြောမှာ သွေးခဲတဲ့အခြေအနေ (Clotting Factor) တွေရှိပါတယ်။ သွေးခဲမှုဆိုင်ရာ ပုံမမှန်အခြေအနေ ဥပမာ Haemophilia ကြောင့်လည်း မျက်စိမှာရှိတဲ့ သွေးကြောတွေ ထိခိုက်မှုဖြစ်နိုင်ပါတယ်။ တစ်ကိုယ်လုံးမှာရှိတဲ့ သွေးကြောတွေမှာ သွေးခဲမှုဖြစ်ရင် မျက်စိမှာရှိတဲ့ သွေးကြောတွေကိုလည်း ထိခိုက်နိုင်ပါတယ်။ နောက်တစ်ခုက Sickle Cell Anaemia ကြောင့်လည်း မျက်စိမှာ သွေးအားနည်းတဲ့ လက္ခဏာတွေပြနိုင်ပါတယ်။

မေး. နှလုံးပိုးဝင်တာနဲ့ သွေးတိုးတာတွေဖြစ်ရင်ကော မျက်စိမှာဘယ်လိုသက်ရောက်မှုတွေ ဖြစ်တတ်ပါသလဲဆရာ။

နှလုံးသွေးကြောစနစ် (Cardiovascular System) မှာဆိုရင် နှလုံးမှာပိုးဝင်ပြီးရောင်တဲ့ အခြေအနေ (Infective Endocarditis) ဖြစ်ရင် အဲဒီကနေ Emboli လေးတွေဟာ မျက်လုံးမှာရှိတဲ့ သွေးကြောလေးတွေကို လာပိတ်တတ်ပါတယ်။ အဲဒီအခါ မျက်လုံးက ဝါးသွားတတ်ပါတယ်။ နောက်တစ်ချက်က သွေးတိုးရောဂါကြောင့် သွေးကြောတွေကျဉ်းတာ (Atherosclerosis) ဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်ရင် မျက်စိမှာရှိတဲ့ အာရုံခံလွှာသွေးကြော (Retinal Vessels)တွေက ကျဉ်းလာတတ်ပါတယ်။ သွေးကြောကျဉ်းပြီး ပိတ်သွားရင် မမြင်တော့တာမျိုး (Central Retinal Artery Occlusion) ဖြစ်တတ်ပါတယ်။

မေး. ကိုယ်ဝန်ဆောင်တွေသွေးတိုးပြီး ကိုယ်ဝန်ဆိပ်တက်တာကြောင့်ရော မျက်စိထိခိုက်မှုဖြစ်နိုင်ပါသလားဆရာ။

တချို့ကိုယ်ဝန်ဆောင်တွေမှာဆိုရင် ကိုယ်ဝန်ဆိပ်တက်တဲ့ အခြေအနေ(Eclampsia)ကြောင့် သွေးဖိအားက တအားမြင့်တက်လာပြီး စောစောက ဆရာပြောသလို သွေးကြောတွေကျဉ်းပြီး ပိတ်သွားတဲ့အတွက် မမြင်တော့ဘူး။ ဒါမျိုးက ဖြစ်ခဲတယ်ဆိုပေမယ့် ဖြစ်တော့ဖြစ်တတ်ပါတယ်။

မေး. ခန္ဓာကိုယ်ကျန်းမာရေး ထိခိုက်မှုကြောင့် မျက်စိကို ဘယ်လိုသက်ရောက်မှုတွေဖြစ်တတ်ပါသလဲဆရာ။

မျက်လုံးကလည်း ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းပဲဖြစ်တော့ ခန္ဓာကိုယ်မှာ ထိခိုက်မှုတစ်ခုခုဖြစ်ရင် မျက်လုံးမှာလည်း သက်ရောက်မှုရှိတာပါပဲ။ ခန္ဓာကိုယ်က ကော်လာဂျင်တွေနဲ့ တည်ဆောက်ထားတာဖြစ်လို့ ကော်လာဂျင်ထိခိုက်မှုဖြစ်ရင် မျက်လုံးမှာရှိတဲ့ ကော်လာဂျင်တွေကိုလည်း ထိခိုက်မှုဖြစ်စေနိုင်တာပါပဲ။ မျက်လုံးမှာဆိုရင် မျက်ကြည်လွှာနဲ့ မျက်ဖြူလွှာက ကော်လာဂျင်နဲ့ တည်ဆောက်ထားတော့ ခန္ဓာကိုယ်က ကော်လာဂျင်တွေ ထိခိုက်မှုဖြစ်တဲ့အခါတိုင်း အဲဒီနေရာတွေမှာ လာပြပါတယ်။

နောက်တစ်ခုက ခန္ဓာကိုယ်က သွေးကြောတွေမှာ ဖြစ်နိုင်တဲ့ ထိခိုက်မှုအားလုံးက အာရုံခံလွှာမှာလာပြပါတယ်။ ဒီလိုပဲ သွေးမှာလာတဲ့ ပုံမမှန်မှုအားလုံးကို မျက်စိသွေးကြောတွေကိုကြည့်ပြီး သိနိုင်ပါတယ်။ မျက်စိကိုကြည့်ပြီး ခန္ဓာကိုယ်မှာ ရောဂါရှိ၊ မရှိ သိနိုင်သလို ခန္ဓာကိုယ်ကရောဂါတွေကို ကြည့်ပြီးတော့လည်း မျက်စိမှာ ထိခိုက်မှုဖြစ်နေတာကို သိနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top