Healthy Life Ad
Health Tips

သင် မကြာခဏ ရင်ပူနေသလား

မိုးမင်းထွန်း
ရင်ပူတာက စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းတဲ့ ဝေဒနာပါ။ အများအားဖြင့် အစာများများ စားပြီးချိန်နဲ့ အရက်များများ သောက်ပြီးချိန်တွေမှာ ရင်ပူတတ်ပါတယ်။ ခန္ဓာကိုယ်ကို လှဲလျောင်းလိုက်တဲ့အခါ ဒါမှမဟုတ် ခါးကုန်းလိုက်တဲ့အခါမှာ တချို့လူတွေဟာ ရင်ပူဝေဒနာ ဖြစ်တတ်ပါတယ်။ အစာအိမ်အက်စစ်ဆန်တက်ပုံက လူတစ်ဦးနဲ့ တစ်ဦးမှာ မတူညီပါဘူး။

ရင်ပူစေနိုင်သည့် အစားအသောက်များ
– ချောကလက်၊ ကော်ဖီနဲ့ အရက်တွေကို အလွန်အမင်းစားသောက်တာကြောင့် ရင်ပူတတ်ပါတယ်။ ဒီအစားအသောက်တွေကြောင့် ရင်ပူတတ်ရင် သတိထားပြီး ဆင်ခြင်ဖို့ လိုပါတယ်။

– ဆေးရွက်ကြီး သုံးတာကြောင့် ရင်ပူတတ်ပါတယ်။ ဆေးလိပ်ဖြတ်သင့်ပါတယ်။

– အဆီအအိမ့်များတဲ့ အစားအစာတွေကို အများကြီးစားတာကြောင့် ရင်ပူဝေဒနာဖြစ်တတ်ပါတယ်။ အစာတွေကို လိုအပ်တာထက် ပိုမစားဘဲ နေရင် အစာအိမ်အက်စစ်အထွက်နှုန်းက လျော့ကျသွားပါလိမ့်မယ်။ အထူးသဖြင့် အိပ်ရာမဝင်ခင် အစာများများ မစားပါနဲ့။

ကိုယ်အလေးချိန်
အဝလွန်သူနဲ့ ကိုယ်အလေးချိန်များတဲ့သူတွေမှာ ဝမ်းဗိုက်တစ်ဝိုက် အဆီပိုတွေ ရှိတာကြောင့် အစာအိမ်ပေါ် ဖိအားသက်ရောက်မှု များစေပါတယ်။ အဝလွန်တဲ့သူ၊ ကိုယ်အလေးချိန်များတဲ့ သူတွေအနေနဲ့ ကိုယ်အလေးချိန် လျှော့ချလိုက်တဲ့အခါ အစာအိမ် အက်စစ် ဆန်တက်နိုင်ခြေ လျော့နည်းသွားပြီး ရင်ပူဝေဒနာ သက်သာသွားတတ်ပါတယ်။

ကိုယ်ဝန်ဆောင်ခြင်း
အမျိုးသမီးတွေကိုယ်ဝန်ဆောင်ချိန်မှာ ကြီးထွားလာတဲ့ သားအိမ်က အစာအိမ်ပေါ်မှာ ဖိအားသက်ရောက်သွားစေပါတယ်။ ဒါကြောင့် အစာအိမ်အက် စစ်တွေအထက်ကိုဆန်တက်ပြီး ရင်ပူတတ်ပါတယ်။

လှဲလျောင်းအိပ်စက်ခြင်း
အိပ်ရာထဲမှာ လှဲလျောင်းနေတာက ကမ္ဘာ့မြေဆွဲအားကြောင့် အစာအိမ်အက်စစ် ဆန်တက်နိုင်ခြေကို တိုးစေပါတယ်။ အိပ်ရာခေါင်းရင်းကို မြှင့်တင်တဲ့ နည်းနဲ့ ဒါကို ရှောင်လွှဲလို့ ရပါတယ်။

အူလှုပ်ရှားမှု
ဝမ်းချုပ်တာကြောင့် အက်စစ်ဆန်တက်နိုင်ခြေများပြီး ရင်ပူတတ်ပါတယ်။

ဆေးဝါးများ

ရင်ပူဝေဒနာနဲ့ ဆက်စပ်နေတဲ့ ဆေးဝါးတွေကတော့-

နိုက်ထရိတ်၊ သီရိုဖိုင်လင်း၊ စတီးရွိုက်၊ အကိုက်အခဲပျောက်ဆေး (NSAIDs) တို့ ဖြစ်ကြပါတယ်။ သင်ကမကြာခဏရင်ပူတတ်ရင် တခြားရောဂါ ဝေဒနာတွေအတွက် ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကြိုတင်မေးမြန်းထားဖို့ လိုပါတယ်။

ရင်ပူသက်သာစေသည့် ဆေးဝါးများ
အက်စစ်တားဆေးများ
ရင်ပူတာက အစာအိမ်ထဲက အက်စစ်တွေကြောင့် ဖြစ်တဲ့အတွက် အက်စစ်တွေကို ဓာတ်ပြယ်စေတဲ့ဆေးကိုမှီဝဲရင် သက်သာစေပါတယ်။ မဂ္ဂနီဆီယမ်၊ အလူမီနီယမ်ဆား၊ ကယ်လ်စီယမ်ကာဘွန်နိတ် နဲ့ ဆိုဒီယမ်ကာဘွန်နိတ်တို့ ပေါင်းစပ်ထည့်သွင်း ထားတဲ့ Antacids ဆေးတွေက ငုံဆေး၊ ဝါးစားရတဲ့ ဆေးအနေနဲ့လာတတ်ပါတယ်။
Ref; netdoctor

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top