Healthy Life Ad
Life Style

သင့်မိန်းမကိုယ်က သင့်ကို ပြောပြချင်နေသည့် အချက်များ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

မိန်းမကိုယ်ဟာ သင့်ကျန်းမာရေး၊ သင့်အိုမင်းမှု၊ သင့်ရာသီစက်ဝန်း စတဲ့ အကြောင်းအရာတွေကို ပြောပြပေးနေပါတယ်။

– မိန်းမကိုယ်က ဆင်းတဲ့ အရည်တိုင်း စိတ်အနှောင့်အယှက်ဖြစ်စရာ မဟုတ်ပါ

မိန်းမကိုယ်က ဆင်းတဲ့ အဖြူအနည်းအများဟာ ရာသီစက်ဝန်းပေါ်မှာမူတည်ပြီး အတက်အကျ ပြောင်းလဲနိုင်ပါတယ်။ ယေဘုယျအားဖြင့် မိန်းမကိုယ်က ဆင်းတဲ့ အဖြူက ကြည်ပြီး ဖြူတတ်ပါတယ်။ အဖြူဆင်းတဲ့ အရည်က အိမ်ထောင်ရှင်တွေအတွက် အိမ်ထောင်သည်အမျိုးသားဆီက သုက်ကောင်ကို မိန်းမကိုယ်၊ သားအိမ်ခေါင်းနဲ့ သားအိမ်ဆီ အမြန်ရောက်ရှိစေပြီး မျိုးအောင်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိန်းမကိုယ်က ဆင်းတဲ့ အဖြူအတွက် အမြဲတမ်း စိတ်အနှောင့်အယှက် မဖြစ်ပါနဲ့။

ဒါပေမဲ့ ဒိန်ခဲလို ဖြူနှစ်နှစ်အရည်ဖြစ်နေရင် မှိုပိုးဝင်တဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ ငါးညှီနံ့ထွက်ပြီး အရောင်မှိုင်းတဲ့ အဖြူဆင်းရင် ဘက်တီးရီးယားပိုးဝင်တာ ဖြစ်နိုင်ပါတယ်။ အဖြူဆင်းတာများပြီး ဆင်းတဲ့ အရောင်က အဝါရောင် ဒါမှမဟုတ် အစိမ်းရောင် သမ်းနေရင် ဂနိုဆီးပူညောင်းကျရောဂါရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေတွေမှာ ဆရာဝန်နဲ့ပြပါ။

– တကယ်တမ်း ထင်သလောက် မသန်မာဘူး

အမျိုးသမီး ၄၀ ရာခိုင်နှုန်းလောက်ဟာ မိန်းမကိုယ်နံရံဆိုင်ရာပြဿနာရှိပြီး အဲဒီအကြောင်းကို ဆရာဝန်နဲ့ ဆွေးနွေးဖို့ စိတ်အနှောင့်အယှက် ဖြစ်လေ့ရှိတတ်ပါတယ်။ အဲဒီလို ဖြစ်ရင် လိင်ဆက်ဆံတဲ့အခါ နာကျင်တတ်ပါတယ်၊ မိန်းမကိုယ်မှာ ဖိအားရှိသလို တင်းကျပ်နေတတ်ပါတယ်၊ ဆီးအိမ်နဲ့ အူဆိုင်ရာ ဝေဒနာ ရှိတတ်ပါတယ်၊ ခါးနဲ့ တင်ပဆုံရိုး နာကျင်တတ်ပါတယ်။ ကိုယ်ဝန်ရှိသူ၊ ကလေးမွေးထားသူ၊ အသက်ကြီးသူ၊ သွေးဆုံးသူ၊ ဆေးလိပ်သောက်သူနဲ့ ထိခိုက်ဒဏ်ရာရသူတွေမှာ ဖြစ်နိုင်ခြေ များပါတယ်။ တင်ပဆုံကွင်းကြွက်သား သန်စွမ်းစေမယ့် လေ့ကျင့်ခန်း လုပ်ဆောင်သင့်ပါတယ်။

– လိင်ဆက်ဆံပြီးတိုင်း ဆီးသွားပေးပါ

အိမ်ထောင်ဖက်နဲ့လိင်ဆက်ဆံပြီးတဲ့အခါ အိမ်သာသွားပါ။ ဒါက ဆီးလမ်းကြောင်း ပိုးဝင်မှုကို မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဆီးလမ်းကြောင်း၊ မိန်းမကိုယ်နဲ့စအိုတွေက နီးကပ်နေတဲ့အတွက် လိင်ဆက်ဆံမှုကြောင့် ဆီးအိတ်ထဲ ဘက်တီးရီးယားပိုးတွေ ဝင်ရောက်ပွားများစေနိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံပြီးချိန်မှာ ဆီးသွားပြီး ဆေးကြောသန့်စင်ပေးသင့်ပါတယ်။

– မိန်းမကိုယ်ကို ရေဖြင့်သာ ဆေးကြောပါ

မိန်းမကိုယ်အတွင်းပိုင်းကို ဆပ်ပြာနဲ့ ရေသုံးပြီး အလွန်အမင်းဆေးတာကြောင့် မိန်းမကိုယ်ရဲ့ သဘာဝစံဓာတ်ကို ပြောင်းလဲစေနိုင်ပါတယ်၊ ဒါ့အပြင် ကူးစက်ပိုးဝင်ပြီး စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်ပါတယ်။ မိန်းမကိုယ်က အမြဲတမ်း သန့်စင်ပွတ်တိုက်နေဖို့ မလိုပါဘူး။ ရေချိုးတဲ့အခါကျမှသာ မိန်းမကိုယ်ကို သန့်စင်ပေးပါ။

– Kegel လေ့ကျင့်ခန်းက အရေးပါ

တင်ပဆုံကွင်းကြွက်သားတွေ သန်စွမ်းကျန်းမာနေတဲ့အခါ ဆီးအိတ်၊ မိန်းမကိုယ်နဲ့ အူလှုပ်ရှားမှုတွေ ကိုကောင်းမွန်စေပါတယ်။ Kegel လေ့ကျင့်ခန်း လုပ်တာက ကလေးမွေးပြီးချိန်ဖြစ်တတ်တဲ့ ဆီးမ ထိန်းနိုင်တဲ့ ဝေဒနာကို သက်သာစေပါတယ်။ ရယ်တဲ့အခါ၊ နှာချေတဲ့အခါ ဆီးစိမ့်ထွက်တာ မဖြစ်စေဖို့ Kegel လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။

– Kegel လေ့ကျင့်ခန်းလုပ်နည်း

(၁) ဆီးသွားတဲ့အခါ သွားလက်စ ဆီးကို ရပ်လိုက်၊ သွားလိုက် လုပ်တဲ့နည်းပါ။

(၂) ထိုင်နေရင်း ထိုင်ခုံနဲ့ ထိနေတဲ့ သင့်ခန္ဓာကိုယ်အောက်ပိုင်းတင်ပဆုံကွင်းနေရာကိုညှစ်လိုက်၊ ပြန်ဆန့်လိုက် လုပ်တဲ့နည်းပါ။

ဒီလေ့ကျင့်ခန်းလုပ်နေရင် တခြားကြွက်သားတွေကို မညှစ်မိစေဖို့သတိထားပါ။ ခြေထောက်၊ ဝမ်းဗိုက် နဲ့တခြားကြွက်သားတွေကို မညှစ်မိအောင် ရှောင်ရှားပါ။ တင်ပဆုံကွင်းကြွက်သားတွေကိုပဲ ညှစ်ရမှာ ဖြစ် ပါတယ်။ အသက်ရှူရပ်ထားစရာလည်း မလိုပါဘူး။

ဆီးအိတ်ထဲ ဆီးအပြည့်ရှိနေချိန်မှာ မလုပ်ပါနဲ့။ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေများလို့ ဖြစ်ပါတယ်။

– လိင်ဆက်ဆံပြီး ငါးညှီနံ့ထွက်နေလျှင် ဂရုပြုပါ

မိန်းမကိုယ်က ဆင်းတဲ့ အရည်တွေက အက်ဆစ်အခြေအနေမှာရှိပါတယ်။ သုက်ရည်ကအယ်လ် ကာလိုင်းအခြေအနေမှာရှိပါတယ်။ လိင်ဆက်ဆံလို့ အဲဒီအရည်နှစ်ခုပေါင်းစပ်တဲ့အခါ ထွက်လာတဲ့အနံ့က သီးခြားအနံ့မျိုးဖြစ်ပါတယ်။ ဒါပေမဲ့ လိင်ဆက်ဆံပြီး ငါးညှီနံ့ ဒါမှမဟုတ် ဆိုးရွားတဲ့ အနံ့ထွက်နေရင် ဆရာဝန်နဲ့ပြသင့်ပါတယ်။ အကြောင်းကတော့ ဘက်တီးရီးယားဟန်ချက်မညီတဲ့ လက္ခဏာ ဖြစ်နိုင်လို့ပါ။

– ချည်သားအတွင်းခံ ဝတ်ပါ

မိန်းမကိုယ်ဟာ လေဝင်လေထွက်ကောင်းဖို့ လိုအပ်ပါတယ်။ မည်းမှောင်တင်းကျပ်ပြီး စိုစွတ်တဲ့ ပတ်ဝန်းကျင်မှာရှိရင် ပိုးပေါက်ပွားနှုန်းများစေနိုင်ပါတယ်။ ချည်သားအတွင်းခံဘောင်းဘီဝတ်တာက အကောင်းဆုံး ဖြစ်ပါတယ်။

– မိန်းမကိုယ်ပြောင်းလဲမှုကို နားလည်ပါ

အသက်ကြီးလာတဲ့အခါ မိန်းမကိုယ်က ပုံစံနဲ့ အရောင် ပြောင်းလဲလာပါတယ်။
အသက် ၂၀ အရွယ်မှာ မိန်းမကိုယ်နှုတ်ခမ်းတွေက ရှုံ့လွယ်ပြီး ပိုပါးပါတယ်။
အသက် ၃၀ အရွယ်မှာ ကိုယ်ဝန်ဆောင်တာနဲ့ အသက်ကြီးလာတာကြောင့် ဟော်မုန်းအပြောင်းအလဲ ဖြစ်ပြီး မိန်းမကိုယ်တစ်ဝိုက်က အရောင်ရင့်လာပါ တယ်။
အသက် ၄၀ အရွယ်မှာ အီစထရိုဂျင်ဟော်မုန်း လျော့ကျပြီး မိန်းမကိုယ် စံဟန်ချက်ညီမျှမှုကို ပြောင်းလဲသွားစေကာ မိန်းမကိုယ်နံရံပါးလျခြောက်သွေ့လာပါတယ်။ အဲဒီအတွက် ယားယံတာ၊ နီမြန်းတာနဲ့ ပူစပ်ပူလောင်ဖြစ်တာတို့ ဖြစ်တတ်ပါတယ်။

– စိတ်ဖိစီးမှုများခြင်း၊ လေ့ကျင့်ခန်း အပြင်းအထန်လုပ်ခြင်းနှင့် အရက်အလွန်အမင်းသောက်ခြင်း ရှောင်ပါ

စိတ်ဖိစီးမှုများလွန်းတာကြောင့် ရာသီစက်ဝန်း ကို ရပ်စေနိုင်ပါတယ်။ မိသားစုဝင် သေဆုံးတာ၊ အလုပ်ပြုတ်တာ စတဲ့ အခြေအနေတွေကြောင့် ရာသီစက်ဝန်းကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။

လေ့ကျင့်ခန်းအပြင်းအထန် လုပ်ဆောင်တဲ့အတွက် ရာသီစက်ဝန်းကို ထိခိုက်စေနိုင်ပါတယ်။

အရက်ကို အလွန်အကျွံသောက်တာကြောင့် အသည်းနဲ့ ကိုယ်တွင်းအစိတ်အပိုင်းတွေ ထိခိုက်စေ ရုံသာမက ရာသီစက်ဝန်းကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။

– မိန်းမကိုယ်အပြစ်အနာအဆာများကို လျစ်လျူ မရှုရ

မိန်းမကိုယ်ကို စမ်းသပ်ကြည့်လိုက်လို့ လိင်အင်္ဂါကြွက်နို့၊ အနာ၊ အနံ့ဆိုးတဲ့ အဖြူဆင်းတာ စတဲ့ အပြောင်းအလဲတွေတွေ့ရင် လျစ်လျူရှုမထားပါနဲ့။ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးကာ ကုသမှု ခံယူလိုက်ပါ။

(Ref; RD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top