Healthy Life Ad
Health Tips

၀ဲပျောက်ပြီး ပြန်ပေါက်မှာ စိုးပါတယ် . . .

မေး။ ။ ဝဲပေါက်တာကို ကုပြီးပါပြီ။ ဒါပေမဲ့ အခုအချိန်ထိ အရေပြားကယားနေလို့ပါ။ ဝဲပြန်ပေါက်မှာလည်း စိုးပါတယ်။ အဲဒီအတွက် ဘယ်လို ကုသမှု ခံယူသင့်ပါ သလဲခင်ဗျာ။

ဦးဝင်းမောင်၊ သာကေတ။

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် အရေပြားအထူးကု ဆရာဝန်ကြီးမှ ဖြေကြားပေးပါသည်။

ဖြေ။ ။ ဝဲက ပျောက်ပြီးရင်တောင် အချိန်အတော်ကြာ ကြာယားနေတတ်ပါတယ်။ တချို့ ဝဲကုသဆေး တွေက ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေကို လိမ်းလို့ မရပါဘူး။ ဝဲကို ကုသပြီးချိန်မှာ အဝတ်အစား၊ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်တွေကို ရေနွေးပူပူနဲ့ လျှော်ရပါမယ်။ မလျှော်နိုင်တဲ့ ပစ္စည်းတွေကို လေလုံအောင် ပလတ်စတစ်အိတ်နဲ့ တစ်ပတ်လောက် ထည့်ထားရပါမယ်။ အခန်းသန့်ရှင်းရေးကို သေ သေချာချာပြုလုပ်ရပါမယ်။ ကြမ်းခင်းနဲ့ ပရိဘောဂ ပစ္စည်းတွေပါ သန့်ရှင်းရေးလုပ်ရပါမယ်။ ရေဘယ် လောက်ချိုးချိုး ဝဲဆေးမလိမ်းရင် မပျောက်ဘူးဆိုတာ သတိထားသင့်ပါတယ်။ ဝဲပေါက်ရင် စောစောကုသတာ အကောင်းဆုံးနည်းပဲ ဖြစ်ပါတယ်။

ဝဲမိုက်ကောင်လေးတွေက အခန်းအပူချိန်မှာ ၂-၅ ရက်အထိ ရှင်နိုင်ပါတယ်။ ဥတွေက ၇ ရက်လောက် ရှင်နိုင်ပါတယ်။ ဒါကြောင့် ဝဲကုသဆေးလိမ်းရုံနဲ့ မပြီးဘဲ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်နဲ့ အဝတ်အစားတွေကို ရေနွေးပူပူနဲ့ လျှော်ဖို့လိုအပ်ပါတယ်။ အဝတ်ခြောက်စက်ထဲမှာ အပူချိန်မြှင့်ပြီး သန့်ရှင်းစေရပါမယ်။ မလျှော်နိုင်တဲ့ အသုံးအဆောင်တွေကို ပလတ်စတစ်အိတ်ထဲထည့်ပြီး လေလုံအောင် ပိတ်ထားသင့်ပါတယ်။

အထူးသိစေချင်တာက တချို့လူတွေက ဝဲ မဟုတ်ဘဲ အရေပြား ဓာတ်မတည့်လို့ ယားတာကိုပဲ ဝဲလို့ထင်ပြီး စိတ်ညစ်နေကြပါတယ်၊ ယားနာပျောက် ဆေးအမျိုးမျိုးဝယ်လိမ်းနေတတ်ပါတယ်။ တချို့က ဝဲကို အရောင် ကျဆေးဖြစ်တဲ့ ယားနာပျောက်ဆေးလို့ ညွှန်းနေကြတဲ့ စတီးရွိုက်၊ Clobetazole, Betamethasone စတာတွေ ပါဝင်တဲ့ ဆေးတွေကို ဝယ်လိမ်းတဲ့အခါ အယားသက်သာသလို ရှိပေမယ့် မပျောက်ဘဲ တစ်နေ့ထက် တစ်နေ့ ပြည်တည် ပိုးဝင်ပြီး ကုရခက်ခဲတာကို တွေ့ဖူးပါတယ်။ တချို့က ဝဲကုသတဲ့ လိမ်းဆေးကို စနစ်တကျ မလိမ်းဘဲ ယားတဲ့ နေရာမှာပဲ ကြိမ်ဖန်များစွာ လိမ်းလို့ မပျောက်တာကို တွေ့ဖူးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top