Healthy Life Ad
Child

ကလေးသူငယ်နှင့် စိတ်ကျန်းမာရေး

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေရဲ့ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနဲ့ စိတ်ခံစားမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံဆောင်ရွက်နေပါတယ်။ စိတ်ခံစားမှု ဖွံ့ဖြိုးတိုးတက်တာနဲ့ပတ်သက်ရင် စိတ်ဓာတ်ရင့်ကျက်ခိုင်မာရေးနဲ့ စိတ်ကျန်းမာရေးကောင်းမွန်ဖို့ ရည်ရွယ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတိုင်းလိုလိုမှာ စိတ်ကျန်းမာရေး အားနည်းချို့ယွင်းတဲ့ ကလေးသူငယ်တွေ ရှိပါတယ်။ ဥပမာ- သြစတြေးလျနိုင်ငံမှာ အသက် ၄ နှစ်မှ ၁၇ နှစ်အတွင်း ကလေးသူငယ်တွေထဲမှာ ၁၄ ရာခိုင်နှုန်းဟာ စိတ်ဝေဒနာတစ်မျိုးမျိုး ခံစားနေရကြောင်း လေ့လာတွေ့ရှိရပါတယ်။

ကလေးသူငယ်တွေမှာ စိတ်ဝေဒနာဖြစ်စေတဲ့ အကြောင်းရင်းဇစ်မြစ်ကို အတိအကျ မပြောနိုင်ပါဘူး။ ဒါပေမဲ့ ကလေးသူငယ်တွေရဲ့ စိတ်ကျန်းမာရေးကို ချို့ယွင်းစေတဲ့ အချက်အလက်တွေကို သိရှိထားပါတယ်။ ဒါ့အပြင် ကလေးသူငယ်တွေရဲ့ စိတ်ကျန်းမာရေးကို အထောက်အကူပြုတဲ့ အချက်အလက်တွေကိုလည်း လေ့လာတွေ့ရှိထားပါတယ်။ အခုဆောင်းပါးမှာ အဆိုပါအချက်အလက်တွေကို ဆွေးနွေးတင်ပြလိုပါတယ်။

ပင်ကိုယ်စိတ်နေသဘောထား

စိတ်ဝေဒနာဖြစ်ပွားလာဖို့ အလားအလာများတဲ့ ကလေးသူငယ်ရဲ့ ပင်ကိုယ်စိတ်နေသဘောထားတွေကတော့ ပေါင်းသင်းဆက်ဆံရေးမှာ အခက်အခဲရှိခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှုနည်းပါးခြင်း၊ အပျက်သဘောကို ဦးစားပေးပြီး တွေးတောဆင်ခြင်တတ်ခြင်းတို့ ဖြစ်ပါတယ်။ စိတ်ခံစားမှု သမမျှတခြင်း၊ အပေါင်းအသင်းဆံ့ခြင်း၊ အပြုသဘောကို ဦးစားပေးပြီး တွေးတောဆင်ခြင်တတ်ခြင်း စတဲ့ပင်ကိုစိတ်နေသဘောထားရှိရင် စိတ်ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ကလေးသူငယ်မှာ ဘယ်လိုပင်ကို စိတ်နေသဘောထားမျိုး ရရှိလာနိုင်သလဲဆိုတာ သူရဲ့ ဗီဇမျိုးစေ့အာနိသင်နဲ့ ပတ်ဝန်းကျင်လွှမ်းမိုးမှုပေါ်မှာ မူတည်ပါတယ်။

မိထွေးပထွေးနဲ့ ကြီးပြင်းလာရတဲ့ ကလေးသူငယ်နဲ့ မိသားစုအတွင်းမှာ အရက်စွဲ ဆေးစွဲသူ၊ စိတ်ရောဂါရှိသူနဲ့ နေထိုင်ရတဲ့ ကလေးသူငယ်တွေထဲမှာ စိတ်ကျန်းမာရေး ချို့ယွင်းမှုရှိတာကို ပိုမိုတွေ့ရှိရပါတယ်။

မိသားစုပတ်ဝန်းကျင်

ကလေးသူငယ်တွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်နစ်နာစေတဲ့ မိသားစုပတ်ဝန်းကျင်အခြေအနေတွေကတော့-

အိမ်သားအချင်းချင်း မကြာခဏ ခိုက်ရန်ဖြစ်ပွားတာ၊ တစ်ဦးနဲ့တစ်ဦး ညှင်းပန်းနှိပ်စက် အကြမ်းဖက်တာ၊ အိမ်ထောင်ပျက်တာ၊ ကလေးသူငယ်ကို သွန်သင်ဆုံးမတဲ့အခါ အကြမ်းဖက် ရိုက်နှက်တတ်တာ၊ ကလေးသူငယ်ကို နေရာတိုင်းမှာ အပြစ်တင်ဝေဖန်တာ၊ စည်းကမ်းပုံသေမရှိဘဲ အပြောင်းအလဲများတာ၊ မိခင်က စည်းကမ်းတစ်မျိုး၊ ဖခင်က စည်းကမ်းတစ်မျိုး ဖြစ်နေတတ်တာ စတာတွေဖြစ်ပါတယ်။ မိထွေးပထွေးနဲ့ ကြီးပြင်းလာရတဲ့ ကလေးသူငယ်နဲ့ မိသားစုအတွင်းမှာ အရက်စွဲ ဆေးစွဲသူ၊ စိတ်ရောဂါရှိသူနဲ့ နေထိုင်ရတဲ့ ကလေးသူငယ်တွေထဲမှာ စိတ်ကျန်းမာရေး ချို့ယွင်းမှုရှိတာကို ပိုမိုတွေ့ရှိရပါတယ်။

ကလေးသူငယ် စိတ်ကျန်းမာရေးကောင်းမွန်ဖို့ အထောက်အကူပြုတဲ့ မိသားစုပတ်ဝန်းကျင်ကတော့ မိသားစုအတွင်း တစ်ဦးနဲ့တစ်ဦး ချစ်ခင်လေးစားမှုရှိတာ၊ အကြမ်းဖက်နှိပ်စက်မှုမရှိတာ၊ ကလေးသူငယ် လိုက်နာရမယ့် စည်းကမ်းကို တိတိကျကျ သတ်မှတ်ထားတာ၊ ကလေးသူငယ် နားလည်သဘောပေါက်ပြီး စည်းကမ်းလိုက်နာအောင် သွန်သင်ဆုံးမတာ၊ နမူနာကောင်းပြတာ၊ မိသားစုတွင်း အကျင့်သိက္ခာနဲ့ ကိုယ်ကျင့်တရားကို တန်ဖိုးထားလိုက်နာတာ စတာတွေဖြစ်ပါတယ်။

ကလေးသူငယ်နှင့် စာသင်ကျောင်းပတ်ဝန်းကျင်

ကလေးသူငယ်ရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့ စာသင်ကျောင်းအတွေ့အကြုံတွေကတော့- ကျောင်းစာ မလိုက်နိုင်တာ၊ စာမေးပွဲကျတာ၊ သူငယ်ချင်းတွေက ပစ်ပယ်တာကို ခံစားရတာ၊ ကျောင်းသားအချင်းချင်း အနိုင်ကျင့်တာကို ခံရတာ၊ ကျောင်းနဲ့ကင်းကွာနေသလို ခံစားရတာ စတာတွေဖြစ်ပါတယ်။

ကလေးသူငယ်တွေရဲ့ စိတ်ကျန်းမာရေးကိုပံ့ပိုးပေးတဲ့ ကျောင်းပတ်ဝန်းကျင်ကတော့- ဘက်စုံပညာရေးမှာ ကျောင်းသားတိုင်း ပါဝင်လှုပ်ရှားဖို့ အားပေးတာ၊ ကျောင်းပတ်ဝန်းကျင်နဲ့ ရင်းနှီးလိုစိတ်ရှိအောင် ဖန်တီးပေးတာ၊ မိမိကျောင်းကို ဂုဏ်ယူလိုစိတ်ရှိအောင် ပျိုးထောင်ပေးတာ၊ ကျောင်းသားအချင်းချင်း ခွဲခြားဆက်ဆံတာနဲ့ အနိုင်ကျင့်ခြင်းကင်းစင်တဲ့ ကျောင်းပတ်ဝန်းကျင်ဖြစ်စေဖို့ စည်းကမ်းတင်းကျပ်မှုမရှိတာ စတာတွေဖြစ်ပါတယ်။

ကလေးသူငယ်၏ ဘဝအတွေ့အကြုံ

အိမ်မှာဖြစ်စေ၊ စာသင်ကျောင်းမှာဖြစ်စေ စိတ်ထိခိုက်ဖွယ်ရာ အဖြစ်အပျက်တွေနဲ့ မကြာခဏ ကြုံတွေ့ရတာ၊ ရိုက်နှက်ညှင်းပန်းမှု ခံရတာ၊ မိသားစုဝင် တစ်ဦးဦး ဒါမှမဟုတ် မိဘဆွေမျိုးတစ်ဦးဦး သေဆုံးတဲ့အတွေ့အကြုံကို အကြိမ်ကြိမ်ခံစားရတာ၊ မကြာခဏကျောင်းပြောင်းရပြီး ကျောင်းအသစ်မှာ အဆင်မပြေတာ စတဲ့ ငယ်စဉ်ဘဝအတွေ့အကြုံတွေက ကလေးသူငယ်ရဲ့ စိတ်ကျန်းမာရေးကို ပျက်ပြားစေပါတယ်။ ကလေးသူငယ်ဘဝမှာ ကာမဂုဏ်ကျူးလွန်တာကို ခံရရင် စိတ်ဝေဒနာ ဖြစ်ပွားလာနိုင်ပါတယ်။ ေကျာင်းမှာဖြစ်ဖြစ်၊ မိသားစုထဲမှာဖြစ်ဖြစ် စည်းကမ်းဘောင်အတွင်းက အားပေးကူညီမှုရရှိတာ၊ လုံခြုံမှုခံစားရတာ၊ လိုအပ်သလို စိတ်ဓာတ်ပံ့ပိုးမှုရရှိတာ စတဲ့ အတွေ့အကြုံတွေရှိရင် စိတ်ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

ကလေးသူငယ်နှင့် လူမှုပတ်ဝန်းကျင်

ကလေးသူငယ်ကြီးပြင်းလာတဲ့ လူမှုအဆောက်အအုံထဲမှာ လူမျိုးရေးခွဲခြားမှုရှိတာ၊ ဘာသာရေးခွဲခြားမှုရှိတာ၊ လူနေမှုအဆင့်အတန်းပေါ်မူတည်ပြီး ခွဲခြားဆက်ဆံမှုရှိတာ၊ တည်ငြိမ်အေးချမ်းသာယာမှုမရှိတာ၊ ခိုင်မာတဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းမရှိတာ စတဲ့ အခြေအနေတွေ လွှမ်းမိုးနေရင် ကလေးသူငယ်ရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ကလေးသူငယ် ကြီးပြင်းလာရတဲ့ လူမှုအဆောက်အအုံမှာ စီးပွားရေးဖွံ့ဖြိုးပြီး နိုင်ငံအေးချမ်း သာယာမှုရှိရင်၊ တစ်ဦးနဲ့တစ်ဦး ကူညီရိုင်းပင်းမှုရှိရင်၊ ယဉ်ကျေးမှုဓလေ့ထုံးစံကို လူတိုင်းက ဂုဏ်ယူလိုက်နာမှုအားသန်ရင် ကလေးသူငယ်ရဲ့ စိတ်ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

ကလေးသူငယ်၏ ခန္ဓာကိုယ်ကျန်းမာရေး

ကိုယ်အင်္ဂါချို့ယွင်းတာ၊ ခန္ဓာကိုယ်သန်စွမ်းမှုမရှိတာ၊ မကြာခဏ နေထိုင်မကောင်းဖြစ်တာ၊ နာတာရှည်ရောဂါတစ်ခုခု ခံစားရတာ စတဲ့ ခန္ဓာကိုယ်ကျန်းမာရေး ချို့တဲ့မှုတွေက ကလေးသူငယ်ရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာရေးကောင်းမွန်ရင် ကလေးသူငယ်ရဲ့ စိတ်ဓာတ်ဖွံ့ဖြိုးသန်မာမှုကို အထောက်အကူပြုပါတယ်။

စိတ်ဝေဒနာကို အချက်ပြသည့် လက္ခဏာများ

အထက်မှာဖော်ပြခဲ့တဲ့ အကြောင်းရင်းအမျိုးမျိုး စုပေါင်းပြီး အကျိုးသက်ရောက်လာရင် ကလေးသူငယ်တွေမှာ စိတ်ဝေဒနာ ဖြစ်ပေါ်လာနိုင်ပါတယ်။

စိတ်ဝေဒနာဖြစ်ရင် ပေါ်ပေါက်လာတတ်တဲ့ အချက်ပြလက္ခဏာတွေ ရှိပါတယ်။ အဲဒါတွေကတော့-

အိပ်ရေးပျက်တာ၊ အိပ်စက်ပုံ မူမမှန်တာ၊ စားသောက်ပုံ မူမမှန်တာ၊ ကလေးကြီးက အသက်ငယ်ငယ်အရွယ် ကလေးလိုပြုမူပြောဆိုလာတာ၊ ငယ်စဉ်က အလေ့အထတွေ ပြန်လည်ပေါ်ပေါက်လာတာ(ဥပမာ- ညဘက်မှာ အိပ်ရာထဲ ဆီးသွားတာ)၊ အပေါင်းအသင်းသူငယ်ချင်းတွေကို ရှောင်ကြဉ်တာ၊ တစ်ဦးတည်းနေထိုင်လိုတာ၊ မစိုးရိမ်သင့်တာကို စိုးရိမ်တတ်လာတာ၊ မကြောက်သင့်တာကို ကြောက်စိတ်ဝင်လာတာ၊ ခေါင်းကိုက်တယ်၊ ဗိုက်နာတယ် စသဖြင့် ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေကို မကြာခဏ ညည်းတွားတတ်တာ၊ အကြောင်းမဲ့ စိတ်မကြည်မသာဖြစ်တာ၊ အကြောင်းမဲ့ အလိုမကျဖြစ်တာ၊ အကြောင်းမဲ့ ခြေလက်ဂနာမငြိမ်ဖြစ်တာ၊ အကြောင်းမဲ့ လှုပ်ရှားမှုများလွန်းတာ၊ အာရုံမစိုက်နိုင်တာ၊ လူကြီးပြောစကားကို မကြာခဏငြင်းဆန်တာ၊ ကလန်ကဆန် ပြုမူပြောဆိုတတ်တာ၊ အကြောင်းမဲ့ စိတ်တိုလိုတာ၊ အကြောင်းမဲ့ အကြမ်းဖက်တာ၊ မိမိကိုယ်ကိုယ် အန္တရာယ်ပြုလိုစိတ်ရှိတယ်လို့ ပြောဆိုတတ်တာ စတာတွေဖြစ်ပါတယ်။

အဲဒီလို လက္ခဏာတွေကို “နေရာတိုင်းမှာ အမြဲလိုလို ကြာရှည်စွာ”တွေ့ရှိနေရရင် စိတ်ဝေဒနာတစ်မျိုးမျိုး ခံစားနေရတာ ရှိ၊ မရှိ ကျောင်းသားလူငယ်ကို စမ်းသပ်စစ်ဆေးကြည့်သင့်ပါတယ်။ နောင်လာမယ့်အပတ်တွေမှာ ကျောင်းသားအရွယ်ကလေးလူငယ်နှင့် စိတ်ကျန်းမာရေး ပြဿနာတွေကို ဆက်လက်ဖော်ပြပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top