Healthy Life Ad
Health Tips

ဒေါသကြီးတဲ့ သင့်ကလေး စိတ်ထိန်းတတ်ဖို့ ဘယ်လိုလမ်းညွှန်ပေးသင့်သလဲ . . .

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

လူတိုင်း ဒေါသထွက်တတ်ပါတယ်။ ဒါပေမဲ့ ဒေါသကြီးတဲ့သူ၊ ဒေါသသိပ်မထွက်တဲ့သူဆိုပြီး ကွာခြားမှုတော့ ရှိပါလိမ့်မယ်။ ဒေါသထွက်တာက လူတိုင်း ဖြစ်တတ်ပေမယ့် တချို့လူတွေက ဒေါသကို ထိန်းချုပ်နိုင်စွမ်းရှိပြီး တချို့က မရှိကြပါဘူး။ ဒါကြောင့် သင့်ကလေးငယ်ဟာ ဒေါသကြီးတယ်ဆိုရင်၊ ဒေါသထွက်တဲ့အခါ တွေ့ကရာ ပစ္စည်းတွေကို ပစ်ပေါက်လွှင့်ပစ်တတ်တယ်ဆိုရင် အဲဒီဒေါသကို ထိန်းချုပ်တတ်စေဖို့ ကလေးကို လေ့ကျင့်ပေးဖို့ လိုအပ်နေပါပြီ။

ကလေးကို အေးဆေးညင်သာစွာ ပြောဆိုဆုံးမပါ

ဒေါသထွက်နေတဲ့ ကလေးကို ဒေါသတကြီး အော်ဟစ်ဆူပူတာကို ရှောင်ပါ။ ကလေးကို ဘာကြောင့် စိတ်တိုဒေါသ ထွက်နေရတာလဲလို့ အကြောင်းရင်းကို သေချာမေးပြီး တည်ငြိမ်အောင် ပြောပါ။ ကလေးကို ပွေ့ဖက်နှစ်သိမ့်တာ၊ သက်သောင့်သက်သာရှိအောင် ထားတာတို့ လုပ်ဆောင်လိုက်ပါ။

ကြမ်းတမ်းနေသော ကလေးကို အာရုံလွှဲလိုက်ပါ

ကလေးဟာ ဒေါသတကြီးနဲ့ အရုပ်တွေကိုပစ်ပေါက်တာ၊ ကိုယ့်ကိုယ်ကိုယ် ရိုက်နှက်တာတို့ လုပ်နေရင် ကလေးနှစ်သက်တဲ့ ပုံဆွဲတာ၊ စာဖတ်တာ၊ အရောင်ခြယ်တာ စတာတွေကို လုပ်ဖို့ အားပေးလိုက်ပါ။ ကလေးရဲ့ အတွေးတွေက ဒေါသပျောက်ပြီး ငြိမ်သက်သွားပါလိမ့်မယ်။

ကလေးခံစားချက်ကို နားလည်ပါ

ကလေးဒေါသထွက်တဲ့အခါ အော်ဟစ်တုန့်ပြန်တာထက် အေးဆေးတဲ့ နေရာတစ်ခုမှာ နေခိုင်းပြီး သူ့ခံစားချက်ကို တည်ငြိမ်အောင် ထိန်းသိမ်းဖို့ အချိန်ပေးလိုက်ပါ။ ပြီးရင် ကလေး ဘယ်လိုခံစားရတယ်၊ ဘာဖြစ်ချင်တယ်ဆိုတာ နားလည်အောင် သေချာမေးမြန်းပြောဆိုပါ။ ကလေးမှားယွင်းနေတာရှိရင် သေချာရှင်းပြပေးပါ။

စံပြပုဂ္ဂိုလ် ဖြစ်ပါစေ

ကလေးဟာ လူကြီးတွေရဲ့ အမူအကျင့်ကို အတုခိုးနေတာ ဖြစ်ပါတယ်။ အိမ်မှာ ဒေါသကြီးတတ်တဲ့ သူရှိရင် အဲဒီသူရဲ့ အကျင့်ကို အားကျပြီး အတုခိုးတတ်တဲ့အတွက် ကလေးရှေ့မှာ စံပြပုဂ္ဂိုလ်တွေအဖြစ် နေထိုင်ကျင့်သုံးသင့်ပါတယ်။

ကောင်းသော အပြုအမူကို ချီးကျူးစကားဆိုပါ

ကလေး ဒေါသထွက်တတ်တဲ့ အခြေအနေတွေမှာ တည်ငြိမ်အောင် ထိန်းသိမ်းနိုင်စွမ်း ရှိနေပြီဆိုရင် ကလေးကို ချီးကျူးစကား ဆိုပါ။ သင့်ကလေးဟာ တဖြည်းဖြည်း ဒေါသကို ထိန်းချုပ်နိုင်တဲ့ စိတ်စွမ်းရည်ပိုင်ဆိုင်လာမှာ ဖြစ်ပါတယ်။

ကလေးကို တရားထိုင်ခိုင်းပါ

ကလေးက ဘယ်အရွယ်ပဲဖြစ်ဖြစ် အချိန် ၅ မိနစ်လောက်ပေးပြီး တရားထိုင်ခိုင်းပေးပါ။ စစချင်းမှာ အသက်ရှူသွင်း/ ရှူထုတ်တာကို ၁-၂-၃-၄ ဆိုပြီး စိတ်ထဲကနေ မှတ်ခိုင်းပေးပါ။ တိတ်ဆိတ်ငြိမ်သက်မှုတန်ဖိုးကို သတိပြုမိလာပြီး အသိအမှတ်ပြုရာက တဖြည်းဖြည်း စိတ်တည်ငြိမ်လာဖို့ အထောက်အကူ ပြုပါတယ်။

Most Popular

Healthy Life Ad
To Top