Healthy Life Ad
Q & A

ကလေးကို ဖြည့်စွက်စာ စကျွေးတော့မယ်ဆိုရင်

—–၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) ၊—–

Q. ကလေးကို လေးလမှာ ဖြည့်စွက်စာ စကျွေးသင့်ပါသလား။ ဖြည့်စွက်စာ စကျွေးမယ်ဆိုရင် ဘယ်လိုအချက်တွေကို ဆောင်သင့်၊ ရှောင်သင့်ပါသလဲရှင့်။

A. ကလေးတွေ ကြီးထွားဖွံ့ဖြိုးမှုမှန်စေဖို့ ဆောင်သင့်၊ ရှောင်သင့်တာတွေ ရှိပါတယ်။

ကလေး လေးလအရွယ်

အမေနို့တစ်မျိုးတည်း တိုက်မယ်ဆိုရင် ခြောက်လပြည့်မှဖြည့်စွက်စာကျွေးပါ။ ဒီလိုမဟုတ်ဘဲ ကလေးအသက် ခြောက်လမပြည့်ခင် အမေနို့မနိုင်လို့ နို့မှုန့်တိုက်ဖြစ်ခဲ့မယ်ဆိုရင် လေးလကျော်တာနဲ့ ဖြည့်စွက်စားကျွေးသင့်ပါတယ်။ အမေနို့တစ်မျိုးတည်း ပြည့်ပြည့်ဝ၀ တိုက်ထားတယ်ဆိုရင်တော့ ခြောက်လပြည့်မှ ဖြည့်စွက်စာကျွေးသင့်ပါတယ်။ ၄ လ ဒါမှမဟုတ် ခြောက်လမှာ ဖြည့်စွက်စာစကျွေးမယ်ဆိုရင် ကလေးကို ဇွန်းနဲ့စကျွေးပေးပါ။ ဘာကို စကျွေးသင့်လဲဆိုရင် Cereal လို့ခေါ်တဲ့ ကလေးအာဟာရမှုန့်ကို ကျွေးတာ အကောင်းဆုံးဖြစ်ပါတယ်။ Iron Fortified Rice Cereal ပါ။ လေးလပြည့်တဲ့အခါ Cereal ကို အမေနို့နဲ့ဖြစ်ဖြစ်၊ နို့မှုန့်ဖျော်ပြီးတော့ပဲဖြစ်ဖြစ်၊ ရေနွေးနဲ့ဖြစ်ဖြစ် ရောစပ်ပြီး ကျွေးနိုင်ပါတယ်။ လေးလကနေ ခြောက်လအထိ ဒါပဲကျွေးနိုင်ပါတယ်။

“အမေနို့တစ်မျိုးတည်း တိုက်မယ်ဆိုရင် ခြောက်လပြည့်မှ ဖြည့်စွက်စာကျွေးပါ။ ဒီလိုမဟုတ်ဘဲ ကလေးအသက်ခြောက်လမပြည့်ခင် အမေနို့မနိုင်လို့ နို့မှုန့်တိုက်ဖြစ်ခဲ့မယ်ဆိုရင် လေးလကျော်တာနဲ့ ဖြည့်စွက်စား ကျွေးသင့်ပါတယ်။ အမေနို့တစ်မျိုးတည်း ပြည့်ပြည့်ဝ၀ တိုက်ထားတယ်ဆိုရင်တော့ ခြောက်လပြည့်မှ ဖြည့်စွက်စာကျွေးသင့်ပါတယ်” . . .

ဒီလိုကျွေးတဲ့အခါ ပန်းကန်လုံးလေးနဲ့ထည့်ပြီး ဇွန်းနဲ့ခွံ့ကျွေးပါ။ တစ်နေ့နှစ်ကြိမ် တစ်ဇွန်းကနေ သုံးဇွန်း၊ လေးဇွန်းထိ ဖြည်းဖြည်းချင်း တိုးပြီး ကျွေးပေးနိုင်ပါတယ်။ သတိထားရမှာတစ်ခုက Cereal ကျွေးတဲ့အခါ နို့ဘူးထဲမှာ ထည့်မကျွေးပါနဲ့။ တချို့က အလုပ်ရှုပ်တယ်ဆိုပြီး နို့မှုန့်ဘူးထဲ တစ်ခါတည်း ထည့်ဖျော်ပြီး ကျွေးတာမျိုး ရှိပါတယ်။ အဲလိုမျိုး လုံးဝမလုပ်သင့်ပါဘူး။ ဇွန်းနဲ့ပဲ ခွံ့ကျွေးပါ။

ကလေးခြောက်လအရွယ်

ခြောက်လရောက်တဲ့အခါ ကလေးတွေရဲ့ အူလမ်းကြောင်း မျိုချတဲ့အဆင့်တွေက ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးလာပြီဖြစ်တဲ့အတွက် ကလေးတွေဟာ အမေစားတာကို ဆွဲယူစားတာမျိုး ရှိလာပါပြီ။ ဒီတော့ ကလေးက အမေနို့အပြင် တခြားအာဟာရတွေလည်း စားတတ်လာပြီဆိုတာ သိနိုင်ပါပြီ။

ထမင်းတစ်ဇွန်းကို ကျိုပြီးကျွေးကြည့်ပါ။ တစ်ရက်ကို နှစ်ကြိမ်စီ ကျွေးပါ။

နောက်ပြီး ပြုတ်ထားတဲ့ အရွယ်တော် အသားတစ်တုံး၊ ပဲနီလေးတစ်ဇွန်း၊ အာလူး၊ ဖရုံသီး၊ ခဝဲသီး၊ မုန်လာဥနီ၊ ပန်းသီး စတာတွေ အနည်းငယ်စီ ထမင်းတစ်ဇွန်းနဲ့ရောပြီး ပြဲစိနေအောင် ကျိုပေးပါ။ ဆန်ပြုတ်ပြဲပြဲကြီးလို ဖြစ်နေပါမယ်။ ပြီးမှ Blender မွှေစက်နဲ့ ပြန်ပြီး မွှေပေးပါ။ တစ်ရက်နှစ်ကြိမ် ကျွေးနိုင်ပါတယ်။ ကျွေးတဲ့အခါ အမြဲတမ်း လက်ဖက်ရည်ဇွန်းလေးနဲ့ပဲ စကျွေးပါ။ တစ်ဇွန်းအရင်ဆုံး ကျွေးပါ။ တစ်ဇွန်းကျွေးတာကိုပဲ နှစ်ရက်၊ သုံးရက်လောက် အကျင့်လုပ်ပါ။ ပြီးရင် နှစ်ဇွန်း၊ သုံးဇွန်းစီ တိုးတိုးပြီး တစ်ရက်ပြီးတစ်ရက် အကျင့်ဖြစ်အောင် ကျွေးသွားပါ။

ပါဝင်သင့်တဲ့ ပမာဏတွေကို တိတိကျကျပြောရရင်-

• ပရိုတင်း ၈-၁၅ ရာခိုင်နှုန်း

• အဆီဓာတ် ၃၅-၅၅ ရာခိုင်နှုန်း

• ကစီဓာတ်(ကာဗွန်ဟိုက်ဒရိတ်) ၃၀-၅၀ ရာခိုင်နှုန်းတို့ ဖြစ်ပါတယ်။

ကလေးစားတဲ့ အစာတွေကို Blender နဲ့ မွှေတာက တချို့မိဘတွေကျတော့ ကလေးတွေ အစာမကြေဖြစ်မှာ ကြောက်တာနဲ့ Blender နဲ့ တစ်ချိန်လုံး မွှေပြီကျွေးကြပါတယ်။ တကယ်တော့ ကလေးတွေ ၇-၈ လလောက် ရောက်ပြီဆိုရင် မွှေပြီးကျွေးစရာ မလိုတော့ပါဘူး။ ဝါးစားလို့ ရနေပါပြီ။ ကလေးခြောက်လအရွယ်မှာ ရယ်ဒီမိတ် မဟုတ်တဲ့ သဘာဝသစ်သီးတွေကို ဖျော်ပြီး တိုက်လို့ရပါတယ်။ ပန်းသီး၊ ငှက်ပျောသီးတို့ကို Blender နဲ့ချေပြီး တစ်ရက်ကို ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံ ၅၀ မီလီလီတာကို ရေသုံးဆရောပြီး ကျွေးနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top