Healthy Life Ad
Health Tips

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့် စိတ်မသက်မသာဖြစ်နေလျှင်

၊ ငွေကြယ်စင်ယံ ၊

ဆီးလမ်းကြောင်း ပိုးဝင်တယ်ဆိုတာ ကျောက်ကပ်၊ ဆီးပြွန်၊ ဆီးအိတ် စတဲ့ ဆီးလမ်းကြောင်း တစ်လျှောက်ရှိ အင်္ဂါအစိတ်အပိုင်းတွေ ပိုးဝင်တာကို ဆိုလိုပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါ ဆီးသွားရင် ပူစပ်ပူလောင်ဖြစ်တာ၊ ဆီးသွားရခက်တာ၊ မအီမသာဖြစ်တာစတဲ့ လက္ခဏာတွေ ခံစားရပြီး စိတ်အ နှောင့်အယှက် ဖြစ်ရတတ်ပါတယ်။

– အရည်များများ သောက်သုံးပါ

ရေနဲ့တခြားအရည်တွေကို များများသောက်ပါ၊ ဒါပေမဲ့ ကဖင်းပါတဲ့ အရည်နဲ့ အရက်က ဆီးအိတ်ကို စပ်ဖျဉ်းဖျဉ်းဖြစ်စေတဲ့အတွက် ရှောင်သင့်ပါတယ်။ ဆီးအရောင်က ရင့်နေရင် ရေနဲ့တခြားအရည်ကို များများသောက်သုံးဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဆီးလမ်းကြောင်းရှိ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်မှာပါ။

– ခရမ်ဘယ်ရီဖျော်ရည်သောက်ပါ

ဆီးလမ်းကြောင်း ပိုးဝင်မှုမဖြစ်အောင်နဲ့ ပိုးဝင်နေရင် သက်သာအောင် ကူညီနိုင်ပါတယ်။

– အိမ်သာတက်ရာတွင် မှန်ကန်သော တစ်ကိုယ်ရေ သန့်ရှင်းရေး လုပ်ဆောင်ပါ

အချိန်ကြာကြာ ဆီးအောင့်ထားတာမျိုး မလုပ်ဘဲ ဆီးသွားချင်စိတ်ဖြစ်ပေါ်တဲ့အခါတိုင်း ဆီးသွားပေးပါ။ ဆီးနဲ့ ဝမ်းသွားပြီးတဲ့အခါ စအိုမှ ဘက်တီးရီးယားပိုးတွေ ဆီးလမ်းကြောင်းထဲ မဝင်စေဖို့ အရှေ့မှ အနောက်သို့ သန့်စင်ပေးပါ။

– ဝမ်းချုပ်မခံပါနှင့်

ဝမ်းချုပ်တာက ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေကို မြင့်တက်စေတဲ့အတွက် ဝမ်းမချုပ်အောင် သတိထားပါ။ အမျှင်ဓာတ် များများပါတဲ့ အစာကို စားတာ၊ ရေများများသောက်တာနဲ့ တခြားသစ်သီးဖျော်ရည် သောက်တာတို့ လုပ်ဆောင်ပြီး ဝမ်းချုပ်တဲ့ ဝေဒနာသက်သာအောင် လုပ်ဆောင်သင့်ပါတယ်။

– လိင်ဆက်ဆံမှုပြုပြီး သန့်ရှင်းရေးလုပ်ပါ

လိင်ဆက်ဆံမှုကြောင့်လည်း တစ်ခါတစ်ရံ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ရှိပါတယ်။ ဒါကြောင့် လိင်ဆက်ဆံမှုမပြုခင် လိင်အင်္ဂါတစ်ဝိုက်ကို အမွေးနံ့မပါတဲ့ သန့်စင်ဆေးနဲ့ ရေကို သုံးပြီး ဆေးကြောပေးပါ။ လိင်ဆက်ဆံပြီးချိန်မှာလည်း ဆီးသွားတာ၊ သန့်ရှင်းရေးလုပ်တာနဲ့ ရေများများသောက်တာတို့ လုပ်ဆောင်ပေးပါ။

– အတွင်းခံ အဝတ်အစား

လေဝင်လေထွက် မကောင်းတဲ့ အတွင်းခံ ကျပ်ကျပ်တွေကို မဝတ်ပါနဲ့။ ချည်သားအတွင်းခံကို ဝတ်ဆင်ပေးတာကြောင့် လိင်အင်္ဂါနေရာတစ်ဝိုက်ကို ခြောက်သွေ့နေစေပြီး ဘက်တီးရီးယားပေါက်ဖွားမှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top