Healthy Life Ad
Life Style

မသန်စွမ်းသူတွေကို ခွဲခြားဆက်ဆံခြင်း မခံရအောင် ကြိုးစားနေတဲ့ နှလုံးသားထက်မြက်သူ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ဦးမြတ်သူဝင်း (ရွှေမင်းသားဖောင်ဒေးရှင်းဥက္ကဌ)နှင့် တွေ့ဆုံခြင်း

၁၉၆၆ခုနှစ်တွင် ပြည်မြို့၌ မွေးဖွားခဲ့ပြီး မွေးရာပါမသန်စွမ်းဖြစ်ခဲ့သူ ဦးမြတ်သူဝင်းသည် ၁၀တန်းကို ပြည်မြို့မှ ထူးချွန်စွာ အောင်မြင်ခဲ့သူဖြစ်သည်။

“ကျွန်တော် ၁၀တန်းအောင်တော့ ဆေးတက္ကသိုလ် အမှတ်မှီပါတယ်။ ဒါပေမဲ့ တက်ခွင့်မရဘူး၊ ငြင်းပယ်ခြင်းခံရပါတယ်။ အဲဒါနဲ့ ရန်ကုန်တက္ကသိုလ်မှာ အင်္ဂလိပ်စာမေဂျာတက်ပြီး ဘွဲ့ရခဲ့ပါတယ်။ မာစတာဘွဲ့ ဆက်ယူခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရဝန်ထမ်း ကျောင်းဆရာလုပ်ဖို့ကိုလည်း ငြင်းပယ်ခြင်း ခံရပြန်ပါတယ်။ အဲဒါနဲ့ ကျွန်တော် စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်ဖြစ်ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်လောက်ကစပြီး အိမ်၊ ခြံ၊ မြေ လောကထဲ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာ ကြော်ငြာလုပ်ငန်းထောင်ခဲ့ပါတယ်။

နောက်ပိုင်းမှာ ရွှေမင်းသားကားလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ဖြစ်ခဲ့ပါတယ်။ ၂၀ဝ၀ ပြည့်နှစ်မှာ ပုံနှိပ်လုပ်ငန်း ဆက်ထောင်ဖြစ်ခဲ့ပါတယ်”ဟု ဦး မြတ်သူဝင်းက စီးပွားရေးလောကထဲ ဝင်ရောက်ဖြစ်ပုံကို ပြောပြခဲ့သည်။ အင်ဂျင်နီယာဖြစ်သူ ဖခင်နှင့် ဆရာဝန်ဖြစ်သူ မိခင်တို့က မွေးဖွားလာသည့် သားသမီးသုံးဦးတွင် အလတ်ဖြစ်သည့် ဦးမြတ်သူဝင်းသည် ငယ်စဉ်ကပင် စာတော်သူ၊ သူများကို ဦးဆောင်ဦးရွက်ပြုနိုင်သူဖြစ်ကြောင်း အသိအမှတ်ပြုခံခဲ့ရသူဖြစ်သည်။

အမှတ်မီပါလျက် ဆေးတက္ကသိုလ်တက်ရောက်ခွင့် ငြင်းပယ်ခံရခြင်း၊ ကျောင်းဆရာအဖြစ် ငြင်းပယ်ခံရခြင်းတို့အပေါ်ထားရှိသည့် သဘောထားနှင့် ပတ်သက်၍-

“တကယ့်ဖြစ်ရပ်လေး တစ်ခုရှိတယ်လေ . . လူငယ်တစ်ယောက်အလုပ်လာလျှောက်တော့ ပညာတတ်ပေမယ့် မင်းကိုဆက်သွယ်ရမယ့် အီးမေးရှိသလားလို့တောင်းတော့ အီးမေးမရှိဘူး။ အဲဒါနဲ့ အဲဒီအလုပ်ရှင်က” မင်းကို ဆက်သွယ်လို့ရမယ့် အီးမေးလေးတောင်မရှိရင် မင်းကို ငါဘယ်လိုယုံကြည်ရမလဲ”လို့ဆိုတယ်။

အဲဒီအလုပ် မရတော့တဲ့အတွက် ကိုယ်ပိုင်အလုပ်လုပ်ပြီး ကြိုးစားအောင်မြင်တော့ ကုမ္ပဏီသူဌေးဖြစ်သွားခဲ့တယ်လေ။ နောက်ပိုင်း ဘယ်လောက်ပဲ အောင်မြင်၊ အောင်မြင် သူ့မှာအီးမေးမရှိခဲ့ဘူး။ သူ့မှာသာအီးမေးရှိခဲ့ရင် သူများအလုပ်မှာ ဝန်ထမ်းပဲဖြစ်နေခဲ့မှာလေ . . ဒီဥပမာလိုပဲ ငြင်းပယ်ခြင်းဆိုတာ အကောင်း၊ အဆိုး ရှိမှာပါပဲ။ အဲဒီတုန်းက ငြင်းပယ်ခြင်းမခံရရင် ကျွန်တော်က အခုချိန်မှာ ပါမောက္ခကြီးလည်း ဖြစ်ချင်ဖြစ်နေမှာပေါ့ . . ဒီ့ထက်လည်း ရာထူးတွေဘာတွေ ရချင်ရနေမှာပေါ့။ ဒါမှမဟုတ် စိတ်ညစ်ပြီး အလုပ်ထွက်ချင်လည်း ထွက်သွားမှာပေါ့။

ငြင်းပယ်ခြင်းခံရလို့ ကုမ္ပဏီအလုပ်လုပ်ဖြစ်တာတော့ မဟုတ်ပါဘူး။ ကံအလျောက် လုပ်ဖြစ်သွားတာပါ။ ဒါပေမဲ့ ဘယ်နေရာရောက်ရောက် အကောင်းဆုံးဖြစ်အောင်တော့ လုပ်ရမှာပေါ့၊ အရေးကြီးတာက ဘယ်လိုင်းပဲရောက်ရောက် အကောင်းဆုံးနဲ့ အစွမ်းကုန်ကြိုးစားလုပ်ဆောင်ဖို့ပါပဲ။ အဲဒီလိုယူဆပြီး ကျွန်တော်က ကိုယ်လုပ်တဲ့ အလုပ်တိုင်းကို အကောင်း ဆုံးဖြစ်အောင် လုပ်ဆောင်ဖြစ်ခဲ့ပါတယ်။ အဲဒီအတွက် အတိုင်းအတာတစ်ခုမှာ ရပ်တည်နိုင်ခဲ့တာပါ။ ပြီးတော့ မိဘရဲ့ပံ့ပိုးမှုက အရေးကြီးပါတယ်။ နွေးထွေးလုံခြုံတဲ့မေတ္တာ၊ သတ္တိခွန်အားတွေကြောင့် ဒီလိုလုပ်ငန်းတွေများစွာကို လုပ်ကိုင်အောင်မြင်လာတယ်လို့ယူဆပါတယ်”ဟု ဦးမြတ်သူဝင်းက ဆိုသည်။

ဦးမြတ်သူဝင်းသည် ဘဝတူ ညီအစ်ကိုမောင်နှမများအား လူ့အဖွဲ့အစည်းထဲတွင် ခွဲခြားဆက်ဆံခံရခြင်းကင်းပြီး အားလုံးနှင့်တစ်သားတည်း ဝင်ဆံ့နိုင်စေရန်ရည်ရွယ်၍ ၂၀ဝ၈ ခုနှစ်တွင် ရွှေမင်းသားဖောင်ဒေးရှင်းကို စတင်ထူထောင်ဖြစ်ခဲ့ကြောင်း၊ မသန်စွမ်းမှုဆိုင်ရာ ကျန်းမာရေးပညာပေးဟောပြောပွဲများပြုလုပ်ပေးခြင်း၊ မသန်စွမ်းသူများအား ပညာသင်စရိတ်ထောက်ပံ့ခြင်း၊ သင်ထောက်ကူပစ္စည်းများ ပံ့ပိုးပေးခြင်း၊ ခြေတု၊ လက်တု၊ ဘီးတပ်ကုလားထိုင် အစရှိသည်တို့ ကူညီပေးအပ်ခြင်း၊ ဆေးကုသမှုများ ပြုလုပ်ဆောင်ရွက်ပေးခြင်း၊ ကွန်ပျူတာပညာသင်ကြားပေးခြင်းတို့ကို လုပ်ဆောင်ပေးခဲ့ကြောင်းသိရသည်။

ဘဝတူ ညီအစ်ကိုမောင်နှမတွေကို လူ့အဖွဲ့အစည်းထဲမှာ ခွဲခြားဆက်ဆံမှုကင်းပြီး အားလုံးနဲ့တစ်သားတည်း ဝင်ဆံ့အောင်လုပ်ဆောင်ပေးနိုင်မှ ကျွန်တော်လူဖြစ်ရကျိုးနပ်မှာပါ။ မသန်စွမ်းသူတွေကို လူမှုအဖွဲ့အစည်း အသိုင်းအဝိုင်းအတွင်း ရဲရဲဝံ့ဝံ့သွားလာလှုပ်ရှားနိုင်အောင် စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးခဲ့ပါတယ်။

“အခုအခါမှာ ရုံးခွဲပေါင်း ၁၄ ခုဖွင့်လှစ်နိုင်ခဲ့ပါပြီ။ မသန်စွမ်းသူ ၉၀ဝ၀ကျော်လောက်ကို ကူညီပေးဖြစ်နေပါတယ်။ ဒီလိုဘဝတူ ညီအစ်ကိုမောင်နှမတွေကို လူ့အဖွဲ့အစည်းထဲမှာ ခွဲခြားဆက်ဆံမှုကင်းပြီး အားလုံးနဲ့တစ်သားတည်း ဝင်ဆံ့အောင် လုပ်ဆောင်ပေးနိုင်မှ ကျွန်တော်လူဖြစ်ရကျိုးနပ်မှာပါ။ မသန်စွမ်းသူတွေကို လူမှုအဖွဲ့အစည်း အသိုင်းအဝိုင်းအတွင်း ရဲရဲဝံ့ဝံ့သွားလာလှုပ်ရှားနိုင်အောင် စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးခဲ့ပါတယ်၊ အလုပ်ခန့်အပ်ခဲ့ပါတယ်”

တရုတ်ဘာသာစကား၊ အင်္ဂလိပ်ဘာသာစကားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့သည့်အပြင် ပြည်ပတွင် ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲများသို့ တက်ရောက်သင်ယူစေခြင်းဖြင့် ဝန်ထမ်းများ၏ အရည်အသွေးကို မြှင့်တင်ပေးခဲ့သည်။ ကျွမ်းကျင်ရာပညာရပ်ဖြင့် စီးပွားရေးလုပ်ကိုင်လိုသူများကို မတည်ပေးခဲ့သည့်အပြင် ဘာသာရေးဆိုင်ရာနေရာများနှင့် အများပြည်သူသွားလာလေ့ရှိသည့် နေရာများတွင် မသန်စွမ်းသူတို့ ဘီးတပ်ကုလားထိုင်ဖြင့် သွားလာရလွယ်ကူချောမွေ့စေရန် လမ်းများကိုပြင်ဆင်ပေးခဲ့သည်။ ဦးမြတ်သူဝင်းသည် သူ့ထက် အသက် ၉ နှစ်ငယ်သည့် ပါရမီဖြည့်ဖက်နှင့် အိမ်ထောင်ကျခဲ့ပြီး ၁၀ နှစ်သားနှင့် ၇ နှစ်အရွယ် သားနှစ်ဦးပိုင်ဆိုင်ထားသည်။

ဦးမြတ်သူဝင်းသည် မသန်စွမ်းသူတပည့်များစွာအား ဘဝတွင် ရဲရင့်စွာရပ်တည် ရှင်သန်လုပ်ဆောင်နိုင်စေရန် ကူညီအားပေးရာတွင်-

“လူတိုင်းမှာ မတူညီတဲ့ အားသာချက်ရှိတယ်၊ မတူညီတဲ့ အရည်အချင်းရှိတယ်၊ သူတို့ မလုပ်တတ်တာကို မလုပ်တတ်ဘူးဆိုပြီး အပြစ်ပြောနေစရာမလိုပါဘူး။ သူတို့ လုပ်တတ်တာကိုပဲ ရွေးချယ်ပြီးလုပ်ခိုင်းရပါတယ်။ သူတို့ရဲ့ အရည်အချင်း၊ အားသာချက်ကို ဆွဲထုတ်ပြီး စနစ်တကျ မြေတောင်မြှောက်ပေးပါတယ်။ အဲဒီလို မွေးထုတ်ရင်း သူတို့တွေ ကိုယ့်ခြေထောက်ပေါ်ရပ်တည်ပြီး ဘဝကို ရှင်သန်နေထိုင်နိုင်သူတွေ အများကြီးရှိနေပါပြီ။ ဆရာဆိုတာ နောက်လိုက်မွေးထုတ်တာ မဟုတ်ပါဘူး။ ဆရာဆိုတာ ဘယ်လိုလူမဆို လူကောင်းသူကောင်းတွေဖြစ်အောင် ပံ့ပိုးပေးရတာပါ။ မသန်စွမ်းပေမယ့် ဆိုးသွမ်းသူတွေလည်း အများကြီးပါပဲ။ ဒီလိုပဲ ဖြည်းဖြည်းချင်း ဆုံးမပဲ့ပြင်ရင်း အရည်အချင်းရှိလာအောင် လုပ်ဆောင်ပေးပါတယ်”ဆိုပြီး သူ့အတွေ့အကြုံကို ပြောပြခဲ့သည်။

မသန်စွမ်းသူတို့ ထူးချွန်ပြီဆိုလျှင် လူကောင်းများထက် ပိုမိုသာလွန်တတ်သည်ဆိုသော လူအများ၏ ထင်မြင်ချက်ကိုမူ-

“သူတို့အားနည်းချက်ကို ဇာမချဲ့ဘဲ အားသာချက်အတိုင်း အစွမ်းကုန်ကြိုးစားတဲ့သူက အရမ်းကို အောင်မြင်ထူးချွန်သွားကြတာပဲ။ မျက်စိမမြင်တဲ့သူက နားအရမ်းပါးတယ်၊ မှတ်ဉာဏ်အရမ်းကောင်းတယ်၊ မျက်မမြင်တိုင်း အဲလိုတော့မဟုတ်ဘူး၊ ငပျင်းမျက်မမြင်တွေအများကြီး . . မှတ်ဉာဏ်ကောင်းရဲ့သားနဲ့ မကြိုးစားတဲ့သူတွေလည်း အများကြီးပဲ၊ အဲဒီတော့ လေ့ကျင့်တာများလာလေ၊ ထူးချွန်လာလေပဲ။ ကိုယ့်အားသာချက်ကို အသုံးချနိုင်ရင် လူတော်၊ အသုံးမချနိုင်ရင် လူညံ့ . . ဒါပါပဲ”ဟု ဦးမြတ်သူဝင်းက ပြောပြခဲ့သည်။

စိတ်ဓာတ်မြှင့်တင်ရေးအတွက် အခါအားလျော်စွာ ဟောပြောပို့ချလေ့ရှိသည့် ဦးမြတ်သူဝင်းက ဘဝရပ်တည်ရှင်သန်မှုနှင့် ပတ်သက်ပြီး အမြဲအားပေးလေ့ရှိသည့် စကားမှာ “လဲမှာကို မကြောက်နဲ့၊ ပြန်မ ထနိုင်မှာကိုပဲ ကြောက်”ဆိုသော စကားဖြစ်သည်။ “မသန်စွမ်းဖြစ်တာနဲ့ စိတ်ဓာတ်ကျနေလိမ့်မယ်လို့ လူတွေရဲ့ထင်မြင်ချက်က အမြဲတမ်းမမှန်ပါဘူး။ ဒါပေမဲ့ မသန်စွမ်းဖြစ်သွားတဲ့အပေါ် သူတစ်ပါးသနားစိတ်ဝင်အောင် အခွင့်အကောင်းယူပြီး စိတ်ဓာတ်ကျနေပါတယ်လို့ ပြောတဲ့သူတွေလည်း အများကြီးပဲ။ တကယ်တော့ ဘာမှစိတ်ဓာတ်ကျနေတာ မဟုတ်ပါဘူး။ စိတ်ဓာတ်ကျခြင်း၊ တက်ခြင်းဆိုတာ တကယ်တမ်းတော့ လူအပေါ်မှာပဲ မူတည်တယ်ထင်ပါတယ်။

ကျွန်တော်ဆိုရင် ဘာမှမလုပ်နိုင်ဘူး၊ ရေသောက်တာ၊ ဖိနပ်စီးတာ၊ အဝတ်အစားလဲတာက အစ ၂၄ နာရီစလုံး သူများလုပ်ပေးနေရတာလေ။ လူကောင်းတစ်ယောက် တစ်ခါတလေသာ ဖျားနာလို့ ခုတင်ပေါ်လဲနေတဲ့အခါ သူများလုပ်ပေးတဲ့အတိုင်းနေရရင် စိတ်တိုင်းကျချင်မှ ကျတာလေ။ ဒီတော့ အဆင်မပြေဘူးဆိုတာတော့ ရှိတာပေါ့။ မျက်စိမမြင်တဲ့သူ၊ နားမကြားတဲ့သူ၊ ခြေလက်မကောင်းတဲ့သူတွေဆိုရင် သူများထက်ပိုပြီး စိတ်ဓာတ်ကျတယ်လို့ ထင်စရာအကြောင်းတော့ ရှိတာပေါ့။ ဒါပေမဲ့ လူဆိုတာ ကိုယ့်ဘဝနဲ့ကိုယ်ပျော်အောင် နေရတာပဲလေ။ သာမန်လူတစ်ယောက် ခြေထောက်ကျိုးလို့ တစ်ပတ်လောက် အိပ်ရာထဲလဲနေရင် ‘ငါ့ဘဝကံဆိုးလေခြင်း’လို့တွေးနိုင်တယ်လေ . . အဲဒီလိုသာတွေးနေရင် မွေးကတည်းက ဒီလိုဖြစ်တဲ့ ကျွန်တော်က လဲသေဖို့သာ ရှိတော့တာပေါ့။

တကယ်တော့ အမှန်တရားကို လက်ခံနိုင်ဖို့က အရေးကြီးပါတယ်။ ဘယ်နေရာသွားသွား၊ ဘယ်လိုလူတွေပဲတွေ့တွေ့ စိတ်ခွန်အားနဲ့ ရုပ်ခွန်အားလိုအပ်နေတဲ့အတွက် ကျွန်တော်က အားပေးစကား ပြောပါတယ်။ လူဆိုတာ ဘဝလုံခြုံမှုရှိရင် အားရှိတာပါပဲ။ ငါ့အမေရှိရင် အားရှိတယ်၊ ငါ့ဘဝအဖော်ရှိရင် အားရှိတယ်၊ ငါ့ဆရာရှိရင်အားရှိတယ် စသဖြင့် ဘဝလုံခြုံမှုရှိရင် အားရှိကြတာပါပဲ။ ဒီတော့ အားငယ်သွားတယ်ဆိုတဲ့ အချိန်ကာလအတိုင်းအတာဆိုတာ ကိုယ့်ကိုယ်ကိုယ်ဘဝအာမခံချက် မရှိတော့ဘူးလို့ ထင်တဲ့အချိန်မှာ အားငယ်တတ်တာပေါ့။

အားငယ်တာ၊ စိတ်ဓာတ်ကျတာက တဒင်္ဂအခိုက်အတန့်လေးပဲ ဖြစ်သင့်ပါတယ်။ အဆင်မပြေတာတွေကိုပဲ အမြဲတမ်း ပူဆွေးနေလို့ အဆင်ပြေလာစရာ အကြောင်းမှမရှိတာ။

ကျွန်တော်ဆိုရင် ကျွန်တော့်ကို လုပ်ကိုင်ပေးမယ့်သူ မရှိတော့ဘူးဆိုရင် စိတ်ဓာတ်ကျသွားတာပေါ့၊ ဒီတော့ အားငယ်တယ်၊ စိတ်ဓာတ်ကျတယ်ဆိုတာ လူတိုင်းမှာရှိတတ်ကြပါတယ်။ ဒါပေမဲ့ ဒီလို အားငယ်တာ၊ စိတ်ဓာတ်ကျတာက တဒင်္ဂအခိုက်အတန့်လေးပဲ ဖြစ်သင့်ပါတယ်။ အဆင်မပြေတာတွေကိုပဲ အမြဲတမ်းပူဆွေးနေလို့ အဆင်ပြေလာစရာ အကြောင်းမှမရှိတာ။

ဘာသာရေးအရ ပြောရရင် ဘာမှမမြဲဘူးလေ၊ ပျော်ရွှင်စရာဆိုလည်း မမြဲဘူး . . ဥပမာ လွန်ခဲ့တဲ့ ၁၀ နှစ်က ၁၀တန်းအောင်လို့ ပျော်ခဲ့ပေမယ့် အခုပြန်စဉ်းစားကြည့်ရင် ပျော်ချင်မှပျော်တော့မှာ၊ ဘာမှမမြဲဘူးလေ၊ ဒီလိုပဲ စိတ်ညစ်စရာဆိုလည်း မမြဲပါဘူး။ အဆင်မပြေလို့စိတ်ညစ်နေလည်း ညနေငါးနာရီက ထိုးသွားမှာပဲ၊ ညမိုးချုပ်သွားမှာပဲ။ အဆင်သင့်မဖြစ်သေးလို့၊ မပြေလည်သေးလို့ ညမရောက်ပါစေနဲ့လို့ ပြောလည်းမရပါဘူး။ မနက်ဖြန် စာမေးပွဲဖြေရမှာ စာမရသေးလို့ မနက်ဖြန်မရောက်ပါစေနဲ့လို့ ဆုတောင်းလည်းမရပါဘူး။ သဘာဝတရားက သူ့ဘာသာလည်ပတ်နေမှာပဲ . . အဲဒီတော့ ဝမ်းနည်းတယ်၊ စိတ်ဓာတ်ကျတယ်ဆိုတာကို မဖြစ်နဲ့လို့ ကျွန်တော်မတားပါဘူး။

ဒါပေမဲ့ ဒီအရာကြီးပေါ်မှာပဲအာရုံစိုက်ပြီး အကျယ်ချဲ့တာမျိုးကတော့ မဖြစ်သင့်ပါဘူး။ စိတ်ဓာတ်ကျစရာရှိရင် ကျပါ . . ဒါပေမဲ့ ဒီအားနည်းချက်က ကိုယ့်အတွက် တွန်းအားဖြစ်လာအောင် လုပ်ကိုလုပ်ရပါမယ်။ နည်းနည်းလေး အဆင်မပြေတာတွေ့ရင် အဲဒီအတွက် အရမ်းကြိုးစားရင်းနဲ့ အရမ်းအောင်မြင်ချင်လည်း အောင်မြင်သွားနိုင်တာပါပဲ။ ဒီအခက်အခဲကိုပဲ ပူဆွေးနေမယ်၊ အကျယ်ချဲ့နေမယ်ဆိုရင် ပိုပြီးစိတ်ဓာတ်ကျစရာ အကြောင်းရှိလာမှာပါ။ ဒါကြောင့် လောကဓံနဲ့ တိုက်ခိုက်တဲ့အခါ သူတစ်ပြန်ကိုယ်တစ်ပြန် လက်ဝှေ့ကြိုးဝိုင်းထဲမှာ တိုက်ခိုက်သလိုမျိုး ချကြမှာပါပဲ။

လောကဓံကလည်း ကိုယ့်ကိုအလဲထိုးမှာပဲ၊ ကိုယ်ကလည်း ပြန်အလဲထိုးမှာပဲ . . လဲမှာကို မကြောက်ပါနဲ့၊ ပြန်မထနိုင်မှာကိုပဲ ကြောက်ရပါမယ်။ ပြန်မထနိုင်ရင်ရှုံးသွားမှာ . . အဲဒီတော့ အရှုံးမပေးဘဲ ပြန်ထနိုင်အောင် ကုန်းရုန်းကြိုးစားရမှာပါ။ ပြန်ထနိုင်အောင် ပညာ(အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်)၊ သက်လုံ (သီလ၊ သမာဓိ၊ ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားကျင့်ကြံမှု) စတာတွေ လိုအပ်ပါတယ်။

ရွာတွေသွားလို့ စိတ်ဓာတ်ကျနေပါတယ်ဆိုတဲ့ လူတွေတွေ့ရင် “ဘယ်မှာလဲကွ၊ စိတ်ဓာတ်ကျနေတယ်ဆိုတဲ့သူ ထွက်ခဲ့”ဆိုပြီး ရယ်မောပြီး အားပေးလိုက်တယ်။ သူရဲ့ဒုက္ခကို သွားမေးလိုက်ရင် သူက အဲဒီဒုက္ခနဲ့ အဆင်မပြေတာကိုပြောရင်း ပိုအကျယ်ချဲ့တော့မှာ၊ အဲဒါဆိုရင် သူ့ဒုက္ခက ပိုကြီးကျယ်သွားတော့မှာ. . ဒါကြောင့် ကျွန်တော်ကတော့ “စိတ်ဓာတ်ကျတယ်ဆိုတာ ဘယ်လိုပုံစံမျိုးလဲ မမြင်ဖူးလို့ ပြစမ်းပါ”ဘာညာဆိုပြီး အားပေးစည်းရုံးလိုက်ပါတယ်။ ဘဝဆိုတာ လောကဓံနဲ့ အလဲထိုးနေရတာပါ။ အစကတည်းက သူ့ကို အရှုံးမပေးဘဲ အပြတ်အသတ် အနိုင်ယူနိုင်အောင် အလဲထိုးထားလိုက်ပါ။ ဒါဆိုရင် ဘဝတစ်လျှောက်လုံး ရပ်တည်သွားနိုင်ပါလိမ့်မယ်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top