Healthy Life Ad
Life Style

မလိုအပ်ဘဲ ဆေးထိုးခြင်း(၃) (Unnecessary Injection)…

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

မနေ့က နောက်ထပ်ဖြစ်ရပ်လေးတစ်ခုကို လူနာဒေါ်စမ်းရီထံက စိတ်မကောင်းစွာ ကြားသိရတာလေးလည်း ပြောပြလိုက်ပါတယ်။

“အဒေါ်တို့တောမှာ နေမကောင်းဖြစ်တိုင်း ဆေးထိုးကြသလား”လို့ ဆရာမက မေးကြည့်လိုက်တော့-

” ဆေးမထိုးရင် ရောဂါမပျောက်နိုင်ဘူး၊ ကုလို့ မရနိုင်ဘူးလို့ အများစုက ဒီလိုပဲ ယူဆကြတာပဲ။ နေမကောင်းလို့ ဆရာဝန်ပြရင် ဆေးထိုးရမယ်ဆိုတာ လူတိုင်း သိနေတော့ ဆေးထိုး၊ မထိုး မေးစရာတောင် မလိုတော့ဘူး။ ဆေးထိုးတာ မကြိုက်ရင်လည်း မထိုးလို့ မရဘူးဆိုတော့ ဆေးထိုးခံလိုက်တာပါပဲ။ ဒါက ဒီရောဂါရဲ့ ကုထုံးပဲလို့ ယူဆထားတော့ စောဒက မတက်ကြပါဘူး။ ဒါပေမဲ့ ကျွန်မကတော့ ခင်ပွန်းသည် အားဆေးထိုးရက် တန်းလန်းကြီး ဆေးမတည့်လို့ သေသွားကတည်းက ဘာဆေးမှ အထိုးမခံရဲတော့ဘူး”

“အို . . ကြားရတာ စိတ်မကောင်းပါဘူး။ ဆေးမတည့်တာက ဖြစ်တတ်ပါတယ်။ ဒါနဲ့ ဖြေဆေးတွေ အသက်ကယ်ဆေးတွေ ပြန်မထိုးကြည့်ဘူးလား”
“အိမ်မှာ လာထိုးပေးတာဆိုတော့ ဘာအသက်ကယ်ဆေးမှ ပါမလာဘူး။ ဖြစ်ချင်တဲ့ သူ့ကုသိုလ်ကံ ပဲလေ”

အခု ဒီဖြစ်ရပ်လေး သုံးခုကို လေ့လာကြည့်ရင် ဆေးထိုးတာ ကောင်းကျိုးတွေ အများကြီး ရှိသလို တစ်ခါတစ်ရံမှာ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုး တွေရနိုင်ကြောင်း သင်ခန်းစာ ယူစရာတွေရှိပါတယ်။

ဆရာဝန်၊ ဆေးမှူးနဲ့ သူနာပြုတွေက မလိုအပ်ဘဲ ဆေးထိုးပေးခြင်း၊ လူနာဘက်က နေမကောင်းဖြစ်တိုင်း ဆေးထိုးခံယူလိုခြင်း၊ ဆေးထိုးပေးဖို့ တောင်းဆိုခြင်းတွေကို တတ်နိုင်သမျှ လျော့နည်းသွားစေဖို့ ရည်ရွယ်ချက်နဲ့ ဒီဆောင်းပါးကို ရေးတာ ဖြစ်ပါတယ်။ ဆေးထိုးတာက လိုအပ်လို့ထိုးရင် အကျိုးကျေးဇူး အများကြီး ရှိပါတယ်။

ဆေးထိုးတာ မကြိုက်ရင်လည်း မထိုးလို့မရဘူးဆိုတော့ ဆေးထိုးခံလိုက်တာပါပဲ။ ဒါက ဒီရောဂါရဲ့ ကုထုံးပဲလို့ ယူဆထားတော့ စောဒက မတက်ကြပါဘူး။ ဒါပေမဲ့ ကျွန်မကတော့ ခင်ပွန်းသည် အားဆေး ထိုးရက် တန်းလန်းကြီး ဆေးမတည့်လို့ သေသွားကတည်းက ဘာဆေးမှ အထိုးမခံရဲတော့ဘူး . . .

မလိုအပ်ဘဲ ဆေးထိုးခြင်းဆိုတာ ဘာကို ဆိုလိုပါသလဲ . . အရင်ဦးဆုံး အဓိပ္ပာယ်ဖွင့်ဆိုရမယ်ဆိုရင် ကုစရာ စားဆေး ရှိရက်နဲ့ ဆေးထိုးခြင်း၊ ဆေးအာနိသင် အလျင်အမြန်ထိရောက်ဖို့ လိုအပ်တဲ့ အရေးပေါ် အခြေအနေ မဟုတ်ဘဲ ဆေးထိုးခြင်းတွေကို ဆိုလိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လေ့လာသုံးသပ်ချက်အရ တချို့သော ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ၉၀ ရာ ခိုင်နှုန်းကျော်လောက်သော Primary Health Care Providers မိသားစုဆရာဝန်တွေဆီမှာ ဆေးကုသဖို့ ပြတဲ့ လူနာတွေဟာ အနည်းဆုံးဆေးတစ်ချောင်း ထိုးခံရတယ်လို့ဆိုပါတယ်။ ဒါက တစ်ကမ္ဘာလုံး ခြုံပြောတာပါ။ အင်ဒိုနီးရှားနဲ့ တန်ဇာနီးယား နိုင်ငံတွေမှာ လေ့လာချက်အရ ၇၀ ရာခိုင်နှုန်းသော ဆေးထိုးနှံတာ (သောက်ဆေးသုံးနိုင်ပါရက် မသုံးဘဲ)မလိုအပ်ဘဲ ထိုးတာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ အခုလို စစ်တမ်းမျိုး မရှိသေးလို့ ဘယ်လောက်ရှိမလဲဆိုတာ မဖော်ပြနိုင်ပါဘူး။

မလိုအပ်ဘဲ ဆေးထိုးခြင်းရဲ့ ခေါင်းစဉ်အောက်မှာ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်တဲ့ မလုံခြုံတဲ့ ဆေးထိုးခြင်းစနစ် (Unsafe Injection) ကိုပါ တစ်ပါတည်း ထည့်ပြောဖို့ လိုပါတယ်။

ကမ္ဘာပေါ်မှာ ဆေးထိုးတာက အများဆုံးသော ကျန်းမာရေးအတွက် လုပ်ဆောင်ချက် (health care procedure)ပဲ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ တစ်နှစ်လုံး ဆေးထိုးတဲ့ အကြိမ်ပေါင်း ၁၆ သန်း (ဘီလျံ) ရှိတယ်လို့(sisteresources.worldbank.org)မှာ ဖော်ပြထားပါတယ်။ အများအားဖြင့် ၉၀မှ ၉၅ ရာခိုင် နှုန်းကတော့ ဆေးကုသပေးဖို့ ဆေးထိုးရတာ ဖြစ်ပါတယ်။ ၅ မှ ၁၀ ရာခိုင်နှုန်းကတော့ ကာကွယ်ဆေး ထိုးတာ ဖြစ်ပါတယ်။ ဆေးထိုးတာက မကြာခဏ မလိုအပ်ဘဲ ထိုးတာ ဖြစ်ပြီး တစ်ခါတစ်ရံ ဘေးအန္တ ရာယ် မကင်းပါဘူး။ ဆေးထိုးရင် ဘာဆိုးကျိုးတွေ ရနိုင်သလဲဆိုတာ ဆက်လက်ဖော်ပြပါမယ်။

ဆက်လက်ဖော်ပြပါမည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top