Healthy Life Ad
International

သားအိမ်အစားထိုးပြီးနောက် ကလေးမွေးနိုင်ခဲ့သည့် ကမ္ဘာ့ပထမဆုံးအမျိုးသမီး

၊ မိုးမင်းထွန်း ၊

မာလင်စတင်းဘာ့ဂ်ဟာ ၁၅နှစ်သမီးအရွယ်က သားအိမ်မပါခဲ့တာကို သိရှိခဲ့ပါတယ်။

သူဟာ MRKH ဆိုတဲ့ မျိုးဗီဇရောဂါတစ်ခုကို ခံစားခဲ့ရပြီး သားအိမ်မပါဘဲ မွေးဖွားလာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က မိသားစုမိတ်ဆွေတစ်ယောက်ရဲ့ သားအိမ်လှူဒါန်းမှုကြောင့် ဆွီဒင်နိုင်ငံ၊ ဂိုသင်ဘတ်ဆေးရုံမှာ သားအိမ်အစားထိုးမှုတစ်ခုကို ခံယူခဲ့ပါတယ်။ သူ့အရင်က သားအိမ်အစားထိုးမှုတွေပြုလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ကြပါဘူး။ သားအိမ်ကို အောင်မြင်စွာအစားထိုးနိုင်ခဲ့ပြီးနောက် မာလင်က ဖန်ပြွန်သန္ဓေနည်းနဲ့ ကလေးရယူဖို့ ကြိုးစားခဲ့ပါတယ်။ ပထမအကြိမ် ကြိုးစားမှုမှာပဲ ကိုယ်ဝန်ရှိလာခဲ့ပါတယ်။ အစားထိုးမှုပြုလုပ်ခဲ့ပြီး တစ်နှစ်ကျော်အကြာမှာ မာလင်က သားဦးလေး ဗင်းဆင့်ကိုမွေးဖွားနိုင်ခြင်းနဲ့အတူ သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။

ဗင်းဆင့်မွေးဖွားနိုင်ခဲ့ပြီးနောက်မှာ အလားတူနည်းနဲ့ပဲ တခြားအမျိုးသမီးတွေက ယောကျာ်းလေးသုံးယောက်၊ မိန်းကလေးတစ်ယောက်တို့ကို မွေးဖွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ နိုင်ငံအသီးသီးကလည်း သားအိမ်အစားထိုး ကလေးမွေးဖွားမှုတွေကို ကိုယ်ပိုင်အစီအစဉ်တွေနဲ့ ပြုလုပ်လာကြပြီဖြစ်ပါတယ်။ ခန့်မှန်းခြေအရ ဗြိတိန်နိုင်ငံမှာ အမျိုးသမီး ၁၅၀ဝ၀ကျော်ဟာ သားအိမ်မပါဘဲ မွေးဖွားလာကြကာ တချို့အမျိုးသမီးတွေက ကင်ဆာနဲ့တခြားရောဂါတွေကြောင့် သားအိမ်ထုတ်ထားရတယ်လို့သိရပါတယ်။

ဗင်းဆင့် မွေးဖွားပြီးနောက် သားအိမ်အသစ်က ဒုတိယကိုယ်ဝန်ဆောင်ဖို့ မသင့်တော်တာကြောင့် ဖယ်ရှားခဲ့ရကြောင်းလည်း မာလင်က ပြောပြပါတယ်။ သူ့အဖြစ်အပျက်က ဘဝတူအမျိုးသမီးတွေ မိသားစုဘဝထူထောင်ရာမှာ အားမလျှော့ဖို့ တွန်းအားပေးနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ဆက်ပြောပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top