Healthy Life Ad
International

အမျိုးသမီးများကဲ့သို့ပင် သက်ကြီးအမျိုးသားများတွင် ကလေးယူရန် အခက်အခဲရှိနိုင်ဟုဆို

၊ မိုးမင်းထွန်း ၊

အသက်ကြီးအမျိုးသမီးတွေမှာသာ ကိုယ်ဝန်ဆောင်အန္တရာယ်ရှိနိုင်ပြီး အမျိုးသားတွေမှာ ဘယ်အရွယ်မဆို ကလေးယူဖို့ ပြဿနာမရှိနိုင်ဘူးလို့ အစဉ်အလာယူဆထားကြပါတယ်။ ဒါပေမဲ့ သုတေသနအသစ်တွေအရ အမျိုးသားတွေဟာလည်း ဖခင်တစ်ယောက်ဖြစ်ဖို့ အရွယ်လွန်တဲ့အထိ မနေသင့်ကြောင်း ညွှန်ပြနေကြပါတယ်။

အမေရိကန် ဆန်အန်တိုနီယိုမျိုးပွားဆေးပညာအဖွဲ့မှပြုလုပ်တဲ့ သုတေသနအရ အသက်ကြီးအမျိုးသားတွေရဲ့ သုက်ကောင်တွေမှရရှိတဲ့ သန္ဓေသားလောင်းတွေဟာ ကြီးထွားနှုန်းနှေးကွေးတာကို တွေ့ရှိခဲ့ကြပါတယ်။ သုတေသီတွေက သားလောင်း ၃၅၃၂ ရဲ့ မှတ်တမ်းတွေကို စစ်ဆေးခဲ့ကြပါတယ်။ အသက် ၅၀ ကျော်အမျိုးသားတွေရဲ့ သုက်ကောင်တွေမှရရှိတဲ့ သန္ဓေသားလောင်းတွေဟာ အသက် ၃၅ နှစ်အောက် အမျိုးသားတွေမှရရှိတဲ့ သန္ဓေသားလောင်းတွေထက် ၃၅ရာခိုင်နှုန်း ကြီးထွားနှုန်းနှေးတာကိုတွေ့ရှိခဲ့ပါတယ်။

နယူးယော့ခ် ဝီရယ်ကော်နယ်ဆေးပညာဌာနမှ သုတေသီတွေကလည်း အမျိုးသားတွေ အသက်ကြီးလာလေ သူတို့သုက်ကောင်တွေမှာ DNA ပြဿနာဖြစ်နိုင်တဲ့ ဆဲလ်မျိုးကွဲမှုတွေ ပိုမိုဖြစ်ပေါ်လေ့ ရှိကြောင်းတွေ့ရှိခဲ့ပါတယ်။ သုတေသီတွေက အသက်အငယ်ဆုံး ၂၅ နဲ့ ၃၀ နှစ်ကြားနဲ့ အသက်အကြီးဆုံး အသက် ၅၀ ကျော်အုပ်စုပါဝင်တဲ့ အမျိုးသားအသက်အရွယ်အုပ်စု ၇ စုခွဲလေ့လာခဲ့ကြပါတယ်။ အသက်အငယ်ဆုံးအုပ်စုက ကိုယ်ဝန်ရရှိနှုန်း ၈၇ ဒသမ ရ ရာခိုင်နှုန်းနဲ့အမြင့်ဆုံးဖြစ်ပြီး အသက် ၅၀ ကျော် အုပ်စုက ၄၆ ရာခိုင်နှုန်းနဲ့ ကျဆင်းသွားတာကို တွေ့ရှိခဲ့ကြပါတယ်။
အသက်ကြီးအမျိုးသားတွေရဲ့ သုက်ကောင်တွေမှာ aneuploidy ခေါ်တဲ့ ဆဲလ်တွေထဲမှာ ခရိုမိုဆုမ်းပမာဏနည်းလွန်းများလွန်းတဲ့ မူမမှန်အခြေအနေ ဖြစ်ပေါ်တာကိုတွေ့ရှိခဲ့ရပြီး ဒီအခြေအနေက ကျန်းမာတဲ့ သန္ဓေသားလောင်းဖြစ်ပေါ်ဖို့ ရာခိုင်နှုန်းနည်းပါးစေတယ်လို့ သိရှိရပါတယ်။ အမျိုးသမီးတွေ လိုပဲအသက်ကြီးအမျိုးသားတွေမှာ ကလေးယူဖို့ အခက်အခဲရှိနိုင်ကြောင်း အိမ်ထောင်သည်တွေသိရှိဖို့ ပညာပေးသင့်ကြောင်း သုတေသီတွေက တိုက်တွန်းထားကြပါတယ်။

(Ref;MEN)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top