Healthy Life Ad
Life Style

ကိုယ့်အားနည်းချက်ကို မေ့ထားပြီး အားသာချက်အတိုင်း ကြိုးစားနေတဲ့ ကိုရဲသီဟ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
ထူးချွန်တဲ့မသန်စွမ်းတွေကိုကြည့်ပြီး မသန်စွမ်းလည်း ကိုယ်ရဲ့အားနည်းချက်ကို မကြည့်ဘဲ အားသာချက်ကို ဖော်ထုတ်ပြီး ကြိုးစားရင် နေရာရနိုင်တာပဲလို့ တွေးမိတယ်။ အဲဒီကနေ ကွန်ပျူတာသင်တန်းပြီးသွားတဲ့ နောက်မှာ ၁၀ တန်း စာတွေပြန်လုပ်တယ်။ အဲဒီနှစ် အောင်အောင်ဖြေတယ်၊ တကယ်ကြိုးစားတော့ အောင်သွားတယ် . . .

လမ်းလျှောက်တတ်ချိန်တွင် သူများနှင့် မတူဘဲ အရပ်ပုနေကြောင်း မိဘများက ပြောပြခဲ့သော်လည်း ရဲသီဟလေးသည် ထိုအားနည်းချက်အတွက် ထူးထူး ထွေထွေ မခံစားခဲ့ရ။ သူငယ်တန်းမှစ၍ ဒသမ တန်းအောင်သည်အထိ ပညာသင်ယူခဲ့သော ဗဟန်း အ.ထ.က(၂)တွင်လည်း အတန်းဖော်သူငယ်ချင်းများ၏ ချစ်ခင်စောင့်ရှောက်ဂရုစိုက်မှုနှင့်အတူ ပျော်ရွှင်စွာဖြတ်သန်းခဲ့သူ ဖြစ်သည်။

“ ငယ်ငယ်ကတည်းက ကျွန်တော့်အားနည်းချက်အတွက် သူငယ်ချင်းတွေ လှောင်ပြောင်တာတွေကို သိပ်ပြီးမခံခဲ့ရပါဘူး။ ကျွန်တော့် အတန်းဖော်သူငယ်ချင်းတွေ အကုန်လုံးကလည်း ကျွန်တော့်ကိုဆိုရင် ချစ်ကြတယ်၊ ဂရုစိုက်ကြတယ်လေ၊ အဲဒီအတွက် အေးအေးဆေးဆေး ဖြတ်သန်းနိုင်ခဲ့ပါတယ်”ဟု ရဲသီဟက ဆိုသည်။

မြောက်ဒဂုံတွင် မိဘနှစ်ပါးနှင့်အတူ နေထိုင်ခဲ့သော တစ်ဦးတည်းသောသားလေး ရဲသီဟအတွက် ငယ်ဘဝအိပ်မက်မှာ ကွန်ပျူတာနှင့် ပတ်သက်သည့် အလုပ်အကိုင်တွင် ထူးချွန်ချင်သူ ဖြစ်သည်။ သို့ဖြစ်ရာ ဂျာနယ်တစ်စောင်၌ ရွှေမင်းသား ဖောင်ဒေးရှင်းက မသန်စွမ်းသူများအား ကွန်ပျူတာ အခမဲ့ သင်ပေးကြောင်း သတင်းဖတ်ရသည့်အခိုက် ရဲသီဟ ဝမ်းသာသွားသည်။ ထိုအချိန်က ရဲသီဟ ၁၀ တန်းစာမေးပွဲ မအောင်မြင်သေးဘဲ ပညာကို ဆက် လက် ကြိုးစားချင်စိတ် မရှိချိန် ဖြစ်သည်။

“ ကျွန်တော် အဲဒီသတင်းလေး ဖတ်ရတော့ ရွှေမင်းသားဖောင်ဒေးရှင်းမှာ သင်တန်းလာတက်ပါတယ်။ သင်တန်းလာတက်တဲ့အချိန် မျှော်စင်ကျွန်းမှာ မသန်စွမ်းတွေအတွက် ရန်ပုံငွေဖျော်ဖြေပွဲတစ်ခုရှိတာနဲ့ ကျွန်တော် ပြဇာတ်တစ်ခုမှာ ပါဝင်ဖျော်ဖြေခဲ့ပါတယ်။ ကွန်ပျူတာ သင်တန်းတက်ချိန်မှာကော အဲဒီလိုဖျော်ဖြေရာမှာပါ တခြား မသန်စွမ်းအစ်ကို၊ အစ်မတွေကို တွေ့ရပါတယ်။ အဲဒီလို တွေ့ရတော့ ထူးချွန်တဲ့ မသန်စွမ်းတွေကို ကြည့်ပြီး မသန်စွမ်းလည်း ကိုယ်ရဲ့ အားနည်းချက်ကို မကြည့်ဘဲ အားသာချက်ကို ဖော်ထုတ်ပြီး ကြိုးစားရင်နေရာရနိုင်တာပဲလို့ တွေးမိတယ်။ အဲဒီကနေ ကွန်ပျူတာသင်တန်းပြီးသွားတဲ့ နောက်မှာ ၁၀ တန်းစာတွေ ပြန်လုပ်တယ်။ အဲဒီနှစ် အောင်အောင်ဖြေတယ်၊ တကယ်ကြိုးစားတော့ အောင်သွားတယ်။ အဲဒီ နောက်ပိုင်း ဆရာဦးမြတ်သူဝင်း (ရွှေမင်းသားဖောင်ဒေးရှင်း၊ ဥက္ကဌ)ဆီမှာ အလုပ် လုပ်ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်တက်တော့မှ အလုပ်နားလိုက်ပါတယ်” ဟု ရဲသီဟက သူ ဒသမတန်း ဖြေဆိုရာမှာ တွန်းအားရရှိခဲ့ပုံကို ပြန်ပြောင်းပြောပြခဲ့သည်။

ငယ်စဉ်ကတည်းက ကွန်ပျူတာကို စိတ်ဝင်စားသူ ရဲသီဟသည် ၁၀ တန်းအောင်ပြီး ဗိုလ်တစ်ထောင်က လူ့စွမ်းအားအရင်းအမြစ်မွှှု IT ဒီပလိုမာရရှိခဲ့ကြောင်း၊ စီးပွားရေးအထူးပြုမေဂျာဖြင့် တက္ကသိုလ် ဆက်တက်ရာ ဒုတိယနှစ်အထိသာ တက်ရောက်ခဲ့ကြောင်း သိရသည်။

“ အဲဒီအချိန်မှာ မိုဘိုင်းဖုန်းတွေက အရမ်းခေတ်စားလာတယ်ဗျာ။ ကျွန်တော်က ငယ်ငယ်ကတည်းက ကွန်ပျူတာနဲ့ဖုန်းကလိရတာ ဝါသနာပါတော့ ကျွန်တော် တက္ကသိုလ်ဆက်မတက်တော့ဘဲ မိုဘိုင်းဖုန်းလောကထဲ ဝင်လိုက်ပါတယ်။ မိုဘိုင်းဖုန်းနဲ့ပတ်သက်တဲ့ အလုပ်တွေကို ဆက်လုပ်ခဲ့တာ အပြင်ဆိုင်တွေမှာ သုံးနှစ်လောက်ကြာသွားခဲ့ပါတယ်”ဟု ရဲသီဟက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ လလယ်ပိုင်းတွင် ရဲသီဟသည် ချစ်သူ မအေးအေးသင်းနှင့် အိမ်ထောင်ပြုခဲ့ပြီးနောက် ကိုယ်ပိုင် မိုဘိုင်းဖုန်းဆိုင် ဖွင့်ဖြစ်ခဲ့ကြောင်း သိရသည်။
“ ကျွန်တော့်အမျိုးသမီးက နယ်ကပါ။ ကျွန်တော့် အဒေါ်နဲ့ သူ့ဦးလေးနဲ့ မလေးရှားမှာ တွေ့ပြီး အိမ်ထောင်ကျခဲ့ပါတယ်။ အဲဒီကနေ ဟိုဘက်ဆွေမျိုး၊ ဒီဘက်ဆွေမျိုး သွားလည်ကြရင်း သူနဲ့ ဆုံခဲ့တာပါ။ ကျွန်တော်တို့အချင်းချင်း ချစ်ကြိုက်သွားရာက မိဘတွေကလည်း သဘောတူတာနဲ့ ယူဖြစ်သွားတာပါ။ အိမ်ထောင်ရေးကတော့ အဆင်ပြေပါတယ်။ အဆင်မပြေတာက မိုဘိုင်းဖုန်းဆိုင်ပဲ. . ဒါနဲ့ နှစ်နှစ်လောက် ကြာတဲ့အချိန်မှာ အဆင်မပြေတာနဲ့ ဆိုင်ပိတ်လိုက်ပြီး ဆရာ ဦးမြတ်သူဝင်း (ရွှေမင်းသား ဖောင်ဒေးရှင်း ဥက္ကဌ)ဆီမှာ အလုပ် ပြန်ဝင်ဖြစ်ခဲ့ပါတယ်”ဟု ရဲသီဟက သူ့အိမ်ထောင်ရေးနှင့် အလုပ်အကိုင်အခြေအနေကို ပြောပြခဲ့သည်။

ယခုအခါ အသက် ၂၅ နှစ်အရွယ် ရဲသီဟသည် သုံးပေကျော်သာရှိသည့် အရပ်အမောင်းအတွက် တစ်ခါမှပင် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ဖူးသူ မဟုတ်ပေ။
“ မွေးဖွားပြီး ကြီးပြင်းလာချိန်မှာ ကျွန်တော့် အရပ်က ပုပေမယ့် ငယ်ငယ်ကတည်းက ကျွန်တော့်ကိုယ်ကျွန်တော် မသန်စွမ်းတစ်ယောက်လို့ မခံယူထားပါဘူး။ အခု ကျွန်တော် မသန်စွမ်းသူတွေကို ကူညီတဲ့ ဖောင်ဒေးရှင်းမှာ အလုပ်လုပ်ပေမယ့်လည်း ကျွန်တော့်ကိုယ် ကျွန်တော် မသန်စွမ်းတစ်ယောက်လို့ခံယူပြီး လုပ်နေတာ မဟုတ်ပါဘူး။ ဆရာဦးမြတ် သူဝင်းလိုပဲ မသန်စွမ်းတွေကို ကိုယ်တတ်နိုင်သလောက် ကူညီပေးမယ်၊ အိမ်ထောင်လည်း ရှိတဲ့အတွက် ဝမ်းစာအတွက် အလုပ်လုပ်နေတာ ဖြစ်ပါတယ်။ ကားစီးရာ၊ အပြင်ထွက်ရာမှာလည်း ကျွန်တော်က ဘယ်သူ့ကိုမှ သိပ်သတိမထားမိပါဘူး။ ဘတ်စ်ကားစီးရင်လည်း အဓိကçက နေရာရဖို့ ထိုင်ခုံကိုပဲ ကြည့်ဖြစ်ပါတယ်၊ ကားသမားတွေ အကုန်လုံးနဲ့လည်း သိကျွမ်းရင်းနှီးနေပါပြီ။

မသန်စွမ်းတွေကို ကျွန်တော်ကူညီတာက ရွှေမင်းသားဖောင်ဒေးရှင်းက မသန်စွမ်းတွေကိုမှ မသန်စွမ်းလို့ သတ်မှတ်ပြီး ကူညီပေးတာ မဟုတ်ပါဘူး။ လမ်းခရီးသွားတဲ့အခါ ဘယ်နေရာမှာပဲ တွေ့တွေ့ မသန်စွမ်းတွေဆိုရင် ကိုယ်တတ်နိုင်တဲ့ဘက်က ကူညီပေးလိုက်တာပါပဲ။

လွန်ခဲ့တဲ့နှစ်ရက်လောက်က ဆရာဦးမြတ်သူဝင်းက မုံရွာမှာရှိတဲ့ လူငယ့်ရေးရာ မူဝါဒရေးဆွဲဖို့အတွက် Myanmar Youth Forum ကို သုံးရက်လောက် တက်ခိုင်းလိုက်ပါတယ်။ အဲဒီမှာလည်း မသန်စွမ်းအဖွဲ့အစည်းတွေကလာတဲ့ မသန်စွမ်းတွေရှိသလို တခြားတိုင်းနဲ့ပြည်နယ် အသီးသီးကလာတဲ့ မသန်စွမ်းတွေလည်း ရှိပါတယ်။ အဲဒီအခါကျတော့ ကျွန်တော်ကတော့ အမျိုးသားအိပ်ဆောင်ကနေ ထမင်းစားဆောင်ကို သွားပြီး စားနိုင်တာပေါ့။ ဒါပေမဲ့ အဲဒီကိုသွားပြီး မစားနိုင်တဲ့ မသန်စွမ်းတွေရှိပါတယ်။ အဲဒီအခါကျတော့ သူတို့စားရေးသောက်ရေး အဆင်ပြေအောင် ကိုယ်တိုင်ပို့ပေးတာမျိုးမဟုတ်ပေမယ့် တစ်ယောက်ယောက်က သွားပို့ပေးအောင် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပြောပေးတာ၊ ကူညီပေးတာတို့ လုပ်ပေးပါတယ်”ဟု ရဲသီဟက မသန်စွမ်းများအပေါ် သူ့သဘောထားနှင့် ဖေးမကူညီမှုတို့ကို ပြောပြ ခဲ့သည်။

ငယ်ငယ်ကတည်းက ကွန်ပျူတာနှင့် ဖုန်းကို အထူးတလည် စိတ်ဝင်စားခဲ့သော ရဲသီဟသည် ယခုအခါ ကွန်ပျူတာအလုပ်ကို လုပ်ကိုင်နေရသဖြင့် သူ့ ဆန္ဒနှင့် ဘဝ လက်တွေ့ကျကြောင်း သိရသည်။

“ ရွှေမင်းသားဖောင်ဒေးရှင်းမှာ ကျွန်တော် အခုလက်ရှိလုပ်နေတာက စာမူရိုက်တာ၊ ဒီဇိုင်းလုပ်တာတို့ လုပ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်း ဝင်စာ၊ ထွက်စာ၊ လပတ်အစီရင်ခံစာ အဲဒါမျိုးတွေကိုတော့ ကျွန်တော်ပဲလုပ်ပေးတာပါ”ဟု ရဲသီဟက ဆိုသည်။

မသန်စွမ်းသည့်အတွက် စိတ်အားငယ်သူ၊ လူတောထဲ မသွားလာရဲသူ မသန်စွမ်းသူများအတွက် ရဲသီဟ အပြောပြချင်ဆုံး အားပေးစကားတစ်ခွန်းမှာ “ ကိုယ်ရဲ့ အားနည်းချက်ကို မေ့ထားလိုက် ”ပင်ဖြစ် သည်။

“ ဘာမှစိတ်ဓာတ်ကျနေစရာ မလိုပါဘူး။ ကိုယ်ရဲ့ အားနည်းချက်ကို မေ့ထားလိုက် . . ကျွန်တော်ဆို ငယ်ငယ်လေးကတည်းက အမေတို့ ပြောတာတော့ လမ်းလျှောက်တတ်မှ ဖြစ်တယ်လို့ ပြောတာပဲ။ ဒါပေမဲ့ ကျွန်တော်သိတဲ့ အချိန်ကတည်းကဆိုရင် ငယ်ငယ်ကတည်းကပဲ အရပ်က ပုနေတာဆိုတော့ ကိုယ့်အားနည်းချက်ကို သတိမထားမိတော့ဘူး။ အဲဒီအတွက် ကိုယ့်ကိုယ်ကိုယ် မသန်စွမ်းတစ်ယောက်လို့ မခံယူထားပါဘူး။ အဲဒီလိုပဲ တခြားသူတွေကို ပြောချင်တာက ကိုယ့်အားနည်းချက်ကို မေ့ထားလိုက်၊ ကိုယ်ဘာလုပ်နိုင်လဲဆိုတာကို စဉ်းစားပြီး ကိုယ်လုပ်နိုင်တဲ့ အရာတစ်ခုကို ဇောက်ချပြီး လုပ် . . အဲဒါဆိုရင် ထူးချွန်လာမှာပဲ”

ရှေ့ဆက်ပြီး လျှောက်လှမ်းမည့် အနာဂတ်နှင့် ပတ်သက်ပြီး ရဲသီဟက-
“ အိမ်ထောင်ကျပြီး နောက်ပိုင်း ကိုယ်ပိုင် အလုပ်လုပ်ဖြစ်ခဲ့ချိန်မှာ စိတ်ဖိစီးမှုက တအားများတယ်လေ . . အဲဒါနဲ့ ဆိုင်ပိတ်ပြီး အေးအေးဆေးဆေး နေတော့မယ်လို့တွေးပြီး ဆရာ့ဆီမှာ အလုပ်ဝင်ခဲ့တယ်။ နောင်လည်း အမြဲတမ်း ဒီမှာပဲ ကြိုးစားပြီး အလုပ်လုပ်နေမှာပါ. . ကျွန်တော် နောက် ၁၀ နှစ် လောက်ဆိုရင်တော့ ဘုန်းကြီး ဝတ်ဖြစ်မလားပဲ”ဟု ရယ်ရယ်မောမော ပြောပြခဲ့ပါသည်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top