Healthy Life Ad
Life Style

လေဖြန်းခြင်းအကြောင်း သိကောင်းစရာ

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီးနှင့်) တွေ့ဆုံဆွေးနွေးခြင်း

မေး ။ ။ လေဖြန်းတာက ဘာကြောင့် ဖြစ်ရတာပါလဲ ဆရာ။

ဖြေ ။ ။ အအေးမိတဲ့အတွက် Herpes ဗိုင်းရပ်စ်ပိုး ကူးစက်ရာက အာရုံကြောတွေရောင်ရမ်းလာပါတယ်။ အထူးသဖြင့် မျက်နှာအာရုံကြောရောင်ပြီး ကြီးလာပါတယ်။ အဲဒီမျက်နှာအာရုံကြောက ယေဘုယျအားဖြင့် ဦးခေါင်းခွံအပေါက်လေးကနေ ထွက်တာဖြစ်တဲ့အတွက် မျက်နှာအာရုံကြောက ရောင်နေတော့ညပ်ပြီး သူ့ကို ထောက်ပံ့နေတဲ့ ကြွက်သားတွေက အားနည်းသွားပါတော့တယ်။ အဲဒီအခါ ပါးတစ်ခြမ်းရွဲ့သွားတယ်၊ လေဖြန်းသွားတယ်လို့ ပြောကြတာဖြစ်ပါတယ်။ ပါးတစ်ခြမ်းရွဲ့ရတဲ့ အကြောင်းရင်းက အအေးမိရာကနေ ပိုးဝင်ရောင်ရမ်းပြီး ထွက်လာတဲ့အပေါက်မှာ ညပ်သွားလို့ ဖြစ်ရတာပါ။

မေး ။ ။ ဘယ်လိုလူတွေက လေဖြန်းနိုင်ခြေများတတ်ပါသလဲ ဆရာ။

ဖြေ ။ ။ ဘယ်အသက်အရွယ်မဆို ကလေးရောလူကြီးပါ အအေးမိရင် လေဖြန်းနိုင်ခြေများပါတယ်။ ဒါက လေဖြတ်သလို ဦးနှောက်ထဲသွေးခဲသွားပိတ်လို့ ဖြစ်တာမဟုတ်ဘဲနဲ့ အာရုံကြောညပ်ပြီး ဖြစ်ရတာပါ။ ဒီတော့ အေးတာကြိုက်တဲ့သူတွေ၊ လေအေးတိုးတာ ခံတဲ့သူတွေသတိထားရမှာ ဖြစ်ပါတယ်။ ဘယ်ညာအာရုံကြောနှစ်ခုရှိတဲ့ အနက် ဘယ်ဘက်က လေအေးအတိုးခံရရင် ဘယ်ဘက်အာရုံကြော ထိခိုက်ပြီး အဲဒီအခြမ်းလေဖြန်းတတ်ပါတယ်။ အဲဒီအခါ ဖြစ်တဲ့ဘက်က ပါးတစ်ခြမ်းအားနည်းသွားတဲ့အတွက် အဲဒီဘက်ကသွားစေ့လို့ မရဘူး၊ အဲဒီဘက်က မျက်စိမှိတ်လို့မရဘူး၊ အစာစားရင် အားနည်းတဲ့ ဘက်အခြမ်း နှုတ်ခမ်းထောင့်ကနေအစာ နဲ့ ရေတွေ ယိုယိုနေတတ်ပါတယ်။ အဲဒါက လေဖြန်း တဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

မေး ။ ။ လေဖြန်းတာနဲ့ ပတ်သက်ပြီး ဆရာ့အတွေ့အကြုံ ရှိရင်ပြောပြပေးပါ ဆရာ။

ဖြေ ။ ။ ပြီးခဲ့တဲ့ နှစ်ပတ်အကြာကပဲ ဆရာ့တူလေး တစ်ယောက်က ခရီးသွားတယ်၊ ရှေ့ခန်းမှာထိုင်တော့ အဲကွန်းတောက်လျှောက်ခံပြီး အေးနေပေမယ့်အားနာလို့ ကားသမားကိုမပြောဘူး။ အဲဒီတော့ ခရီးက ပြန်လာတဲ့ အခါမှာအဲဒီ အဲကွန်းလေအေးဒဏ်ခံရတဲ့ မျက်နှာဘက်ခြမ်းက အာရုံကြောတွေ အလုပ်မလုပ်တော့ဘဲ မျက်နှာ လေ ဖြန်းသွားပါတယ်။ မျက်နှာကို အဲကွန်းလေလာလို့ ဖြစ်ရတာပါ။ ဒီလိုပဲ ကားစီးရင် ပြတင်းပေါက်ဖွင့်စီးတဲ့ လူတွေကလည်းပဲ လေတိုက်တဲ့ဘက်က မျက်နှာတစ်ခြမ်း အာရုံကြောညပ်ပြီး လေဖြန်းသွားတတ်ပါတယ်။ ဒီလိုဖြစ်ရင် မြန်မြန်ဆရာဝန်နဲ့ပြဖို့ လိုပါတယ်။ ဆရာဝန်က စတီးရွိုက်ကို ငါးရက်လောက်ပေးလိုက်မယ်ဆိုရင် အာရုံကြောရောင်တာကျသွားပြီး မြန်မြန်ပြန်ကောင်းသွားပါတယ်။

မေး ။ ။ တကယ်လို့ လေဖြန်းတာကို မကုသဘဲထားလိုက်ရင် ဘာဖြစ်တတ်ပါသလဲ ဆရာ။

ဖြေ ။ ။ တကယ်လို့ အဲဒီလိုမကုသမိဘဲ ထားလိုက်ရင် အာရုံကြောရောင်တဲ့အချိန်ကြာသွားပြီး ပါးစပ်ရွဲ့တာက ပိုကြာသွားနိုင်ပါတယ်။ အဲဒီအခါ မျက်နှာ လေ့ကျင့်ခန်းတွေလုပ်ပြီးမှ တဖြည်းဖြည်း ပြန်ကောင်းလာမှာ ဖြစ်ပါတယ်။

မေး ။ ။ လေဖြန်းတဲ့ လူနာတွေက သက်သာအောင်နှိပ်တဲ့ ကုထုံးသုံးလေ့ရှိပါတယ်။ အဲဒါက သက်သာစေ နိုင်ပါသလား ဆရာ။

ဖြေ ။ ။ ရပါတယ်။ အနောက်တိုင်းဆေးပညာအရ Physiotherapy ဆိုတဲ့အကြောပြင်နှိပ်နယ်တဲ့ ကုထုံးပေးလေ့ရှိပါတယ်။ အပ်စိုက်ပြီး အကြောပြန်လည်သန်စွမ်းအောင် ကုထုံးပေးတာမျိုးပါ။ ဒီလိုပဲ မြန်မာ့နည်း မြန်မာ့ဟန်မှာလည်း နှိပ်နယ်တဲ့ကုထုံးရှိပါတယ်။ ဒါတွေက အာရုံကြောအားနည်းပြီးဖြစ်တဲ့ လေဖြန်းတဲ့ ဝေဒနာကို သက်သာစေနိုင်ပါတယ်။

မေး ။ ။ လေဖြန်းတဲ့ ဝေဒနာက စိုးရိမ်ရပါသလား ဆရာ။

ဖြေ ။ ။ လေဖြန်းတာကို ဆရာဝန်နဲ့လည်းသွားမပြဘူး၊ Physiotherapy ကုထုံးလည်း မခံယူဘူး . . အာ ရုံကြောရောင်တာ၊ ညပ်တာက ကြာသွားတယ်ဆိုရင် တချို့လူနာတွေမှာ ပုံမှန်အတိုင်း ပြန်မကောင်းဘဲ မျက်နှာတစ်ခြမ်း နည်းနည်းရွဲ့နေတာမျိုးတော့ရှိတတ်ပါတယ်။ လူငယ်နဲ့ ကလေးတွေမှာတော့ လေဖြန်းတာက ပြန်သက်သာတာများပေမယ့် အသက်ကြီးသူတွေမှာ ကုသမှု မခံယူဘူးဆိုရင် လေဖြန်းပြီး နောက်ဆက်တွဲ အနေနဲ့ လုံးဝ ပုံမှန်အခြေအနေမဟုတ်ဘဲ နည်းနည်း အားနည်းပြီး ကျန်နေခဲ့တတ်ပါတယ်။ ဒါကြောင့် မပေါ့ဆဘဲကုသ မှုကို အမြန်ခံယူကြဖို့ လိုပါတယ်။ ဆရာဝန်မပြဘဲ ကိုယ့်ဘာသာနေတဲ့အတွက် တောက်လျှောက်လေဖြန်းပြီး မျက်နှာတစ်ခြမ်း နည်းနည်းရွဲ့နေတဲ့ အသက်ကြီးလူနာတချို့ကိုတောင် ဆရာတွေ့ဖူးပါတယ်။ တချို့ဆိုရင် မျက်စိတစ်ဖက်ကို ကောင်းကောင်းမှိတ်မရတာ၊ ပါးစပ်တစ်ဖက်နဲ့ တစ်ဖက်မညီမညာဖြစ်ပြီး ထမင်းဝါးရခက်တာ စတဲ့ လက္ခဏာတွေကို တစ်သက်လုံးခံစားနေရတာတွေ့ ဖူးပါတယ်။ ဒါကြောင့် လေဖြန်းတာကအသက် အန္တရာယ်မရှိပေမယ့်လည်း ပေါ့ပေါ့ဆဆမထားသင့်ပါဘူး။

မေး ။ ။ အေးလွန်းတဲ့ ရေကိုချိုးမိရင်၊ အေးလွန်းတဲ့ရေနဲ့ မျက်နှာသစ်မိရင်ကော လေဖြန်းနိုင်ပါသလားဆရာ

ဖြေ ။ ။ ဖြစ်နိုင်ပါတယ်။ အဓိကက မျက်နှာအာရုံကြောရောင်သွားလို့ ဖြစ်တာကြောင့် အဲဒီနေရာ အေးတဲ့ ဒဏ်ခံရတာနဲ့ ပိုးဝင်ပြီး
လေဖြန်းနိုင်ခြေ များပါတယ်။

မေး ။ ။ လေဖြန်းတာနဲ့ ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင်သိပါရစေ ဆရာ။

ဖြေ ။ ။ အခုလို အေးတဲ့ ရာသီဥတုမှာ အအေးမမိအောင်ဂရုတစိုက် နေကြပါ၊ ပြီးတော့မှန်ထဲမှာ ကြည့်လိုက်လို့ မျက်နှာ တစ်ခြမ်းနဲ့တစ်ခြမ်းက မညီမညာသလို ဖြစ်နေရင်၊ မျက်စိတစ်ဖက်က မှိတ်ရခက်နေရင်ပေါ့ပေါ့ဆဆ မထားဘဲ ဆရာဝန်နဲ့အမြန်ဆုံး ပြသသင့်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top