Healthy Life Ad
Life Style

သမီးရှင် မိဘတို့အတွက် (၁). . .

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)

သမီးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဖခင်တွေက သိပ်စိုးရိမ်ပါတယ်။ ဖခင်တစ်ယောက်အနေနဲ့ သားတွေထက်ပိုပြီး သမီးကို ဘာကြောင့် ပိုပြီးစိုးရိမ်ရပါသလဲ၊ ဒါက အခုဖြစ်ပေါ်နေတဲ့ ကိစ္စတွေကြောင့် ပိုစိုးရိမ်နေမိတာလား။ အဲဒီအတွက် သမီးရှိတဲ့ ဖခင်တွေအတွက် နည်းပေးလမ်းပြ ဆောင်ရန်ရှောင်ရန်လေးကို ပြောကြားပေးပါ . . . ဆိုတဲ့ မေးခွန်းကို ဆရာဒေါက်တာစိုးလွင်က အခုလို ဖြေကြားထားပါတယ်။

ဒီမးခွန်းက ကျွန်တော့်ရင်ကို တကယ်ထိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဟာ ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ သားဖွားမီးယပ်အထူးကုအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တစ်ယောက်၊ ကျွန်တော်တို့ ဆေးရုံမှာ ကလေးလေးတွေ သေနေတယ်၊ မိခင်လောင်းလေးတွေ သေနေတယ်၊ ဘာလို့ သေနေတာလဲဆိုတော့ မိခင်တိုင်းက ကိုယ့်ရင်သွေးလေးတွေကို ချစ်မြတ်နိုးတယ်ဆိုတာ အမြဲတမ်း မမှန်ပါဘူး။ ချစ်မြတ်နိုးတယ်ဆိုတာ တကယ်တန်ဖိုးထားလိုချင်မှသာ ဖြစ်ပေါ်တာပါ။ ကိုယ့်ဗိုက်ထဲကို ကိုယ်မလိုချင်ဘဲနဲ့ ရောက်လာတဲ့ ရင်သွေးကို ဘယ်မိခင်ကမှ မချစ်ဘူး၊ အဲဒီလို မချစ်တဲ့အတွက် သတ်ပစ်ကြတာပါ။ မလိုချင်ဘဲနဲ့ ရောက်လာတဲ့ ရင်သွေးအတွက် တစ်ခါတလေကျရင် အိမ်တောင်ပေါင်ပြီးတော့ ပိုက်ဆံပေးပြီး သတ်ပစ်ကြပါတယ်။ အဲဒီမိခင်တွေက တစ်ခါတလေကျရင် အသက် ၁၅ နှစ်-၁၆ နှစ်အရွယ်လေးတွေပါ။ လက်သည်က ဖဲထီးသံချောင်းနဲ့ ထိုးပစ်လိုက်တာတို့၊ သူ့လက်ကြမ်းကြီးနဲ့ သားအိမ်ထဲမှာရှိတဲ့ ကလေးကို ညှစ်သတ်ပစ်လိုက်တာတို့၊ အက်ဆစ်တွေ ထည့်ပစ်လိုက်တာတို့နဲ့ ဒုက္ခတွေရောက်ပြီး အဲဒီလို မိန်းကလေးငယ်ငယ်လေးတွေ ကျွန်တော်တို့ ဆေးရုံကိုရောက်၊ အသေဆိုးနဲ့ သေသွားခဲ့တာတွေကို အများကြီး ကြုံတွေ့နေရပါတယ်။ အဲဒီဖြစ်ရပ်လေးတွေကို ကျွန်တော် စာလေး တစ်ပုဒ်ရေးပါတယ်။ “ အကြွေစောသော နှမြောဖွယ်ရာ ပန်းလေးတစ်ပွင့်အကြောင်း ”ဆိုပြီး ပန်းလေးတစ်ပွင့် ပွင့်တောင် မပွင့်သေးဘူး၊ ကြွေသွားပြီ . . အဲဒီလို ကြွေသွားတဲ့ မိန်းကလေးတွေ အများကြီး။

မိန်းကလေးဆိုတာ ပန်းလေးတွေနဲ့ တူပါတယ်။ ယောကျာ်းလေးတွေနဲ့ မတူပါဘူး။ သားယောကျာ်းလေးဆိုရင် ယောကျာ်းလေးပဲ ဖြစ်ချင်ရာဖြစ်၊ မိဘတွေက ပစ်ထားလို့ရပေမယ့် မိန်းကလေးကျတော့ သူ့သဘာဝကိုက နူးညံ့တဲ့ ပန်းလေးလိုပဲ သိပ်ပြီး အမှားမခံတဲ့ဘဝပါ။

ဖေ့စ်ဘွတ်ခ်ထဲမှာ တစ်ယောက်နဲ့ တစ်ယောက်တွေ့ပြီး ရည်းစားဖြစ်ကြတယ်၊ နောက်တစ်ရက် အပြင်မှာ တွေ့ကြတယ်၊ တစ်လလောက်နေတဲ့အခါ ဗိုက်ထဲမှာ ကိုယ်ဝန်ရှိနေတယ်၊ ဒါမျိုးတွေ အများကြီးရှိပါတယ်။ အဲဒါတွေအားလုံးရဲ့ အဖြေက ဘာလဲဆိုရင် . . .

အရင်တုန်းကဆိုရင် သင်္ကြန်တွင်း ပြီးသွားပြီဆိုတာနဲ့ ဆေးရုံကို မလိုချင်တဲ့ ကိုယ်ဝန်တွေနဲ့ ရောက်လာတဲ့သူတွေ အများကြီးပါ။ သင်္ကြန်ကျရင် ကလေးငယ်တွေ၊ ယောကျာ်းလေးတွေ၊ မိန်းကလေးတွေ အကုန်လုံးက ပျော်ချင်ကြတာပါပဲ။ အဲဒီပျော်ကြတဲ့အခါ အသစ်အဆန်းတွေကို ခုံမင်ကြတဲ့ လူငယ်တွေ ကြားထဲမှာ ဆေးပြားတွေ၊ မူးယစ်ဆေးတွေ၊ အရက်တွေ ပါလာတယ်၊ ပြီးတော့ ဖေ့စ်ဘွတ်ခ်၊ အင်တာနက်တို့ ပါလာတဲ့အတွက် ဖေ့စ်ဘွတ်ခ်ထဲမှာ တစ်ယောက်နဲ့ တစ်ယောက်တွေ့ပြီး ရည်းစားဖြစ်ကြတယ်၊ နောက်တစ်ရက် အပြင်မှာ တွေ့ကြတယ်၊ တစ်လလောက်နေတဲ့အခါ ဗိုက်ထဲမှာ ကိုယ်ဝန်ရှိနေတယ်၊ ဒါမျိုးတွေ အများကြီးရှိပါတယ်။ အဲဒါတွေ အားလုံးရဲ့အဖြေက ဘာလဲဆိုရင် သားငယ်၊ သမီးငယ် အားလုံးကို ကိုယ့်ဘဝကို ကျန်းမာ၊ ပျော်ရွှင်၊ အောင်မြင်အောင်လုပ်နိုင်တဲ့ ပညာရပ်ပြည့်ဝအောင် ပံ့ပိုးပျိုးထောင်ပေးဖို့ပါပဲ။

ပညာရည်၊ နှလုံးရည် ပြည့်ဝလာပြီး သူသွားရမယ့် အမှန်လမ်းကို သိလာပြီဆိုတဲ့ နေ့ကျရင် မဟုတ်တဲ့ လမ်းကို ဘယ်တော့မှ မလုပ်တော့ပါဘူး။ ပညာရည်မရှိတဲ့အခါကျတော့ ဘယ်သူကလာပြီး ဖျက်ဆီး ဖျက်ဆီး ဖျက်ဆီးရလွယ်ပါတယ်။

နိုင်ငံတိုးတက်ဖို့ လူငယ်လေးတွေကို ပညာသင်ပေးရမှာဖြစ်ပါတယ်။ လူတိုင်းပညာတတ်ပြီး ပညာအဆင့်အတန်း မြင့်မားလာအောင် လုပ်ပေးရမှာ ဖြစ်ပါတယ်။ ကျောင်းတွေမှာ အလွတ်ကျက်တဲ့ ပညာထွန်းကားနေပါတယ်၊ စာတွေ အလွတ်ရတာက ပညာ မဟုတ်ပါဘူး။ ကလေးလေးတွေကို ဘယ်ဟာ လုပ်သင့်တယ်၊ ဘယ်ဟာ မလုပ်သင့်ဘူးဆိုပြီး စဉ်းစားဆင်ခြင်တတ်တဲ့ အသိဉာဏ်ပညာပြည့်ဝမှုက ပညာပဲဖြစ်ပါတယ်။

အခုခေတ်မှာ လူငယ်အများစုက သိပ်ပြီး စာမဖတ်ကြဘူး။ ကိုရီးယားကားတွေ ကြည့်တယ်၊ ဖုန်းတွေ ပွတ်တယ်၊ အဲဒီကနေ လမ်းမှားတွေ ရောက်သွားကြတယ်။ လူဆိုတာ စွဲလမ်းတတ်တဲ့ သဘာဝရှိတော့ မကောင်းတဲ့ အရာတွေဆိုရင် ပိုပြီး စွဲလွယ်ကြပါတယ်။

ဒီတော့ ကောင်းတဲ့ အလုပ်တွေကို စွဲအောင်သင်ပေးရပါမယ်။ အဲဒီကောင်းတဲ့ အလုပ်တွေကို မလုပ်ရရင် မနေနိုင်ဘူးဆိုတာမျိုး ဖြစ်နေအောင် ကျင့်ပေးရပါမယ်။ ကျွန်တော်ဆိုရင် ဒီလောက် အလုပ်ရှုပ်နေတာ၊ မနက်မိုးလင်းလာလို့ မလုပ်ရရင် မနေနိုင်တဲ့ အရာတစ်ခုရှိပါတယ်။ အဲဒါက ကျန်းမာရေး လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ မနက်မိုးလင်းလာလို့ အိပ်ရာက နိုးတာနဲ့ ပေါင်ချိန်တဲ့ စက်ပေါ်တက်ပါတယ်။ ကျွန်တော့်ပေါင်ချိန်ကို ကျွန်တော့်အရပ်အမောင်းနဲ့ဆိုရင် ဘယ်လောက်ရှိရမယ်ဆိုပြီး သေချာတွက်ချက်ထားပါတယ်။ ကျွန်တော့်ပေါင်ချိန် ၁၃၀ မှာထားရင် အကောင်းဆုံးဖြစ်လို့ အဲဒီအတိုင်း ထိန်းခဲ့တာ နှစ်ပေါင်းများစွာရှိပါပြီ။ မိုးလင်းလို့ ပေါင်ချိန် စက်ပေါ်တက်လိုက်တာနဲ့ ၁၃၁ ပေါင်ဖြစ်နေရင် “ ငါ ပြန်ချမှဖြစ်မယ် ”ဆိုပြီး တစ်ပေါင်ကို ရက်ပိုင်းအတွင်းပြန်ချပါတယ်။ ၁၃၀ ပေါင်အောက် လျော့နေရင် စားတာနည်းနေပြီဆိုပြီး ပြန်စားပါတယ်။ လေ့ကျင့်ခန်းကို ငါးမိနစ်ရရင် ငါးမိနစ်လုပ်တယ်၊ ၁၀ မိနစ်အချိန်ရရင် ၁၀ မိနစ်လုပ်တယ်၊ မနက်တစ်ခါ၊ ညတစ်ခါ လုပ်ပါတယ်။ မလုပ်ရရင် မနေနိုင်ပါဘူး။နောက်တစ်ခုက စာဖတ်တဲ့အကျင့်လုပ်ထားလို့ စာမဖတ်ရရင် မနေနိုင်ပါဘူး။

ဒါကြောင့် အခုခေတ်လူငယ်လေးတွေကို စာဖတ်စေချင်ပါတယ်။ သူတို့လေးတွေတိုးတက်မှ ကျွန်တော်တို့ နိုင်ငံတိုးတက်မှာ . . ။ ဒါမှသာ ကမ္ဘာ့အလယ်တင့်တယ်တဲ့ နိုင်ငံဖြစ်လာမှာပါ။ အခုဆိုရင် ကျွန်တော်တို့ နိုင်ငံလမ်းမှန်ကို ရောက်နေပါပြီ။ ဒီအချိန်မှာ မိဘတွေကလည်း စံပြနမူနာဖြစ်အောင် နေပြရပါမယ်။ ကိုယ့်သားသမီးတွေ ဘယ်လိုနေရမယ်၊ ဘယ်လို လုပ်ရမယ်ဆိုတာကို အပြောနဲ့တင် မဟုတ်ဘဲ ကိုယ်က ရှေ့ကနေလုပ်ပြရပါမယ်။ ကိုယ်က ရှေ့ကလုပ်ပြရင် သားသမီးတွေက နောက်က နေလိုက်လုပ်ကြမှာပါ။ မိဘတွေက မိဘကောင်းတွေဖြစ်အောင် လုပ်မယ်၊ သားသမီးတွေကလည်း နိုင်ငံ့သားကောင်းရတနာတွေ ဖြစ်အောင် လုပ်မယ်ဆိုရင် အဲဒီနေ့ဟာ ကျွန်တော်တို့နိုင်ငံ ဆင်းရဲတွင်းထဲက လွတ်မြောက်ပြီး တိုးတက်တဲ့ နိုင်ငံဖြစ်လာတော့မှာပါ။

ဆက်လက်ဖော်ပြပါမည်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top