Healthy Life Ad
Life Style

သာယာပျော်ရွှင်နွေးထွေးသော အိမ်ထောင်ရေးအတွက် သော့ချက်

၊ ကိုထက် ၊

ဇနီးရောခင်ပွန်းပါ အလုပ်လုပ်ပြီး ငွေရှာနေရတဲ့ ဒီနေ့ခေတ်မှာ တစ်ဦးနဲ့တစ်ဦးတွေ့ဆုံဖို့အချိန်တောင် မရှိသလောက်ရှားလာပါတယ်။ ဒါကြောင့် ဇနီးမောင်နှံနှစ်ဦး ပိုမိုရင်းနှီးနွေးထွေးမှု ရရှိစေမယ့် နည်းလမ်းခြောက်သွယ်ကို အခုကစပြီး လိုက်နာသင့်ပါတယ်။

– ချိုမြိန်သော အနမ်းပေးပါ
နံနက်ခင်းနဲ့ ညနေခင်းတွေမှာ သင့်အိမ်ထောင်ဖက်ကို ခါတိုင်းပေးနေကျ အနမ်းထက် ပိုရှည်ကြာတဲ့အနမ်းကို ပေးလိုက်ပါ။ ဒါ့အပြင် ညဘက်မှာ ‘Good Night’ လို့ နှုတ်မဆက်ခင် တစ်နေ့တာမှာ ကောင်းမွန်ပျော်ရွှင်ဖွယ်ရာကောင်းတဲ့ သတင်းတစ်ခုကို ပေးလိုက်ပါ။

– ဟာသ ပြောပါ
ကြင်နာတဲ့ဟာသဟာ ပူလောင်တဲ့ရန်ပွဲတွေကို အဆုံးသတ်သွားစေနိုင်ပါတယ်။ ဒါကြောင့် သင့်အိမ်ထောင်ဖက်ကို ပျော်ရွှင်ဖွယ်ရာဟာသတွေပြောပြီး အတူရယ်မောပျော်ရွှင်တဲ့အတွက် အိမ်ထောင်ရေးကို ပိုမိုခိုင်မာစေပါတယ်။

– ချီးကျူးဂုဏ်ပြုပါ
လူအများစုဟာ ကိုယ့်အိမ်ထောင်ဖက်ကို ချီးကျူးဂုဏ်ပြုဖို့ မေ့လျော့နေတတ်ကြပါတယ်။ သင့်အတွက် ထမင်းဘူးကို အဆင်ပြေအောင် ဖန်တီးပေးတဲ့အခါ၊ ကလေးတွေရဲ့ ဝေယျာဝစ္စကိုချောမွေ့အောင် လုပ်ဆောင်ပေးတဲ့အခါ၊ သင့်ကိုစိတ်ရှုပ်စေတဲ့ စတိုခန်းထဲက ပစ္စည်းအဟောင်းတွေကို ဖယ်ရှားပေးတဲ့အခါနဲ့ သစ်ပင်ပန်းမန်တွေ စိုက်ပျိုးပွင့်ဖူးလာစေတဲ့အခါမျိုးတွေမှာ ချီးကျူးဂုဏ်ပြုစကားဆိုဖို့ မမေ့ပါနဲ့။

– အံ့သြဝမ်းသာအောင် ဖန်တီးပါ
မွေးနေ့၊ ချစ်သူများနေ့၊ အိမ်ထောင်သက်တမ်း ဘယ်နှနှစ်ပြည့် စတဲ့ အထိမ်းအမှတ်နေ့တွေမှာ သင့်အိမ်ထောင်ဖက်အတွက် သူမမျှော်လင့်ထားတဲ့ လက်ဆောင်အသေးလေးတွေကို ယူဆောင်သွားတာ၊ သတင်းကောင်းတစ်ခုကို ဖန်တီးသွားတာ၊ မွေးနေ့ကျင်းပပေးတာတို့နဲ့ သူ့ကိုပျော်ရွှင်ဝမ်းသာအောင် လုပ်ဆောင်လိုက်ပါ။

– အမှတ်တရများ ယူဆောင်ပါ
ချစ်သူရီးစားဘဝမှာ အတူနှစ်သက်စွာ နားထောင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ကိုဖွင့်ပြီး ပြန်နားထောင်တာ၊ ညစာစားပြီးတဲ့အခါ မင်္ဂလာဆောင်တုန်းက ဓာတ်ပုံတွေ ပြန်ကြည့်တာနဲ့ အတိတ်ကာလက အချိန်ကောင်းတွေကို ပြန်လည်ဖော်ဆောင်တာကြောင့် သင်တို့နှစ်ဦးကြား ချစ်ခြင်းမေတ္တာကို ပြန်လည်အမှတ်ရစေပါတယ်။

– ခွင့်လွှတ်ပါ
ဘယ်သူမှပြစ်မျိုးမှဲ့မထင်ဆိုတာ မရှိပါဘူး။ သင့်အိမ်ထောင်ဖက်ရဲ့ အသေးအမွှားအပြစ်တွေကို ခွင့်လွှတ်လိုက်ပါ။ အထူးသဖြင့် စိတ်ဖိစီးမှုများတဲ့အခြေအနေမှာ အမှားအယွင်းတွေ ဖြစ်တတ်တဲ့အတွက် အဲဒီအချိန်မှာ အမှားကို ခွင့်လွှတ်ပေးလိုက်တာကြောင့် ပျော်ရွှင်ဖွယ်ရာ အိမ်ထောင်မှုသုခကို ရရှိစေပါတယ်။

Most Popular

Healthy Life Ad
To Top