Healthy Life Ad
Life Style

မာရီကိုးလ်၏ကျန်းမာလှပ လူမှုဘဝ

– ဆလိုင်းခိုင်မင်း


မာရီကိုး၏ လတ်တလော အနုပညာလှုပ်ရှားမှု
သီချင်းခွေလုပ်နေပါတယ်။ အဲဒီသီချင်းခွေအတွက် အသံပိုင်းကို အကောင်းဆုံးဖြစ်အောင် အဆို သင်တန်းတက်နေပါတယ်။ ပြီးတော့ မဂ္ဂဇင်းတွေ၊ ဂျာနယ်ကာဗာတွေ ရိုက်ဖြစ်နေတယ်။

ကျန်းမာရေးစောင့်ရှောက်မှုပုံစံ
အခု ညီမရဲ့ကျန်းမာရေးက နည်းနည်း ချူချာနေပါတယ်။ အပူအအေးမမျှတာလည်း ပါတာပေါ့။ ညီမက အရင်ကတည်းက ထိပ်ကပ်နာရှိတယ်။ နှာခေါင်းနဲ့ပတ်သက်တဲ့ကျန်းမာရေး သိပ်မကောင်းဘူး။ အသက်ရှူမဝသလိုဖြစ်တယ်။ အားကစားအနေနဲ့လည်း လုပ်ဖြစ်ပါတယ်။ အဓိက ကိုယ်လက်လှုပ်ရှားမှုလေးလုပ်မှ ကျန်းမာရေးကောင်းမယ်လို့ထင်တယ်။ အခုက အရမ်းဆိုးဝါးတာမျိုးတော့မဟုတ်ပါဘူး။

အသားအရေလှဖို့ ရေများများသောက်
အသားအရေအတွက်ကတော့ အဓိက ရေများများသောက်ပါတယ်။ လိုးရှင်းလည်း လိမ်းဖြစ်ပါတယ်။ ပြီးတော့ အသီးအရွက်များများစားတယ်။ နောက်ပြီး ညီမက အသားအရေကို အရမ်းဂရုစိုက်တဲ့ အထဲတော့ မပါဘူး။ ပုံမှန်အစားအသောက်နဲ့ပဲ ထိန်းဖြစ်ပါတယ်။


ကိုယ်အလေးချိန်ကို အစားအသောက်နဲ့ပဲ ပုံမှန်ဆင်ခြင်
ညီမက ခန္ဓာကိုယ်ဝိတ် အတက်အကျမြန်တယ်။ ဒါပေမဲ့ ညီမဝိတ်က အရမ်းတက်တာ၊ အရမ်းကျတာမျိုးတော့ မရှိပါဘူး။ ခန္ဓာကိုယ်ဝိတ် နည်းနည်းတက်လာရင် အားကစားလုပ်တယ်။ အဆီအအိမ့် လျှော့စားတယ်။ အစားအသောက်ဆင်ခြင်တယ်။ အရမ်းကြီး ထိန်းသိမ်းရတာမျိုး မရှိပါဘူး။

သီချင်းဆိုပြီး ပါဖောမန့်လုပ်ရတာ ပိုသဘောကျ
ညီမက သရုပ်ဆောင်အလုပ်အပြင် အဆိုပိုင်းကို ဝါသနာပါတာက ပါဖောမန့်လုပ်ရင်း သီချင်းဆိုရတာ သဘောကျတယ်။ညီမက နိုင်ငံခြားအဆိုတော်တွေကို အရမ်းကြိုက်တယ်။ သူတို့က သီချင်းဆိုပြီး ကရတာကို ပိုကြိုက်တယ်။ တကယ် ဝါသနာပါတာက သရုပ်ဆောင်ပါ။ ဒါပေမဲ့ ညီမက သရုပ်ဆောင် အလုပ်တင်မဟုတ်ဘဲ အဆိုပိုင်းပါ လုပ်တတ်ရင် ပိုကောင်းတယ်လို့ ထင်ပါတယ်။

အနုပညာအလုပ်အပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ချင်
ကိုယ်ပိုင်စီးပွားရေးလေးတစ်ခုလုပ်ဖို့ရှိပါတယ်။ အနုပညာနဲ့ ဆက်စပ်မှုရှိတဲ့ အလုပ်မျိုးကို ရွေးချယ်ဖြစ်မှာပါ။ ဒီသရုပ်ဆောင် အလုပ်ကိုလည်း ဝါသနာပါတဲ့အတွက် အမြဲကြိုးစားနေမှာပါ။

“နယ်ခရီးတွေသွားရင် ဗိုက်နာ၊ ဗိုက်အောင့်ပျောက်ဆေးကို မပါမဖြစ်ယူသွားဖြစ်တယ်”

နယ်ခရီးဝေးသွားတိုင်း ဗိုက်နာပျောက်ဆေး မပါမဖြစ် ယူသွားလေ့ရှိ
ညီမက နယ်ခရီးတွေသွားရင် မပါမဖြစ် ယူဆောင်သွားတာက ဗိုက်နာ၊ ဗိုက်အောင့်ပျောက်ဆေးပါ။ ခေါင်းကိုက်တတ်တဲ့ အကျင့်လည်းရှိတော့ အကိုက်ခဲပျောက်ဆေး၊ ပြီးတော့ နှာခေါင်းနဲ့ပတ်သက်တဲ့ ဆေးဝါးအစုံအလင်ကို ယူဆောင်သွားဖြစ်ပါတယ်။

ဒေါသကြီးတဲ့အတွက် စိတ်တည်ငြိမ်အောင် ဘုရားတရားများများလုပ်ဖြစ်
ညီမက နယ်ကနေ ကိုယ့်ခံယူချက်နဲ့ကိုယ် သရုပ်ဆောင်ဖြစ်ဖို့ တက်လာတဲ့အတွက် ကောလာဟလတွေကို သိပ်ဂရုမစိုက်ပါဘူး။ ပြီးတော့ ညီမမိဘ အသိုင်းအဝိုင်းကလည်း ညီမကို ယုံတယ်။ လူတစ်ယောက်က ကောင်းလား၊ မကောင်းလားဆိုတာ အမှန်တရားက ရှိလာမှာပဲ။ လူတိုင်းမှာတော့ စိတ်ညစ်စရာတွေရှိတာပဲ။ အခက်အခဲတွေ၊ စိတ်ဖိစီးမှုတွေက လူတိုင်းကြုံနေရတာပဲ။ ညီမက စိတ်ပူတတ်တဲ့ အကျင့်ရှိတယ်။ တစ်ခါတလေ ဒေါသကြီးရင် တစ်ခုခု ရိုက်ခွဲလိုက်ရမှ၊ ပြောလိုက်ရမှ ကျေနပ်တယ်။ အခု အချိန်မှာတော့ အတတ်နိုင်ဆုံး ဒေါသမထွက်အောင် စိတ်တည်ငြိမ်အောင် ကြိုးစားနေတယ်။ အဓိက ဘုရားတရားများများလုပ်ရင်တော့ ပြေပျောက်သွားပါတယ်။

ပရိသတ်တွေအတွက် ကျန်းမာရေးအကြံပြုချက်
အခုလို မိုးတွင်းမှာ မိုးမိပြီး အအေးမပပ်အောင် ဂရုစိုက်ကြပါ။ အသွားအလာ ဂရုစိုက်ကြပါ။ ပြီးတော့ မိုးမိလာပြီဆိုရင်လည်း ချက်ချင်းအဝတ်အစားလဲတာမျိုးလုပ်ပါ။ ကျန်းမာရေးအတွက် အားရှိစေမယ့် အာဟာရဖြစ်စေမယ့် အစားအစာတွေ စားသုံးကြပါလို့ ပြောချင်ပါတယ်။ ညီမအခွေထွက်လာရင်လည်း အားပေးကြပါဦး။ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ကြိုးစားနေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top