Healthy Life Ad
Health Tips

သက်တူရွယ်တူသူငယ်ချင်းများထက် ၁၀ နှစ်လောက် ပိုမိုနုပျိုနေစေဖို့ လိုက်နာသင့်သည့်အချက်များ

၊ ငွေကြယ်စင်ယံ ၊

အထက်တန်းကျောင်းတုန်းက ခင်မင်ခဲ့တဲ့ ငယ်သူငယ်ချင်းတွေနဲ့ ပြန်လည်ဆုံတွေ့ချိန်မှာ သက်တူရွယ်တူ အားလုံးထက် ၁၀ နှစ်လောက် အရွယ်တင် နုပျိုနေစေဖို့ လိုက်နာသင့်တဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။

– ဆေးလိပ်ငွေ့ကို ဘယ်တော့မှ မရှူမိပါစေနှင့်
ဆေးလိပ်ငွေ့ဟာ အရွယ်မတိုင်ခင် အရေးကြောင်းထင်တာ၊ ပါးရေတွန့်တာနဲ့ အသားအရေ နွမ်းနယ်ခြောက်သွေ့တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လက်တည့်စမ်းတဲ့အနေနဲ့ပဲဖြစ်ဖြစ် ဆေးလိပ်ကို ယောင်လို့တောင် မသောက်မိပါစေနဲ့။ အနားမှာ ဆေးလိပ်သောက်နေရင် ဆေးလိပ်ငွေ့ကင်းတဲ့နေရာကို ထွက်သွားသင့်ပါတယ်။

– နေရောင်ကာခရင်မ် လိမ်းပါ
အသားအရေကြမ်းတမ်းတာ၊ ညိုညိုညစ်ညစ်ဖြစ်တာ၊ အသားအရေ မညီမညာဖြစ်တာနဲ့ အရေးကြောင်းထင်တာ စတဲ့ အသားအရေ ပြဿနာတွေဟာ နေရောင်ခြည်ဒဏ်ကို တာရှည်ခံရတာကြောင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခရမ်းလွန်ရောင်ခြည် UVA နဲ့ UVB နှစ်မျိုးလုံးကို ကာကွယ်ပေးနိုင်တဲ့ နေရောင်ကာခရင်မ်ကို လိမ်းပေးပါ။ အပြင်မှာရှိနေတဲ့ အချိန်တွေမှာ တစ်ကြိမ်လိမ်းထားရုံနဲ့ မလုံလောက်တော့ပါဘူး။ အချိန် နှစ်နာရီ- သုံးနာရီကြာတိုင်း တစ်ကြိမ်ပြန်လိမ်းပေးပါ။

– ရက်တီးနွိုက်ကို စဉ်းစားပါ
ဗီတာမင်အေရဲ့ အမျိုးအစားတစ်ခုဖြစ်တဲ့ ရက်တီးနွိုက်ဟာ ချွေးပေါက်ပွင့်စေတာ၊ ဝက်ခြံ ကင်းစင်စေတာ၊ အရေးကြောင်းရေးရေးလေးတွေကို လျော့ပါးစေတာ၊ အသားအရေကို တင်းရင်းလှပစေတဲ့ ကော်လာဂျင် ထုတ်လုပ်မှုအားကောင်းစေတာ၊ အမည်းစက်တွေနဲ့ မှဲ့ခြောက်တွေ လျော့ပါးသွားစေတာနဲ့ အသားအရေရဲ့ တည်ဆောက်ပုံကို တိုးတက်ကောင်းမွန်စေတာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ ဒါကြောင့် နှစ်ည- သုံးညတစ်ကြိမ် ရက်တီးနွိုက်ခရင်မ်ကို ပဲစေ့အရွယ်ပမာဏခန့် လိမ်းပေးမယ်ဆိုရင် အသားအရေကို ကြည့်အကောင်းဆုံးဖြစ်အောင် ထိန်းပေးနိုင်ကြောင်း အရေပြားအထူးကုဆရာဝန်တွေက လမ်းညွှန်ထားပါတယ်။

– ရိုးရိုးရှင်းရှင်းသာ အသုံးပြုပေးပါ
တချို့အမျိုးသမီးတွေက အသားအရေ ထိန်းသိမ်းတာနဲ့ပတ်သက်ပြီး တချို့ပစ္စည်းတွေကို ရောစပ်သုံးတဲ့အခါ ပါဝင်ပစ္စည်းတွေရဲ့ အာနိသင်အချင်းချင်းဓာတ်ပြယ်မှုကြောင့် အကျိုးကျေးဇူး မရတတ်တာမျိုး ဖြစ်တတ်ပါတယ်။ မျက်နှာ သန့်စင်ဆေး၊ နေရောင်ကာခရင်မ်၊ အစိုဓာတ်ထိန်းအလှဆီနဲ့ ရက်တီးနွိုက်ပါတဲ့ခရင်မ် စတာတွေပဲဖြစ်ပါတယ်။ ပြီးမှ မျက်ဝန်းနဲ့ နှုတ်ခမ်းအတွက် သီးသန့်ထိန်းသိမ်းပေးရမှာပါ။

– မတည့်လျှင် လုံးဝမသုံးပါနှင့်
တကယ်လို့ သင့်အသားအရေက အသားအရေထိန်းပစ္စည်းအသစ်ကြောင့် ရောင်ရမ်းတာ၊ နီမြန်းတာ၊ ပူစပ်ပူလောင်ဖြစ်တာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာရင် အဲဒီပစ္စည်းကို လုံးဝမသုံးပါနဲ့တော့။ နှမြောပြီး သုံးမိမှာစိုးရင် မဝယ်ခင်ကတည်းက လက်ကောက်ဝတ်မှာ စမ်းသပ်လိမ်းကြည့်ပြီးမှ ဝယ်သင့်ပါတယ်။

– အင်တီအောက်ဆီးဒင့်ပါသော သဘာဝ အစားအသောက်ကိုစားပါ
ညစ်ညမ်းတဲ့လေထုကို ရှူမိတာ၊ မသန့်ရှင်းတဲ့ အစားအသောက်ကို စားမိတာ၊ ဆေးလိပ်ငွေ့ကို ရှူရှိုက်မိတာ . . စတဲ့ မသိလိုက်မသိဘာသာ အပြုအမူတွေကြောင့် ခန္ဓာကိုယ်ထဲကို အဆိပ်အတောက်ဖြစ်စေတဲ့ ဖရီးရယ်ဒီကယ်တွေက ဝင်ရောက်သွားတတ်ပါတယ်။ အဲဒီ ဖရီးရယ်ဒီကယ်တွေကို ချေဖျက်နိုင်ဖို့ရာအတွက် အင်တီအောက်ဆီးဒင့်ပါတဲ့ အစားအသောက်တွေကို များများစားပေးဖို့လိုပါတယ်။ အင်တီအောက်ဆီးဒင့်တွေက ရောင်စုံဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေထဲမှာ ပေါများစွာပါဝင်တာကြောင့် များများစားပေးရပါမယ်။

– ဘဝနေထိုင်မှု ပုံစံကိုဂရုစိုက်ပါ
ယောဂကျင့်တာ၊ တရားထိုင်တာ စတဲ့ လှုပ်ရှားမှုတွေဟာ စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ စိတ်ဖိစီးမှုဟာ ဝက်ခြံ၊ နှင်းခူ၊ အရေပြားနီမြန်းတာ စတဲ့ ဆိုးရွားတဲ့ အရေပြားအခြေအနေတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးဝ၀အိပ်ပြီး ပြည့်ပြည့်ဝ၀ အနားယူတာ၊ ပုံမှန်တရားထိုင်တာ၊ အကြောလျှော့ပေးမယ့် ယောဂလေ့ကျင့်ခန်းလုပ်တာ စတာတွေကို ဆောင်ရွက်သင့်သလို သွေးလှည့်ပတ်မှုကောင်းအောင် ချွေးထွက်တဲ့အထိ လေ့ကျင့်ခန်းလုပ်ပေးပါ။ တကယ်လို့ မျက်နှာပေါ်မှာ ဝက်ခြံ၊ အဖုအပိမ့်စတဲ့ အပြစ်အနာ အဆာတွေရှိနေရင်တောင် တရားထိုင်ပြီး စိတ်ဖိစီးမှုကင်းသူတွေဟာ တရားမထိုင်သူတွေထက် မြန်မြန်အနာကျက်ကာ စောစောပျောက်ကင်းစေကြောင်း လေ့လာတွေ့ရှိရပါတယ်။

Most Popular

Healthy Life Ad
To Top