Healthy Life Ad
Life Style

စီးပွားရေးကိုသာကုန်းရုန်းရှာရင်း ကိုယ့်ကျန်းမာရေးကို သတိမထားတာမျိုးမဖြစ်သင့်ဘူးဆိုတဲ့ လင်းဇာနည်ဇော်


– အစ်မရဲ့ လက်ရှိအနုပညာလှုပ်ရှားမှုလေးတွေကို သိပါရစေ။
အခုလက်ရှိမှာ အစ်မပညာရေးဇာတ်လမ်းတိုလေးရိုက်တယ်။ အရင်တုန်းကလောက် ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်တော့ပါဘူး။ အစ်မကလည်း ကိုယ်ပိုင်စီးပွားရေးအနေနဲ့ ဖက်ရှင်ဆိုင်လေး ဖွင့်ထားပါတယ်။

– အစ်မရဲ့ကျန်းမာရေးစောင့်ရှောက်မှုပုံစံလေး သိချင်ပါတယ်။
ကျန်းမာရေးအရမ်းကောင်းလာအောင်ဆိုပြီး သီးသန့်လုပ်နေတာမျိုးတော့မရှိဘူး။ အဓိက အစားသောက်နဲ့ပတ်သက်ပြီး အဆီအအိမ့်မစားဘူး။ မကြိုက်ဘူး။ ဟင်းသီးဟင်းရွက် အသီးအနှံများများ စားပါတယ်။


– အစ်မသမီးလေးရဲ့ ကျန်းမာရေး၊ ပညာရေးကို ဘယ်လိုတွေပံ့ပိုးကူညီလမ်းညွှန်ဖြစ်ပါသလဲ။
အစ်မသမီးလေးက အစ်မထက်တောင် ကျန်းမာရေးကိုပိုလိုက်စားပါတယ်။ အစ်မကသာ အလုပ်တွေရှုပ်နေတော့ အဲဒီ့ဘက်မှာအားနည်းတယ်။ သမီးလေးက စာပေဗဟုသုတတွေလည်း အရမ်းဖတ်တယ်၊ လေ့လာလိုက်စားတယ်။ အခု အစ်မသမီးလေးက သြစတေးလျမှာ ကျောင်းတက်တော့ အားတဲ့အချိန်မှာ Gym ကစားဖြစ်ပါတယ်။ Gym ကစားတာက ကိုယ်ခန္ဓာလှပတာထက် ကျန်းမာရေးအတွက် ပိုအသုံးဝင်တယ်လို့ သိရပါတယ်။ အစ်မက လမ်းညွှန်ပေးတာထက် အစ်မသမီးလေးက အစ်မကို ပိုပြီးလမ်းပြပေးတာများပါတယ်။

– အစ်မခန္ဓာကိုယ်က ဝိတ်သိပ်မတက်တော့ ဝိတ်မတက်အောင် ဘယ်လိုထိန်းသိမ်းဖြစ်ပါသလဲ။
အစ်မက အနုပညာကိုစလုပ်ကတည်းက ဝိတ်မတက်အောင် သီးသန့်အားကစားလုပ်တာမျိုး မရှိပါဘူး။ အဓိက ကိုယ်အလေးချိန်ကို အစားအသောက်လေးနဲ့ပဲထိန်းနေပါတယ်။ အစားအသောက်ကတော့ အရမ်းကြိုက်တယ်။ ဒါပေမဲ့ ဝိတ်ကိုအမြဲတမ်းချိန်ပြီး ဆင်ခြင်ဂရုစိုက်ပါတယ်။


– ကျန်းမာရေးစစ်ဆေးမှုရော လုပ်ဖြစ်ပါသလား။
ကျန်းမာရေးစစ်ဆေးမှုကို အရင်တုန်းကတော့မလုပ်ဖြစ်ပါဘူး။ အခု အသက်နည်းနည်းကြီးလာတော့ ပုံမှန်လုပ်ဖြစ်ပါတယ်။

– အိမ်မှာ ကျန်းမာရေးနဲ့အညီ ဘယ်လိုချက်ပြုတ် စားသောက်ဖြစ်ပါသလဲ။
အဓိက အဆီအအိမ့်လျှော့စားတယ်။ ပြီးတော့ အချိုမှုန့်အရမ်းစားရင် လူတိုင်းအတွက် ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတာ သိသင့်တယ်။ အချိုမှုန့်ပါမှ စားတတ်တဲ့သူတွေကို ဘယ်လောက်ထမင်း စားလို့ကောင်းပါစေ၊ ခံတွင်းတွေ့ပါစေ အချိုမှုန့်ထည့်စားတဲ့ အကျင့်ကိုတော့ ဖျောက်ရပါမယ်။ အစ်မတို့ အမေဆိုရင် အချိုမှုန့်ကို ဟင်းထဲမထည့်မိအောင် ဖွက်ဖွက်ထားပါတယ်။


– အစ်မအနေနဲ့ စိတ်ညစ်စရာကြုံလာရင်၊ စိတ်ဖိစီးမှုဖြစ်လာရင် ဘယ်လိုရင်ဆိုင်ဖြေရှင်းဖြစ်ပါသလဲ။
လူတိုင်းမှာတော့ စိတ်ညစ်စရာကြုံတတ်တာပဲ။ အစ်မမှာလည်း စိတ်ဖိစီးမှုတွေအများကြီးရှိတာပဲ။ အစ်မအကျင့်က စိတ်ညစ်စရာကို ခေါင်းထဲအကြာကြီး မထည့်ထားဘူး။ စိတ်ညစ်စရာရှိတာကို အခန်းထဲဖြစ်ဖြစ်၊ ရေချိုးခန်းထဲဖြစ်ဖြစ် တစ်ထိုင်တည်း ညစ်ပစ်လိုက်တယ်။ ပြီးရင်တော့ ခေါင်းထဲကထုတ်ပြီး ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကိုဆက်လုပ်တယ်။ ဒီစိတ်ညစ်စရာကြီးကိုသာ အမြဲတမ်းညစ်နေမယ်ဆိုရင် ဘာမှလုပ်လို့ မရတော့ပါဘူး။

– အစ်မကိုအားပေးနေတဲ့ ပရိသတ်အတွက် ကျန်းမာရေးအကြံပြုချက်လေး ပြောကြားပေးပါ။
လူတစ်ယောက်မှာ ကျန်းမာရေးက အဓိကပါပဲ။ များသောအားဖြင့် စီးပွားရေးကိုသာ ကုန်းရုန်းပြီးရှာနေကြတာ ကိုယ့်ကျန်းမာရေးကို သတိမထားမိတတ်ကြဘူး။ တကယ်တော့ အဲ့ဒါတွေက မဖြစ်သင့်ပါဘူး။ ကျန်းမာမှ အလုပ်လုပ်နိုင်မှာဖြစ်တဲ့အတွက် ကျန်းမာရေးကို အထူးဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်။

Most Popular

Healthy Life Ad
To Top