Healthy Life Ad
Q & A

လျှာပေါ်က အဖြူဖုအကြောင်း သိချင်ပါတယ် . . .

မေး။ ။ ကျွန်တော့်လျှာပေါ်မှာ အဖြူဖုလေး မကြာခဏပေါက်လေ့ရှိပြီး နာတယ်၊ အလားတူ မြေးမလေးမှာလည်းပေါက်တယ်၊ အဲဒါ အပူဖုလား၊ မှဲ့ခရုလား၊ အရွယ်မရွေးပေါက်တာလား၊ ဘာကြောင့် ပေါက်တာလဲ၊ ကြိုတင်ကာကွယ်လို့ ရသလား။

ဦးသန့်ဇင်၊ ကျောက်တံတား။

ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ လျှာပေါ်မှာ အဖြူဖုတွေ ပေါ်လာတယ်၊ အဖြူကွက်တွေ ပေါ်လာတယ်ဆိုရင် များသောအားဖြင့် မှက္ခရုလို့ခေါ်တဲ့ မှိုပေါက်တာဖြစ်ဖို့ များပါတယ်။ မှက္ခရုက ဘာကြောင့် ပေါက်တတ်သလဲဆိုရင် ပဋိဇီဝပိုးသတ်ဆေး(Antibiotics) (ဥပမာ- Amoxillin ၊ Ampicillin) တွေ သောက်တာများလို့ ဖြစ်နိုင်ပါတယ်။ ဒီပဋိဇီဝပိုးသတ်ဆေးတွေ သောက်ရင် ပိုးတွေမှန်သမျှ သေအောင်လုပ်လိုက်တော့ ပါးစပ် ထဲမှာရှိတဲ့ ပိုးတွေသေပြီး ပါးစပ်ထဲက မှိုတွေထကြွလာတတ်ပါတယ်။ အရင်တုန်းက ပါးစပ်ထဲမှာ မှိုတွေမရှိအောင် သူ့ဘာသာသူ ပိုးတွေက တိုက်ခိုက်ပေးတယ်၊ ပိုးရဲ့မှိုကို တိုက်နိုင်စွမ်းညီမျှနေတဲ့ အခြေအနေပျက်ပြယ်သွားတဲ့အခါ မှက္ခရုပေါက်လာတတ်ပါတယ်။ ဒါက မှက္ခရုပေါက်စေတဲ့ အခြေအနေတစ်ခုပါ။

နောက်တစ်ခုက ကိုယ်ခံအားကျနေတဲ့အချိန်မှာ မှက္ခရုတွေ ပိုဖြစ်တတ်ပါတယ်။ ကိုယ်ခံအားကျတယ်ဆိုတာ HIV ပိုးရှိတာကိုပဲ ပြောတာမဟုတ်ပါဘူး။ တခြား နာတာရှည်ရောဂါ၊ အထူးသဖြင့် ဆီးချို ရောဂါသည်တွေမှာဆိုရင် ပိုပြီး ဖြစ်တတ်ပါတယ်။ အိပ်ရေးပျက်ပြီး ခန္ဓာကိုယ်ရဲ့ခုခံအားကျတဲ့ အခါမျိုး တွေမှာလည်း ဖြစ်တတ်ပါတယ်။

နောက်တစ်ခုက တွေ့ကရာမြင်ရာပစ္စည်း(ဥပမာ ဘီး၊ မကောင်းတဲ့ သွားကြားထိုးတံ) စတာတွေကို ပါးစပ်ထဲထည့်တတ်ရင်၊ သွားပွတ်တံကို သန့်ရှင်းစွာ မထားဘဲ အသုံးပြုရင် မှက္ခရုဖြစ်တတ်ပါတယ်။

မှက္ခရုဖြစ်စေတဲ့ အကြောင်းတွေထဲမှာ များသောအားဖြင့် ပဋိဇီဝပိုးသတ်ဆေးတွေ မှီဝဲလို့ ဖြစ်တာများပါတယ်။ နောက်ထပ်ဖြစ်တတ်တဲ့ အကြောင်းက တခြားဗိုင်းရပ်စ်တွေဝင်ပြီး ကိုယ်ခံအားကျတဲ့ အခါမှာ ဖြစ်တတ်ပါတယ်။

မှက္ခရုမဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ဆိုရင် ခံတွင်းသန့်ရှင်းအောင်ထားဖို့ အရေးကြီးပါတယ်။ ခံတွင်းသန့်ရှင်းနေရဲ့သားနဲ့ မှက္ခရုပေါက်ရတယ်ဆိုရင် ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ အကြောင်းရင်းကို ဆရာဝန်နဲ့တိုင်ပင်ပြီး လိုအပ်သလို ကုသမှုခံယူရမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top