Healthy Life Ad
Health Tips

မိုးရာသီမှာ အအေးမိခြင်းနဲ့ တုပ်ကွေးတို့ကို အလွယ်တကူ တွန်းလှန်နိုင်ဖို့ ဘယ်လို အစာတွေကို စားသင့်သလဲ . . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

မိုးရွာတဲ့အချိန်နဲ့ ရေကြီးရေလျှံချိန်တွေမှာ ကိုယ်ပူချိန်အတက်အကျဖြစ်တာ၊ ရေဓာတ်ခမ်းခြောက်တာ၊ အိပ်ရေးမဝတာတွေကြောင့် ကိုယ်ခံအားစနစ်ကို ထိခိုက်နိုင်ပါတယ်။ အဲဒီအခါ လည်ချောင်းနာတာ၊ အအေးမိတာ၊ ဗိုင်းရပ်စ်ပိုးဝင်တာ၊ အသားဝါတာနဲ့ ဖျားတာတို့လို နာမကျန်းမှုတွေဖြစ် လွယ်တတ်ပါတယ်။ ဗိုင်းရပ်စ်ပိုးဝင်တဲ့ အခြေအနေက မကြာခဏ မသက်မသာဖြစ်တတ်ပြီး အရှင်း ပျောက်ဖို့ ၅-၇ ရက်လောက် ကြာတတ်ပါတယ်။ ဒါကြောင့် ခံရခက်တဲ့ အအေးမိတာ၊ တုပ်ကွေးဖျားတာ စတဲ့ဝေဒနာတွေကို တွန်းလှန်နိုင်ဖို့နဲ့ မဖြစ်အောင် ကာကွယ်ပေးနိုင်ဖို့ အောက်ပါအစာတွေကို စားသင့်ပါတယ်။


(၁) ကြက်ဥ၊ ဘဲဥ
ကြက်ဥ၊ ဘဲဥတွေက အာဟာရအရှိဆုံး အစာတွေဖြစ်ပြီး ကြက်ဥအနှစ်၊ ဘဲဥအနှစ်ထဲမှာ သံဓာတ်၊ ဗီတာမင်အေနဲ့ ဗီတာမင်ဒီတို့ ပါဝင်ပါတယ်။ ကြက်ဥအကာမှာ ပရိုတင်းဓာတ် ပါဝင်မှုများလို့ ကူးစက်ပိုးတွေကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။ ကြက်ဥ၊ ဘဲဥကို အစိမ်းလိုက် သောက်သုံးတာထက် ကျက်အောင် ချက်ပြုတ်ပြီးမှ စားသုံးဖို့သတိရပါ။


(၂) အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ
ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ဒန့်သလွန်ရွက်စတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာ ဖောလစ်အက်စစ်၊ သံဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်စတာတွေ အများအပြား ပါဝင်နေပါတယ်။ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို တစ်ပတ်မှာ အနည်းဆုံးသုံးကြိမ်လောက် စားပေးပါ။


(၃) ပြောင်းဖူး
ပြောင်းဖူးမှာ အမျှင်ဓာတ်၊ ဗီတာမင် B12 နဲ့ ပရိုတင်းဓာတ်အများအပြား ပါဝင်နေပါတယ်။ ပြောင်းဖူးဟာ အစာကြေညက်ဖို့ အချိန်ယူတဲ့အတွက် တစ်ခါစားရင် အသင့်အတင့်ပဲ စားသင့်သလို ကြေညက်အောင် ဝါးစားဖို့တော့ လိုပါတယ်။


(၄) ကန်စွန်းဥ
ကန်စွန်းဥက အပင်ထွက်အစာတွေထဲမှာ ဗီတာမင်အေ အများဆုံးပါဝင်တဲ့ အရာပါ။ ဖောလစ်အက်စစ်နဲ့အမျှင်ဓာတ်လည်း ပါတဲ့အတွက် ကန်စွန်းဥကို တစ်ပတ်တစ်ခါ၊ နှစ်ခါ ဆိုသလို စားပေးသင့်ပါတယ်။


(၅) အခွံမာသီး
သစ်ကြားသီး၊ မြေပဲ၊ နေကြာစေ့စတဲ့ အခွံမာ သီးတွေမှာ စွမ်းအင်၊ ပရိုတင်း၊ အင်တီအောက်ဆီးဒင့်၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အိုမီဂါ ၃ ဖက်တီးအက် စစ်တို့များစွာပါဝင်နေတာကြောင့် ကိုယ်ခံအားစနစ် ကိုအားကောင်းစေပါတယ်။ ကောင်းတဲ့ ကိုလက်စထရောပါဝင်တာကြောင့် နှလုံးအကျိုးပြုရုံသာမက အူကနေ ကယ်လ်စီယမ်စုပ်ယူမှုကိုလည်း အားကောင်းစေပါတယ်။


(၆) ပင်စိမ်းရွက်
ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ ဇင့်(သွပ်)နဲ့ တခြားဗီတာမင်တွေ များစွာပါဝင်တဲ့ ပင်စိမ်းရွက်မှာ ကင်ဆာကို ဟန့်တားနိုင်စွမ်းရှိပါတယ်။ ပင်စိမ်းကို ဟင်းလျာတွေထဲထည့်ခတ်တာ ဒါမှမဟုတ် လက်ဖက်ရည်ကြမ်းထဲ ထည့်သောက်တာတို့ လုပ်ဆောင်ပေးရင် အစာကြေညက်စေပြီး အအေးမိ၊ တုပ်ကွေးသက်သာစေပါတယ်။


(၇) ပျားရည်
ပျားရည်မှာ သဘာဝသကြားဓာတ်ပါဝင်ပြီး အူလမ်းကြောင်း သန့်ရှင်းကျန်းမာစေပါတယ်။ ပျားရည်ကို လက်ဖက်ရည် ဒါမှမဟုတ် ကော်ဖီထဲမှာ သကြားအစား ထည့်သုံးနိုင်ပါတယ်။ ပျားရည်ကို တခြား ဟင်းခတ်အမွှေးအကြိုင်တွေဖြစ်တဲ့ ချင်း (ဂျင်း)၊ ငရုတ်ကောင်း၊ နနွင်းမှုန့်တွေနဲ့ ရောစားရင် ချောင်းဆိုးတာကို သက်သာစေပါတယ်။


(၈) ချင်း (ဂျင်း)
အအေးမိဝေဒနာခံစားရချိန်မှာ ချင်း(ဂျင်း) စားရင် နှာပိတ်တာကို ပွင့်သွားစေပါတယ်။ ညက်အောင်ကြိတ်ချေထားတဲ့ ချင်း(ဂျင်း)ကို ရေနွေးကြမ်းထဲ ထည့်သောက်ပေးပါ။


(၉) ဆီးဖြူသီးနှင့် လိမ္မော်သီး
ဆီးဖြူသီးနဲ့ လိမ္မော်သီးမှာ ဗီတာမင်စီများစွာ ပါဝင်တာကြောင့် ကိုယ်ခံအားစနစ် ကောင်းစေပြီး ချောင်းဆိုးတာနဲ့အအေးမိဝေဒနာတို့ကို ကင်းစင်စေပါတယ်။ ဒါ့အပြင် အစာကနေ သံဓာတ်စုပ်ယူနိုင် စွမ်းကို တိုးစေပါတယ်။


(၁၀) ရေ
ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးနိုင်တဲ့ ရေကို ပုံမှန်သောက်သုံးတာကြောင့် ရေဓာတ်ပြည့်ဝစေပါတယ်။ သင်ဖျားနေရင်၊ အအေးမိနေရင် ဒါမှမဟုတ် ချောင်းဆိုးနေရင် ရေများများ သောက်ပေးပါ။ သင့်ခန္ဓာကိုယ်ကနေ အဆိပ်အတောက်တွေ ထွက်ရှိသွားမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top