Healthy Life Ad
Life Style

မလိုအပ်ဘဲ ဆေးထိုးခြင်း(၁) (Unnecessary Injection)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

အမြန်အဖျားကျတာကို လိုလားသူတွေအတွက် အဖျားကျဆေးအပြင် အရောင်ကျဆေးတွေ ထည့်ထိုးမိရင် သွေးချိုတက်တဲ့အပြင် တခြားဆိုးကျိုးတွေ ရရှိနိုင် . . .

ဆေးခန်းပြရင် ဆေးထိုးလိုက်မှာပဲဆိုတာ လူနာအတော်များ သိပြီးဖြစ်ပါတယ်။ ဆေမထိုးဘဲ ကုချင်တယ်လို့ ငြင်းဆိုတဲ့လူနာလည်း အလွန်ရှားပါတယ်။ ဆေးထိုးပြီးကုမှ ဆရာဝန်ရဲ့ တာဝန်ကျေပွန်မှာလား။ လူနာတွေအဖို့ ဆေးထိုးတာက မဖြစ်မနေ လုပ်ရမယ့် တစ်ခုတည်းသော ကုထုံးလို့ထင်နေသလား။ တခြားဆေးမထိုးဘဲ ကုလို့မရနိုင်ဘူးလို့ ယူဆသလား။ ဆေးခန်းသွားရင် ဆေးထိုးဖို့ သွားတာ၊ သောက်ဆေးပဲပေးရင် ဒီဆေးတွေနေရာတကာ ဝယ်သောက်လို့ရသားပဲ။ ဆရာဝန်စမ်းသပ်ခ ထပ်ကုန်တာပဲ အဖတ်တင်တယ်။ လူနာတော်တော်များများက ဒီလိုပဲယူဆနေကြတာတွေ့ ရှိရပါတယ်။ ဒါက အစွဲအလမ်းအစဉ်အလာ တစ်ခုလိုဖြစ်နေပါတယ်။ တချို့ လိုအပ်လို့ ဆေးထိုးရတာရှိသလို တချို့က မလိုအပ်ဘဲ ဆေးထိုးတာရှိပါတယ်။ လူနာက လိုလားလို့ ဒါမှမဟုတ် ဆရာဝန်က လိုလားလို့ထိုးဖြစ် ကြပါတယ်။ ဆေးခန်းမှာ ဆေးထိုးတာနဲ့ ပတ်သက်တဲ့ ဆေးလောက ဗဟုသုတလေးတွေကို ပြောပြပါမယ်။

ဒီနေ့ ဒေါ်ကြည်ဆိုတဲ့ ဆီးချိုသွေးချိုရောဂါ လူနာတစ်ဦး ပြင်ပလူနာဌာနမှာ သွေးချိုမထိန်းနိုင်တော့လို့ ချိန်းရက်မရောက်သေးဘဲ အရေးပေါ် ပြန် လာပြပါတယ်။
“ ခါတိုင်း ကျွန်မရဲ့ သွေးချိုအမှတ်တွေက ဆရာမတို့ ကျစေချင်တဲ့ အမှတ်ထိ အမြဲရောက်နေတာ အခုတလော အစားလည်းမမှားဘဲ ဘာကြောင့် အဲ့ဒီလောက် တက်နေတာလဲ မသိတော့ပါဘူး”လို့ ဒေါ်ကြည်က ဇဝေဇဝါဖြစ်ပြီး မေးလာပါတယ်။

“သွေးချိုမှတ်တမ်းလေးပြပါဦး . .”ဆိုပြီး ဆရာမ မှတ်တမ်းယူကြည့်လိုက်တော့ သွေးချိုတက်နေတာ တွေ့ရပါတယ်။
“ အင်း . . သွေးချိုက နံနက်စောစောတွေမှာ အမြဲတမ်း ၁၂၀ ကနေ ၁၃၀ လောက်ပဲရှိနေရာက အခု ဒီ ၃၀ရက်နေ့ ရောက်တော့မှ ရုတ်တရက် ၂၀ဝ ကျော်သွားတာ သဘာဝမကျဘူး။ စားပြီးများတာက အစားမှားတာကြောင့်ဆိုပြီး ပြောလို့ရပေမယ့် နံနက် စောစောမှာ သဘာဝအလျောက် အခုလိုပြောင်းလဲဖို့ အနည်းဆုံး နှစ်နှစ်လောက်စောင့်ရမယ်။ ဒါကြောင့် တစ်ရက်အတွင်း သွေးချိုမြင့်တက်သွားစေတဲ့ အကြောင်းရင်းတွေ ရှာကြည့်ဖို့ လိုပါတယ်။

ဒေါ်ကြည် ဒီတလော ဖျားသေးလား . .ပြီးတော့ ဆေးများ ထိုးမိသေးသလား . .”လို့ မေးလိုက်တော့-
“ နှာစေးပြီး တစ်ရက်ပဲဖျားတာ ဆေးထိုးလိုက်တာနဲ့ ချက်ချင်း အဖျားကျသွားပြီး နေကောင်းသွားပါပြီ ဆရာမ”လို့ ဒေါ်ကြည်က ပြန်ဖြေပါတယ်။
“ ဒါဆိုရင် ထိုးဆေးမှာ အရောင်ကျတဲ့ဆေးနဲ့ အဖျားကျစေတဲ့ဆေး၊ အကိုက်ခဲပျောက်ဆေးတွေ ရောစပ်ထိုးလိုက်တာ ဖြစ်နိုင်ပါတယ်။ ဒီထဲမှာ အရောင်ကျဆေး ဒက်ဆာမီသာစုံးပါမိရင် သွေးချိုတစ်ဟုန်ထိုးတက်သွားစေနိုင်တယ်”လို့ ဆရာမက ရှင်းပြလိုက်တော့-

“ အင်း ဟုတ်နိုင်တယ် ဆရာမ။ ထိုးပြီး ချက်ချင်း အဖျားက လုံးဝပြန်မတက်တော့ဘူး။ တော်တော် ထိရောက်တာပဲ။ ဒီဆေးက သွေးချိုတက်တတ်မှန်း မသိခဲ့ဘူး။ ဒါဆို သွေးချိုဆေး တိုးသောက်ရမလား ဆရာမ”လို့ ဒေါ်ကြည်က ဆိုပါတယ်။
“ ခဏ စောင့်ကြည့်လိုက်ပါဦး . . နောက်တစ် ပတ်လောက်ဆို သူ့အလိုလိုသွေးချိုတွေ ပြန်ကျလာမှာ . . သွေးချိုဆေးတိုးလိုက်မိရင်လည်း သွေးချို အကျလွန်တာဖြစ်တတ်တယ်။ နောက်တစ်ပတ်မှာ မကျရင်တော့ ဆေးတိုးပေးတာပေါ့။ ဖျားရင် ဆေးထိုးဖို့ မဖြစ်မနေလိုမှ ထိုးသင့်ပါတယ်။ ရောဂါတွေဟာ အများအားဖြင့် ဆေးမထိုးဘဲ ကုသလို့ ရပါတယ်”

“ မသိလို့ပါ ဆရာမ . . ကျွန်မတို့က ဆေးမထိုးရင် ရောဂါမပျောက်ဘူးလို့ ထင်မိတာ။ ငယ်ငယ်ကတည်းက နေမကောင်းရင် အမြဲဆေးထိုးပြီး ကုရတာဆိုတော့ ဆေးထိုးတာကိုပဲ အားသန်ကြတယ်။ ဆေးမထိုးပေးဘဲ ကုနေတဲ့ဆရာဝန်ကိုလည်း သိပ်မကြိုက်ကြဘူး” လို့ ဒေါ်ကြည်က သူ့စိတ်ထဲရှိတဲ့အတိုင်း ပြောပြပါတော့တယ်။

ဒီဖြစ်စဉ်ကိုကြည့်ရင် တုပ်ကွေးရောဂါဆိုတာ တစ်ရက်-နှစ်ရက်အပြင်းဖျားလေ့ရှိပြီး ဘာဆေးမှ မသောက်ရင်လည်း သုံးရက်ကျော်တာနဲ့ အလိုအ လျောက် အဖျားကျသွားပါတယ်။ တုပ်ကွေးမှန်ရင်ပေါ့လေ။ အကိုက်အခဲပျောက်ဆေး အဖျားကျဆေးတွေကို ဖျားနေစဉ် ဝေဒနာသက်သာဖို့အတွက် ပေးရတာပါ။ ထိုးဆေးနဲ့ဖြစ်ဖြစ်၊ သောက်ဆေးနဲ့ဖြစ်ဖြစ် နှစ်ရက်-သုံးရက်ကတော့ ဖျားမှာပဲ ဖြစ်ပါတယ်။ တုပ်ကွေးပိုးသတ်တဲ့ ဆေးကို သုံးလေ့မရှိပါဘူး။ အမြန်အဖျားကျတာကို လိုလားသူတွေအတွက် အဖျားကျဆေးအပြင် အရောင်ကျဆေးတွေ ထည့်ထိုးမိရင် သွေးချိုတက်တဲ့အပြင် တခြား ဆိုးကျိုးတွေ ရရှိနိုင်ကြောင်း သတိပြုဖို့လိုပါတယ်။

ဆက်လက်ဖော်ပြပါမည်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top