Healthy Life Ad
Life Style

သင်အကြိုက်ဆုံး ကားအမျိုးအစားက သင့်အကြောင်း ပြောပြနေပါတယ်

၊ ကိုထက် ၊

လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် သဘောကျနှစ်သက်တဲ့ ကားအမျိုးအစားတွေ မတူညီကြပါဘူး။ လူငယ်တွေက ပြိုင်ကားတွေမောင်းချင်တယ်၊ လူကြီးတွေက ဇိမ်ခံကားတွေသဘောကျတယ်၊ တချို့ကလည်း အကြမ်းခံတဲ့ကား သဘောကျတယ်စသဖြင့် ကွဲလွဲနေကြပါတယ်။ ဘယ်လိုကားကို သဘောအကျဆုံးလဲဆို တာပေါ်မူတည်ပြီး ဘယ်လိုစိတ်နေသဘောထားရှိတတ်သလဲဆိုတဲ့ ခန့်မှန်းချက်တွေကို ကယ်လီဖိုးနီးယားရှိ UC Davis သုတေသနဌာနမှ အနည်းငယ်လေ့လာထားတာ ရှိတယ်လို့ဆိုပါတယ်။


– စမတ်ကား ဒါမှမဟုတ် ကားသေးသေးလေးတွေကို အကြိုက်ဆုံးဆိုရင် လိုက်လျောညီထွေရှိရှိ နေတတ်သူပါ
ကားသေးသေးလေးတွေကို ပိုင်ဆိုင်ချင်သူတွေ၊ သဘောကျနှစ်သက်တယ် ဆိုသူတွေဟာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် နေတတ်သူတွေဖြစ်ပါတယ်။ အလုပ်ကို အရမ်းကြိုးစားတတ်သူတွေတော့ မဟုတ်ကြပါဘူး။ ဖြတ်ထိုးဉာဏ်ရှိတတ်ကြပြီး တွေးတောပြီးမှ လုပ်တတ်သူတွေဖြစ်ကြပါတယ်။ အသုံးအဖြုန်း နည်းသူတွေလည်းဖြစ်ကြပါတယ်။ ကိုယ်ရဲ့ အခြေအနေအမှန်ကိုလည်း သူများတွေကို ပေးမသိတတ်ကြပါဘူး။ ပြဿနာတွေကို မဖြစ်ခင်ထဲက ရှောင်လေ့ရှိကြပါတယ်။


– အိမ်စီးဆလွန်းကားတွေကို အကြိုက်ဆုံးဆိုရင် စိတ်အပူအပင်ကင်းစွာ နေတတ်သူပါ
ပုံမှန် အိမ်စီးဆလွန်းကားတွေကိုပဲ သဘောကျသူတွေက အများအားဖြင့် သာမန်လူတွေပဲဖြစ်တယ်လို့ ဆိုပါတယ်။ စွန့်စားရတာတွေကို သိပ်ပြီး သဘောမကျကြပါဘူး။ ခရီးသွားတဲ့အခါမျိုးမှာ လိုင်းကားစီးသွားရတာ ပိုသဘောကျတတ်ကြပါတယ်။ တစ်နေ့တာကို အေးအေးချမ်းချမ်း အပူအပင်ကင်းကင်းသာ ဖြတ်သန်းလိုသူတွေဖြစ်ကြပါတယ်။ စိတ်ရှည်တတ်ကြပါတယ်။ အပြောင်းအလဲတွေကို သိပ်ပြီးသဘော မကျတတ်ကြပါဘူး။


– ဇိမ်ခံကားတွေကို အကြိုက်ဆုံးဆိုရင် အဆင့်အတန်းမြင့်မြင့်နေလိုသူပါ
တန်ဖိုးကြီးဇိမ်ခံကားတွေကို သဘောအကျဆုံး ဆိုသူတွေဟာ ခန့်မှန်းနေစရာမလိုအောင် ဇိမ်ကျကျ နေတတ်သူတွေဖြစ်ကြပါတယ်။ စိတ်ဆတ်သူတွေလည်း ဖြစ်တတ်ကြပါတယ်။ ခရီးသွားရတာကို သဘောကျပြီး ခရီးဝေးတွေကိုကိုယ်တိုင် မောင်းပြီးသွားရတာကို နှစ်သက်သူတွေဖြစ်ကြပါတယ်။ အသစ်အဆန်းတွေကို လေ့လာရတာကို သဘောကျကြပါတယ်။ အဆင့်အတန်းမြင့်မြင့် နေလိုတဲ့အတွက် စီးပွားရေး ကိစ္စတွေကို အားထည့်ပြီး ကြိုးစားသူတွေ ဖြစ်ကြပါတယ်။


– ပြိုင်ကားတွေကို အကြိုက်ဆုံးဆိုရင် ရဲဝင့်စွာ ပြုလုပ်ဆောင်ရွက်တတ်သူပါ
လူငယ်လူရွယ်ပိုင်းတွေ အများဆုံးလိုချင်ကြတဲ့ ပြိုင်ကားတွေကို သဘောကျသူတွေဟာ စွန့်စွန့်စားစား လုပ်ရတာကို သဘောကျသူတွေဖြစ်ကြပါတယ်။ ခေတ်မီတဲ့ အရာတွေကို သဘောကျတတ်ကြပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူတွေထက် အေးတိအေးစက်နိုင်သူက ပိုများတတ်ပါတယ်။ အစွဲအလန်းကြီးကြပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ အပူအပင်ကင်းကင်း ဘဝကို ဖြတ်သန်းလေ့ရှိကြပါတယ်။ စူးစမ်းလိုစိတ်လည်းများကြပါတယ်။


– ဗန်ကားတွေကို အကြိုက်ဆုံးဆိုရင် စိတ်ရှည်သည်းခံသူပါ
ဗန်ကားတွေကို သဘောကျနှစ်သက်ကြသူတွေဟာ စိတ်ရှည်သည်းခံနိုင်စွမ်း မြင့်ကြသူတွေဖြစ်ကြပါတယ်။ အပေါင်းအသင်းနဲ့ မိသားစုတွေကို ခင်မင်တွယ်တာသူတွေဖြစ်ကြပါတယ်။ ခရီးသွားရတာ စွန့်စားရတာ သဘောကျကြပါတယ်။ ဟာသဉာဏ်လည်း ရှိကြပါတယ်။ အပေါင်းအသင်းတွေရဲ့ ယုံကြည်မှုကို ရရှိတတ်သူ တွေဖြစ်ကြပါတယ်။ ကြင်နာသနားတတ်ပြီး သူများကိုကူညီရတာကို သဘောကျသူတွေဖြစ်ကြပါတယ်။


– Pickup အမျိုးအစားကို အကြိုက်ဆုံးဆိုရင် အလုပ်ကြိုးစားသူပါ
Pickup ကားအမျိုးအစားကို သဘောကျသူတွေဟာ အလုပ်ကြိုးစားသူတွေဖြစ်ကြပါတယ်။ အမြဲတမ်း အသစ်အသစ်တွေကို သိရှိချင်ပြီး ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်နေတတ်ကြပါတယ်။ အပေါင်းအသင်းတွေထက်ကိုတောင် အလုပ်ကိုပိုချစ်ကြသူတွေဖြစ်ပါတယ်။ အေးအေးဆေးဆေးနေနေရတာကို သဘောမကျကြပါဘူး။ ဉာဏအားထက် လုပ်အားကို ပိုပြီးယုံကြည်သူတွေလည်း ဖြစ်တတ်ကြပါတယ်။ သီးသန့်နေတတ်ကြပါတယ်။


– SUV အမျိုးအစားကို အကြိုက်ဆုံးဆိုရင် မိမိကိုယ်ကိုယ် ယုံကြည်ချက်အပြည့်ရှိသူပါ
SUV အမျိုးအစားတွေကို သဘောကျနှစ်သက်သူတွေဟာ စွမ်းအင်အပြည့်ရှိနေတဲ့ပုံဖြစ်ရတာကို သဘောကျကြပါတယ်။ အချစ်ကြီးတတ်သူတွေလည်း ဖြစ်ကြပါတယ်။ မိမိကိုယ်ကိုယ်ယုံကြည်ချက် ပြင်းထန်ပါတယ်။ တစ်ခါတစ်ရံ တစ်ကိုယ်ကောင်းဆန်တယ်လို့ ပတ်ဝန်းကျင်က ထင်တာခံရတတ်ပါတယ်။ အောင်မြင်မှုတစ်ခုရပြီးတိုင်း ကျေနပ်အားရပြီးနောက်ထပ်အောင် မြင်မှုတွေကို ရယူလိုစိတ်ရှိတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top