Healthy Life Ad
Child

လိင်တူချစ်သူတွေကို မဆန့်ကျင်ပေမယ့် ကိုယ့်သားသမီးကို လိင်တူချစ်သူ မဖြစ်စေချင် . .

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

မေး။ ။ ကျွန်မက လိင်တူချစ်သူတွေကို ဆန့်ကျင်တဲ့သူ မဟုတ်ပါဘူး ဆရာ။ သူတို့မှာလည်း သူတို့ အခွင့် အရေးရှိတဲ့အတွက် လူ့အဖွဲ့အစည်းကို ဒုက္ခပေးနေတာမဟုတ်ရင် လိင်တူချစ်သူတွေကို ဘယ်လိုမှ သ ဘောမထားပါဘူး။ ဒါပေမဲ့ ဆရာ . . ကျွန်မမှာ သားလေးနဲ့ သမီးလေး နှစ်ယောက် မွေးလာတော့ အရင်ဆုံး ကိုယ်လက်အင်္ဂါစုံရဲလားဆိုတာ စိတ်ပူတယ်၊ ကိုယ်လက်အင်္ဂါစုံပြန်တော့လည်း ကလေးက ဉာဏ် ရည်ဖွံ့ဖြိုးရဲ့လား၊ Autism လေးများ ဖြစ်နေမလား ဆိုပြီး စိတ်ပူရပြန်ရော . . ကလေးက ပုံမှန်အတိုင်းပဲ ဉာဏ်ရည်လည်း ပုံမှန်ပဲ ဆိုတာသိရပြန်တော့ကျွန်မ စိတ်ထဲ ပူပင်စိတ်တစ်မျိုးဝင်လာပြန်ပါတယ် ဆရာ . .

အဲဒါကတော့ သားနဲ့ သမီးကို ယောကျာ်းလျာ၊ မိန်းမလျာလေးတွေ ဖြစ်လာမှာ စိုးတာပါပဲ။ ကျွန်မတို့ ပတ်ဝန်းကျင်မှာ အခုဆိုရင် ယောကျာ်းလျာ၊ မိန်းမလျာအပြင် Homo၊ နှစ်ဖက်ချွန် စသဖြင့် တွေ့ရတာ များလာတယ် ဆရာ . .ကျွန်မစိတ်ထင် အရင်ကထက် များလာသလိုပါပဲ၊ ပိုပဲ ပွင့်လင်းလာလို့လား မပြောတတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် သူတို့ကို ကျွန်မ ဆန့်ကျင်တာမဟုတ်ပေမယ့် ကျွန်မ သားလေးနဲ့ သမီးလေးကို အဲဒီလို လိင်တူချစ်သူ မဖြစ်စေချင်ပါဘူး ဆရာ။ သားလေးက သုံးနှစ်၊ သမီးလေးက တစ်နှစ်ကျော်အရွယ်ပါ။ ကလေးတွေ အရွယ်ရောက်လာရင် လိင်တူချစ်သူမဖြစ်လာစေဖို့ အခုကတည်းက ကျွန်မဘယ်လို ထိန်းသိမ်းသင့်ပါသလဲ သိချင်လို့ပါဆရာ။
မြတ်နိုးခင်၊ ကျောက်မြောင်း။

ဖြေ။ ။ လိင်တူချစ်စိတ်ရှိတာက စိတ်ရောဂါမဟုတ်ပါဘူး။ ဒါပေမဲ့ လိင်တူချစ်စိတ်ရှိတာနဲ့ ရောထွေးနားလည်တတ်တဲ့ ဖိုမသဘာဝချို့ယွင်းမှု တချို့တော ့ရှိပါတယ်။ အဲဒါတွေကို ရှေးဦးစွာရှင်းပြပါမယ်။

‘ကလေးငယ်တွေဟာ အသက် သုံးနှစ်ဝန်းကျင်မှာ ကျား-မခွဲခြား သိရှိခံယူစိတ်ရှိနေပြီလို့ သိရပါတယ်။ ယောကျာ်းလေးက ‘ငါဟာ ယောကျာ်းလေးဆို တာသိတယ်၊ လက်ခံတယ်၊ ယောကျာ်းလေးလို ပြုမူတယ်’၊ မိန်းကလေးကလည်း ‘ငါဟာ မိန်းကလေး ဆိုတာ သိတယ်၊ လက်ခံတယ်၊ မိန်းကလေးလို ပြုမူတယ်’. . .’

ဖိုမ မသဲကွဲသော ရောဂါ

ဆေးပညာဝေါဟာရကတော့ Intersexual ဖြစ်ပါတယ်။ ဥပမာ မိန်းကလေးဖြစ်ရက်နဲ့ သားဥအိမ်မရှိတဲ့ ရောဂါ၊ ယောကျာ်းလေးဖြစ်ရက်နဲ့ ဝှေးစေ့နဲ့လိင်တံသေးငယ်လွန်းတဲ့ ရောဂါ၊ ဖိုလိင်အင်္ဂါလိုလို မလိင်အင်္ဂါလိုလို ပူးတွဲပါနေတဲ့ ရောဂါတို့ ဖြစ်ပါတယ်။ အဲဒီရောဂါတွေဟာ မွေးရာပါအင်္ဂါချို့ ယွင်းရောဂါတွေဖြစ်တယ်။ လိင်ဗီဇမျိုးစေ့အိတ် (XY Chromosome ) အတွဲချို့ယွင်းတာ ဒါမှမဟုတ် သန္ဓေသားဘဝမှာ လိင်အင်္ဂါစု ဖြစ်ပေါ်ကြီးထွားမှု ချို့ယွင်းတာတို့ကြောင့် ဖြစ်ပွားကြောင်း သိရပါတယ်။ ဖိုမ မသဲကွဲတဲ့ရောဂါရှိရင် မွေးစအရွယ်ကတည်းက သိသာပါတယ်။

ကျား-မသိရှိခံယူမှု ချို့ယွင်းဝေဒနာ

ဆေးပညာဝေါဟာရကတော့ Gender Dysphoria ဖြစ်ပါတယ်။ မွေးစကလေးငယ်မှာ ဖိုမလိင်အင်္ဂါအပြည့်အစုံ ပါရှိပါတယ်။ ဒါပေမဲ့ ကလေးလူငယ်ရဲ့ စိတ်ထဲမှာ “ကျား-မ သိရှိခံယူတဲ့စိတ်” (Gender Identity) ဖြစ်ပေါ်မှု ချို့ယွင်းနေတတ်ပါတယ်။
ကလေးငယ်တွေဟာ အသက်သုံးနှစ်ဝန်းကျင်မှာ ကျား-မခွဲခြား သိရှိခံယူစိတ်ရှိနေပြီလို့ သိရပါတယ်။ ယောကျာ်းလေးက “ငါဟာ ယောကျာ်းလေး ဆိုတာသိတယ်၊ လက်ခံတယ်၊ ယောကျာ်းလေးလို ပြုမူတယ်”၊ မိန်းကလေးကလည်း “ငါဟာ မိန်းကလေးဆိုတာ သိတယ်၊ လက်ခံတယ်၊ မိန်းကလေးလို ပြုမူတယ်”။
ဒါပေမဲ့ ယောကျာ်းလေး-မိန်းကလေးတွေထဲမှာ ကျား-မ သိရှိခံယူမှု ချို့ယွင်းလာတဲ့ ကလေးတွေ ရှိပါတယ်။ ယောကျာ်းလေးက မိန်းကလေး ဖြစ်ချင်တယ်၊ မိန်းကလေးလို ဝတ်ဆင်တယ်၊ မိန်းကလေးလို ပြုမူတယ်၊ မိန်းကလေးတွေနဲ့ပဲသူငယ်ချင်းလို ပေါင်းတယ်၊ မိန်းကလေး ကစားနည်းတွေကို ကစားချင်တယ်၊ ‘မိန်းမလျာ’ (Sissyboys) ဖြစ်နေတယ်။

မိန်းကလေးကတော့ ယောကျာ်းလေးဖြစ်ချင်တယ်၊ ယောကျာ်းလေးလိုဝတ်ဆင်တယ်၊ ယောကျာ်းလေးလိုပြုမူတယ်၊ ယောကျာ်းလေးတွေနဲ့ပဲ သူငယ်ချင်းလိုပေါင်းတယ်၊ ယောကျာ်းလေး ကစားနည်းတွေကို ကစားချင်တယ်၊ ‘ယောကျာ်းလျာ’(Tomboys) ဖြစ်နေတယ်။
အမေရိကန်နိုင်ငံမှာ အသက် ၁၀နှစ်မှ ၁၂ နှစ်အတွင်း ကလေးလူငယ်တွေကို လေ့လာကြည့်တဲ့အခါ ၁၀ ရာခိုင်နှုန်းဟာ “မိန်းမလျာ/ယောကျာ်းလျာ” စိတ်ပေါက်နေကြောင်း တွေ့ရှိရပါတယ်။

အဲဒီကလေးတွေကြီးပြင်းလာရင် ဘယ်လိုဖြစ်သွားသလဲ။ ၅၀ရာခိုင်နှုန်းဟာ ဖို-မ သိရှိခံယူမှု ပုံမှန် ဖြစ်သွားတယ်။ ငယ်ငယ်ကအကျင့်တွေ ပျောက်သွားပါတယ်။ ကျန်တဲ့ ကလေးလူငယ်တွေမှာ အရွယ်ရောက်လာတဲ့အထိ ‘မိန်းမလျာ/ယောကျာ်းလျာ’ ဖြစ်နေတုန်းပါပဲ။ အဲဒီအထဲမှာ အလွန်အမင်း စိတ်ဓာတ် ပြင်းထန်ရင် “ကျား-မ သိရှိခံယူမှု ချို့ယွင်းဝေဒနာ”(Gender Dysphoria) လို့ ခေါ်ပါတယ်။ လူထုလက်ခံအောင် အသုံးပြုတဲ့ ဝေါဟာရကတော့ “Transgender” ဖြစ်ပါတယ်။ အဲဒီလို ဝေဒနာရှင်တွေဟာ လိင်လွှဲပြောင်းဖို့ ဆေးကုသမှု အမျိုးမျိုး ခံယူကြပါတယ်။ ဟော်မုန်းနဲ့ ကုသတာ၊ လိင်ပြောင်းခွဲ စိတ်ကုသတာတို့ ဖြစ်ပါတယ်။

ကျား-မ သိရှိခံယူမှု ချို့ယွင်းဝေဒနာရှိသူအများအပြားမှာ လိင်တူချစ်စိတ်ရှိပါတယ်။ ဒါပေမဲ့ လိင်တူ ချစ်စိတ်ရှိသူအများစုမှာ “ဖို-မ မသဲကွဲတဲ့ ရောဂါ”မရှိဘူး။ “ကျား-မ သိရှိခံယူမှု ချို့ယွင်းဝေဒနာ”လည်း မရှိပါဘူး။

လိင်တူချစ်စိတ်ရှိခြင်း၏ သဘော

ဖိုမသဘာဝ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်မှာ လိင်ဆန္ဒဦးတည်ခြင်း (Sexual Orientation )ဆိုတာ ဖြစ်ပေါ်လာပါတယ်။ တစ်ဦးဦးကို လိင်ဆန္ဒနဲ့ချစ်စိတ် ဝင်တာဖြစ်ပါတယ်။ အဲဒီဖိုမသဘာဝ အရည်အချင်းဟာ ကျားမခွဲခြားသိရှိခံယူတဲ့စိတ် (Gender Identity) မဟုတ်ပါဘူး။

လိင်ဆန္ဒဦးတည်ခြင်း သုံးမျိုးရှိပါတယ်။ လိင်ကွဲချစ်စိတ်ရှိသူ (Heterosexual)၊ လိင်တူချစ်စိတ် ရှိသူ (Homosexual)နဲ့ လိင်ကွဲ-လိင်တူချစ်စိတ်ရှိ သူ(Bisexual)တို့ ဖြစ်ပါတယ်။
၁၉၉၄ ခုနစ်မှာ ကောက်ယူထားတဲ့ စာရင်းအရ အမေရိကန်နိုင်ငံမှာ လိင်တူချစ်စိတ်ရှိသူ ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ ရှိကြောင်း သိရပါတယ်။ သြစတြေးလျနိုင်ငံ ၂၀၁၁ ခုနစ်စာရင်းမှာ အတူနေ စုံတွဲ (Defacto) တွေထဲမှာ သုံးရာခိုင်နှုန်းဟာ လိင်တူချစ်စိတ်ရှိတဲ့ စုံတွဲတွေဖြစ်ပါတယ်။

လိင်တူချစ်စိတ်ရှိခြင်းနှင့် ဆေးပညာအမြင်

လိင်တူချစ်စိတ်ရှိတာကို စိတ်ရောဂါလို့ သတ်မှတ်ခြင်းမပြုဖို့ အမေရိကန် စိတ်ကျန်းမာရေး ဆရာဝန်များအသင်းက ၁၉၇၃ ခုနစ်မှာ ညွှန်ကြားခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၀ ခုနစ်မှာ လိင်တူချစ်စိတ်ရှိတာကို “စိတ်ရောဂါဝေဒနာ ဖော်ထုတ်ခြင်း လက်စွဲစာအုပ်”မှ ဖယ်ထုတ်လိုက်ပါတယ်။
လိင်တူချစ်စိတ်ရှိခြင်း ဘာကြောင့် ဖြစ်ပေါ်လာရသလဲ။ ဒီမေးခွန်းကို ဖြေဆိုဖို့ အမေရိကန်စိတ် ပညာရှင်များအဖွဲ့၊ အမေရိကန် စိတ်ကျန်းမာရေး ဆရာဝန်များအဖွဲ့နဲ့ အမေရိကန်နိုင်ငံလုံးဆိုင်ရာ လူ မှုဝန်ဆောင်ပညာရှင်များ အဖွဲ့ရဲ့ သဘောထား (၂၀ဝ၇ ခုနစ်)ကို ဖော်ပြလိုက်ပါတယ်။
“လိင်ကွဲချစ်စိတ်ရှိခြင်း၊ လိင်တူချစ်စိတ်ရှိခြင်း၊ လိင်တူ-လိင်ကွဲချစ်စိတ်ရှိခြင်း၊ အဘယ်ကြောင့် ကွဲပြားလာတာကို သိရှိဖို့ နှစ်ပေါင်းများစွာ လေ့လာခဲ့ပါတယ်။ ဗီဇမျိုးစေ့ရှုထောင့်၊ ဟော်မုန်းဓာတ် အာနိသင်ရှုထောင့်၊ စိတ်ပညာရှုထောင့်၊ လူမှုရေးရှုထောင့်၊ ဘဝအတွေ့အကြုံရှုထောင့်၊ ယဉ်ကျေးမှုဓလေ့ထုံးစံ ရှုထောင့်အမျိုးမျိုးမှ လေ့လာခဲ့ကြပါတယ်။ ဒါပေမဲ့ ဘယ်အချက်က အဓိကဖြစ်တယ်ဆိုတာကို အတိအကျ မပြောနိုင်သေးပါ”

လိင်တူချစ်စိတ်ကို ကာကွယ်ကုသဖို့ မလိုပါ

လိင်တူချစ်စိတ်ရှိသူတွေဟာ မိမိတို့ရဲ့ လိင်ဆန္ဒ ဦးတည်ခြင်းသဘာဝကို လက်ခံကြပါတယ်။ အဲဒါကို ပြုပြင်ပြောင်းလဲလိုစိတ်မရှိပါဘူး။ လူထုအတွင်းမှာ သူတို့ကိုလက်ခံပြီး တန်းတူဆက်ဆံဖို့ပဲ လိုလားကြပါတယ်။ ဒါကြောင့် စိတ်ကျန်းမာရေးဆေးပညာမှာ လိင်တူချစ်စိတ်ကို ကာကွယ်ဖို့၊ ကုသဖို့ ညွှန်ကြားမှုမရှိပါဘူး။ ဒါပေမဲ့ လိင်တူချစ်စိတ်ရှိသူ ရရှိလာနိုင်တဲ့ ကူးစက်ရောဂါတွေကို ကာကွယ်နိုင်ဖို့ ပညာပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top