Healthy Life Ad
Health Tips

အဝေးရောက်ချစ်သူနှင့် ချစ်ခရီးလမ်း ချောမွေ့စေရန်

ကိုထက်
ချစ်သူတွေ တစ်နယ်စီ၊ တစ်နိုင်ငံစီခြားပြီး နေထိုင်ရတဲ့အခါ မီးဝေးချိတ်မာပမာ သွေးအေးပြီး အနှစ်နှစ်အလလက ခိုင်မြဲအောင်ချည်နှောင်ထားခဲ့တဲ့ သံယောဇဉ်ကြိုး ပြတ်တောက်သွားတာ၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု လျော့နည်းလာတာ၊ ချစ်ခြင်းမေတ္တာ ကင်းမဲ့လာတာတွေ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒါပေမဲ့ ချစ်သူစုံတွဲတွေ တိုင်းတော့ အနေဝေးတိုင်း ပြတ်တောက်လေ့ မရှိပါဘူး။ တချို့စုံတွဲတွေမှာ ဘယ်လောက်ဝေးဝေး… လက်တွဲမဖြုတ်ဘဲ ချစ်ခင်မြဲ၊ ကြင်နာမြဲ၊ သက်ဆုံးတိုင် သစ္စာရှိရှိ ချစ်ခင်ပေါင်းဖော်သွားရတတ်ပါတယ်။ အဲဒီလို ချစ်ခြင်းမေတ္တာ ခိုင်မြဲဖို့ရာအတွက် ဘယ်လိုအချက်တွေကို လိုက်နာဖို့ လိုအပ်သလဲဆိုတာ အဝေးရောက်ချစ်သူတိုင်း သိရှိထားသင့်ပါတယ်။

ပွင့်ပွင့်လင်းလင်း ပြောဆိုပါ
တစ်ယောက်နဲ့တစ်ယောက် ဝေးနေချိန်မှာ နီးနေစဉ်ကလို စိတ်ဆိုးစိတ်ကောက်ဖြစ်လာရင် မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ဖြေရှင်းဖို့၊ စိတ်ဆိုးစိတ်ကောက်ရတဲ့ အကြောင်းရင်းကို ထိပ်တိုက်တွေ့ဆုံပြီး ရှင်းဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ အဲဒီအချိန်မှာ ပြဿနာဖြစ်လာရင် ဖုန်းနဲ့ဖြေရှင်းရုံနဲ့လည်း အလွယ်တကူ အဆင်မပြေနိုင်ပါဘူး။ အဲဒီအခါ အပြတ်အပြတ်နဲ့ နှာခေါင်းသွေးထွက်ရတယ်ဆိုသလို အသေးအဖွဲကိစ္စလေးနဲ့ ပြတ်တောက်ရတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အစကတည်းက သင့်ချစ်သူစိတ်ဆိုး၊ စိတ်ကောက်ဖြစ်လာနိုင်တဲ့ ကိစ္စတွေကို ကြိုတင်ရှင်းပြထားပါ။ “ သူမသိလောက်ပါဘူးလေ ”ဆိုပြီးတော့များ သွားမလုပ်ပါလေနဲ့။ မသိအောင် လျှို့ဝှက်မထားနိုင်ဘဲ မတော်တဆ သိသွားမယ်ဆိုရင် သင့်ချစ်သူအနေနဲ့ ပိုပြီး စိတ်ထိခိုက်ဝမ်းနည်းဖွယ်ရာ ရှိပါတယ်။သင်တို့ ဆက်ဆံရေးလည်း ပိုပြီး အဆင်မပြေဖြစ် သွားနိုင်ပါတယ်။

သစ္စာရှိပါ
သစ္စာရှိတာဟာ ကျွန်တော်တို့မြန်မာလူမျိုးတွေ ရှေးရှေးကတည်းက ထိန်းသိမ်းလာခဲ့တဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု တစ်ရပ်ပါ။ အဲဒီလိုပဲ တစ်လင်တစ်မယားစနစ် ကျင့်သုံးတာကလည်း ယဉ်ကျေးမှု ထုံးတမ်းစဉ် လာတစ်ရပ်ကို စောင့်ထိန်းတဲ့ အပြုအမူပါပဲ။ ဒီယဉ်ကျေးမှုကို စောင့်ထိန်းတဲ့အတွက် လိင်ဆက်ဆံ ဖော်များသူတွေမှာ အဖြစ်များတတ်တဲ့ ဆစ်ဖလစ် ကာလသားရောဂါပိုး၊ HIV ပိုး၊ ဂနိုဆီးပူညောင်းကျ ရောဂါပိုးစတဲ့ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေ တောင်ကင်းဝေးပြီး နေနိုင်ပါလိမ့်မယ်။ ဒါ့အပြင် သင့်ချစ်သူရဲ့ ယုံကြည်လေးစားမှုကိုလည်း အမြဲတစေရရှိနေမှာပါ။

အဆက်အသွယ် မပြတ်ပါစေနဲ့
ဒီနေ့ခေတ်မှာ ကမ္ဘာက ရွာအသွင် ကူးပြောင်းလာပြီဆိုတော့ ဘယ်နေရာရောက်ရောက် ဖုန်း၊ အင်တာနက် စတဲ့ ဆက်သွယ်ရေးစနစ်တွေနဲ့ ဆက်သွယ်လို့ ရနေပါပြီ။ ဒီခေတ်ထဲမှာ ချစ်သူတွေ ဝေးနေရင်တောင် အဆက်အသွယ်မပြတ် အသံလေးကြားနေနိုင်အောင်၊ အွန်လိုင်းကတစ်ဆင့် ရုပ်ကို မြင်တွေ့နေနိုင်အောင် တိုးတက်နေပါပြီ။ အဲဒီ နည်းပညာတွေကို အသုံးချပြီး ချစ်ခြင်းမေတ္တာကို တည်ဆောက်ပေးပါ။

လိုအပ်တာကို တတ်နိုင်သမျှဖြည့်ဆည်း ပေးပါ
သင့်ချစ်သူအတွက် အဝေးကနေ ကူညီပံ့ပိုး ပေးနိုင်တာမှန်သမျှပံ့ပိုးပေးပါ။ ဒါက သင့်အတွက် သူဟာ အရေးပါနေကြောင်း ဂရုစိုက်တဲ့ သင်္ကေတတစ်ရပ် ဖြစ်တာကြောင့်ပါ။ တစ်ခါတစ်ရံ ချစ်ကြောင်း၊ သတိရကြောင်း ပြောတာတွေကလည်း ထိရောက်မှုရှိပါတယ်။

အနာဂတ်အကြောင်း ဆွေးနွေးပါ
သင့်အနေနဲ့သင့်ချစ်သူနဲ့အတူ တည်ဆောက်မယ့် အနာဂတ်ဘဝလေးအကြောင်းကို မကြာခဏ တိုင်ပင်ဆွေးနွေးပါ။ ဒါပေမဲ့ သင့်ချစ်သူအပေါ် မတင်းကျပ်ပါနဲ့။ တစ်ယောက်နဲ့တစ်ယောက် မယုံကြည်တာတွေ၊ သဝန်တိုတာတွေ မလုပ်ပါနဲ့။ အဝေးမှာရှိနေရင်တောင် တစ်ဦးအပေါ်တစ်ဦး ယုံကြည်တန်ဖိုးထားပြီး ယုံကြည်တန်ဖိုးထားကြောင်းကိုလည်း သိအောင် ပြောပြပါ။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top