Healthy Life Ad
Life Style

မိုးနတ်မင်းကြီးကို ကြောက်တယ် . . .(၃)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး)

ဒီပြဿနာတွေကို ဘယ်ကစရှင်းရမလဲ၊ ကာကွယ်တာကို ဘယ်အဆင့်မှာစပြီး လုပ်ရမလဲ . . ဆေးရောင်းဆိုင်တွေကစပြီး ကိုင်တွယ်သင့်ပါတယ်။

ဒီလိုပိုးသတ်ဆေးတွေကို ဆေးဆိုင်တိုင်းမှာ စိတ်ကြိုက်ဝယ်သောက်နိုင်တဲ့၊ အထိန်းအကွပ်မရှိဘဲ သုံးခွင့်ရှိတဲ့ ကျွန်မတို့လို ဖွံ့ဖြိုးဆဲနိုင်ငံမှာ ဆေးရုံပြင်ပမှာကတည်းက ပိုးတွေဟာ ဆေးရုံပိုးတွေလို ဆေးယဉ်နေပြီး ဖြစ်ပါတယ်။ ဒီလိုအဆင့်မြင့်မားတဲ့ပိုးကြောင့် ဆေးရုံရောက်လာတဲ့ လူနာတွေကို ပိုမြင့်တဲ့ဆေးမသုံးရင် အသက်မရှင်နိုင်ပါဘူး။ ဒါကြောင့် ပိုးသတ်ဆေးစည်းကမ်းကို ဆေးရုံအတွင်းမှာကွက်ပြီး သတ်မှတ်မယ်၊ ကန့်သတ်မယ်၊ အဆင့်နိမ့်တဲ့ဆေးကိုပဲ စသုံးရမယ်ဆိုရင်လည်း သေဆုံးမှုနှုန်း၊ ရောဂါရှုပ်ထွေးမှုနှုန်းတွေ များလာနိုင်ပါတယ်။

ပိုးသတ်ဆေးကို မလိုရင် လုံးဝမသုံးဘဲ တကယ်လိုရင်လည်း ထိရောက်တဲ့ဆေးကို မှန်ကန်စွာရွေးချယ်နိုင်စေမယ့် လမ်းညွှန်တွေထားရှိဖို့ အရေးကြီးလှပါတယ်။ ဆေးရုံတွင်းသာမက ဆေးရုံပြင်ပ ဂျီပီဆေးပေးခန်းတွေမှာပါ လမ်းညွှန်ရှိမယ်၊ မိမိတိုင်းပြည်နဲ့ ပိုမိုဆီလျော်မယ့် လမ်းညွှန်တွေရှိမယ်၊ ဒီလမ်းညွှန်တွေအတိုင်း ကျင့်သုံးနိုင်မယ်၊ ကျင့်သုံးကြဖို့ တွန်းအားပေးနိုင်မယ်ဆိုရင် ဒီပြဿနာတွေ လျော့ကျသွားမှာဖြစ်ပါတယ် …

ဒါ့အပြင် ဆေးရုံတက်ရက်ရှည်တာကြောင့် တစ်နည်းအားဖြင့် ငွေကုန်လူပမ်းဖြစ်စေပြန်ပါတယ်။ အားလုံး ကွင်းဆက်သဖွယ်ဆက်စပ်နေပါတယ်။ ဒါကြောင့် ပိုးသတ်ဆေးကို မလိုရင် လုံးဝမသုံးဘဲ တကယ်လိုရင်လည်း ထိရောက်တဲ့ဆေးကို မှန်ကန်စွာရွေးချယ်နိုင်စေမယ့် လမ်းညွှန်တွေထားရှိဖို့ အရေးကြီးလှပါတယ်။ ဆေးရုံတွင်းသာမက ဆေးရုံပြင်ပ ဂျီပီဆေးပေးခန်းတွေမှာပါ လမ်းညွှန်ရှိမယ်၊ မိမိတိုင်းပြည်နဲ့ ပိုမို ဆီလျော်မယ့် လမ်းညွှန်တွေရှိမယ်၊ ဒီလမ်းညွှန်တွေအတိုင်း ကျင့်သုံးနိုင်မယ်၊ ကျင့်သုံးကြဖို့ တွန်းအားပေးနိုင်မယ်ဆိုရင် ဒီပြဿနာတွေ လျော့ကျသွားမှာဖြစ်ပါတယ်။ ဒီနေရာမှာအရေးကြီးတဲ့ ကဏ္ဍမှာပါတဲ့ လုပ်ဆောင်ချက်ကတော့ ပိုးမွေးပြီးမှ ဆေးကုတဲ့အလေ့အကျင့်ပါပဲ။ ဆေးရုံတွင်းမှာသာမက ဂျီပီဆရာဝန်အဆင့်တွေမှာပါ အားလုံးအကျုံးဝင်ပါတယ်။

လူနာတွေ ကုန်ကျစရိတ်နည်းစေလိုတဲ့ အကြောင်းပြချက်၊ ပိုးမွေးဖို့ ဆေးရုံက မစိုက်ထုတ်ပေးနိုင်တဲ့ အကြောင်းပြချက်တွေကြောင့် ဆရာဝန်တွေရဲ့ ဆေးလက်တွေ့ကုသမှုအလေ့အကျင့်မှာ ပိုးမွေးရမယ့်အဆင့်ကို မလုပ်ဖြစ်ဘဲ ပိုးသတ်ဆေးတစ်ခုခုစောပြီး စပေးလေ့ရှိကြပါတယ်။ ပိုးသတ်ဆေးပေးထားပြီးမှ ပိုးမွေးရင် ပိုးမပေါက်တော့ပါဘူး။ လမ်းပျောက်သွားသလို ကြာနေတတ်ပါတယ်။ ပိုးအဖြေသိရင် ဒီပိုးကို ဘယ်ဆေးနဲ့ အထိရောက်ဆုံး သတ်နိုင်သလဲဆိုတာ တိတိကျကျ ဆုံးဖြတ်နိုင်မယ်၊ နောက်ဆုံးရရှိမယ့် အကျိုးအမြတ်တွေနဲ့ နောက်ဆုံး စုစုပေါင်းစရိတ်တွေ နှိုင်းယှဉ်ရင် ဈေးကြီးတယ်လို့ထင်ရတဲ့ ပိုးမွေးစရိတ်က အဆပေါင်းများစွာသက်သာပြီး ပိုချွေတာရာရောက်ပါတယ်။

ဒါ့အပြင် ဒီပိုးအဖြေတွေကို စုပေါင်းပြီး လေ့လာလိုက်ရင် ပိုးသတ်ဆေးတွေ ကြိုတင်ခန့်မှန်းရာမှာလည်း များစွာအသုံးဝင်ပါတယ်။ ဒါကြောင့် ဒီဆူဒိုမိုးနတ်စ်ပိုးတွေကို နိုင်အောင် အောက်ခြေဆေးကုသမှုအဆင့်မှ ဆေးရုံအဆင့်အထိ အဘက်ဘက်က ပါဝင်ဖို့လိုပါတယ်။ ကျန်းမာရေးလုပ်သားတွေအဆင့်ကနေ အုပ်ချုပ်ရေးဝန်ကြီးအဆင့်အထိ အလေးထား ပြုပြင်ပေးဖို့လိုပါတယ်။ ဥပဒေ သတ်မှတ်ပေးဖို့ လိုပါတယ်။

ဥပမာ ပိုးသတ်ဆေးကြီးတွေကို ဆရာဝန်ညွှန်ကြားတဲ့ ညွှန်ကြားချက်မပါဘဲ ရောင်းခွင့် မပြုရဆိုတဲ့ ကန့်သတ်ချက်နဲ့အတူ အရေးယူတာကိုပါ လိုက်ပါဆောင်ရွက်နိုင်မှ အောင်မြင်မှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင် မယ့်သူတွေသီးသန့်ရှိရပါမယ်။ ဥပဒေထုတ်ထားပြီး အပြစ်မပေးရင် ဓလေ့ထုံးစံတစ်ခုလို ခေါက်ရိုးကျိုးနေပြီဖြစ်တဲ့ အလေ့အကျင့်တွေကို ပြောင်းလဲဖို့အလွန်ခက်ခဲပါမယ်။ လာပြောရင်တောင် အထူးအဆန်းသဖွယ်ဖြစ်လာပါမယ်။

“ငါတို့ တစ်သက်လုံး ဒီလိုပဲလုပ်နေတာ၊ အခုမှ ဘာတွေလာပြောနေတာလဲ”လို့တောင်ဖြစ်နေမှာ မလွဲပါ။ ဒါကြောင့် အားလုံးဝိုင်းဝန်းပါဝင်ပြီး ပြုပြင်မှသာ ဆူဒိုမိုးနတ်စ်ကဲ့သို့သော ဆေးယဉ်ပါးပိုးတွေ ဝင်ရောက်ခြင်း အန္တရာယ်လျော့ကျသွားမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top