Healthy Life Ad
Child

ကလေးဘဝမှာ ညီအစ်ကိုမောင်နှမ ပြိုင်ဆိုင်တာက ဘာကြောင့် ကောင်းမွန်တာလဲ

၊ မိုးမင်းထွန်း ၊

ညီအစ်ကိုမောင်နှမပြိုင်ဆိုင်မှုတွေဟာ မကောင်းတဲ့အပြုအမူတွေလို့သတ်မှတ်ကြပြီး အများစုက တားမြစ်ကြပါတယ်။ ဒီပြိုင်ဆိုင်မှုတွေဟာ ဖြစ်နေကျ လက္ခဏာဖြစ်ပြီး မိဘတွေကလည်း ပြဿနာမကြီးထွားလာအောင် အမြန်ဟန့်တားတတ်လေ့ရှိပါတယ်။ ဒီလိုဟန့်တားတာက အဖိုးမဖြတ်နိုင်တဲ့ လူမှုရေးဆိုင်ရာ အမူအကျင့်ကောင်းတွေရရှိဖို့အတွက် ကလေးတွေကို ပိတ်ပင်သလို ဖြစ်စေပါတယ်။

မွေးစကနေ ရင့်ကျက်ချိန်အထိ လူတွေက တဖြည်းဖြည်းသင်ယူလာခဲ့ရပါတယ်။ တဖြည်းဖြည်းသင်ယူမှုဖြစ်စဉ်မှာ လူတွေက အစပိုင်းမှာ တခြားလူတွေအပေါ် မှီခိုရပါတယ်။ တခြားလူတွေရဲ့ ချစ်ခင်စောင့်ရှောက်မှုဟာ လူတွေအသက်ရှင်ဖို့ လိုအပ်တဲ့အရာ ဖြစ်ပါတယ်။

ကလေးတစ်ယောက် မိသားစုထဲကို ရောက်ရှိလာချိန်မှာ ရှိနေပြီးသားကလေးအပေါ် ရိုက်ခတ်မှုရှိပြီး ပြိုင်ဆိုင်မှုဖြစ်ပေါ်စေပါတယ်။ ဒါဟာ သဘာဝအလျောက် တုန့်ပြန်မှုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ပြိုင်ဆိုင်မှုတွေကို မိဘတွေက အကျိုးရှိအောင်အသုံးချရမှာဖြစ်ပါတယ်။

ပထမအနေနဲ့ မိဘတွေက စံပြဖြစ်အောင် နေထိုင်ရပါမယ်။ ကလေးတွေအော်ဟစ်နေရင် ဆူငေါက်မယ့်အစား တည်တည်ငြိမ်ငြိမ် ကျိုးကြောင်းတကျ ကလေးတွေကို ချဉ်းကပ်ရပါမယ်။

အော်ဟစ်ခြင်းအစား စကားပုံမှန်ပြောခိုင်းပါ။ သူတို့က ငြင်းဆန်နေရင် ကလေးတွေကို တစ်နေရာစီ ခွဲထားပါ။ တင်းမာမှုပြေလျော့လာတဲ့အခါ တစ်ယောက်စီကို ဘာကြောင့် ဒေါသထွက်ရသလဲဆိုတာ ရှင်းပြခိုင်းပါ။

တစ်ယောက်ပြဿနာကို တစ်ယောက်က နားထောင်တတ်အောင် သင်ပြပေးပါ။ တစ်ယောက်ရဲ့ ခံစားချက်ကို တစ်ယောက်ကနားလည်တတ်အောင် သင်ပြပေးပါ။ ဒီနည်းလမ်းက ညှိနှိုင်းဆောင်ရွက်ခြင်းဆိုတဲ့ အဖိုးမဖြတ်နိုင်စရာအတွေ့အကြုံကို ကလေးတွေရရှိစေပါတယ်။

နောက်ထပ်အနေနဲ့ ဒီလိုအငြင်းပွားမှုမဖြစ်အောင် နည်းလမ်းသုံးခုကို သူတို့ကို စဉ်းစားခိုင်းပါ။ ဒါက ကလေးတွေ ဦးနှောက်သုံးပြီး ပြဿနာဖြေရှင်းတတ်စေပါတယ်။ ဒီလိုလုပ်ဆောင်ပေးတာက ကလေးတွေကို ဂရုတစိုက်နားထောင်တတ်စေဖို့နဲ့ သဘောမတူညီမှုရှိတဲ့တိုင်အောင် ရန်ဖက်ကို လေးစားတတ်တဲ့ အကျင့်ကောင်းကို ရရှိစေပါတယ်။

ဒီလိုအလေ့အကျင့်ကောင်းတွေဟာ နောက်ပိုင်းမှာ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့ စိတ်သဘောထား မတိုက်ဆိုင်မှုတွေကို ဖြေရှင်းရာမှာ အထောက်အကူဖြစ်စေမှာပါ။

အမှန်တော့ ရန်ဖြစ်နေတဲ့ကလေးနှစ်ယောက်ကို အော်ငေါက်လိုက်တာနဲ့စာရင် အခုနည်းလမ်းတွေက အချိန်ပေးရပြီး စိတ်ရှည်ဖို့လည်း လိုအပ်ပါတယ်။ ဒါပေမဲ့ ပြဿနာကိုဖြေရှင်းတဲ့စွမ်းရည်နဲ့ သဘောမတူညီမှုတွေကို ပူးပေါင်းဖြေရှင်းတတ်တဲ့ ယုံကြည်မှုတွေကိုတော့ ကလေးတွေကို ပေးအပ်နိုင်မှာတော့ မလွဲဧကန်ပဲဖြစ်ပါတယ်။

(Ref; HTW)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top